Friday 18 January 2019

၈ တန်းကျောင်းသူလေးကို ဖုန်းမက်ဆေ့ဖြင့် မဖွယ်မရာစာများပို့သည့် အတန်းပိုင်ဆရာကို အမှုဖွင့်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဟောင်လိတ် အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ၈ တန်းကျောင်းသူအား ဂုဏ်သိက္ခာ ထိခိုက်စေသည့်စာများကို ဖုန်းမက်ဆေ့ဖြင့် ပေးပို့ခဲ့သည့် အတန်းပိုင်ဆရာကို ဇန်​န၀ါရီ ၁၇ ရက် ည​နေ ၆ နာရီခန့်က ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က ပြောကြားသည်။

 
“အတန်းပိုင်ဆရာကိုတော့ စုံစမ်းနေဆဲပါ။ ဆရာကနေပြီး မနက်ဖြန်မှ နမ်းရှိုက်ခွင့်မရရင် ဆရာဘယ်လိုမှ မခံစားနိုင်ဘူးသမီး စတဲ့စာတွေ မက်ဆေ့ပို့လာတာကို သူ့အဖေကတွေ့လို့ အမှုဖွင့်တိုင်ကြားတာပါ။ ကျောင်းသူလေးက ၁၃ နှစ်ပဲရှိသေးတယ်”ဟု အမှုစစ်အရာရှိ ဒုရဲအုပ်မြင့်ကျော်က ရှင်းပြသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အတန်းပိုင်ဆရာ ဦးဇော်လတ်(၃၅ နှစ်ခန့်)ကို စုံစမ်းရှာဖွေနေပြီး (ပ) ၃၀/၂၀၁၉၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ – ၆၆(ဃ)ဖြင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။ ( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )

No comments:

Post a Comment