Saturday 30 January 2016

ခွပ်ဒေါင်းတွေ ရောက်ရှိလာတဲ့ ခြင်္သေ့နယ်မြေ

· ရေပုံးတွေ၊ အင်္ကျီချိတ်တွေထည့်ထားတဲ့ အဝတ်လျှော်ဇလုံကြီးကို ပခုံးထက်မှာထမ်းရင်း လက်တစ်ဖက်က တံမြက်စည်းကိုကိုင်ပြီး အသက် ၅၀ ကျော် အမျိုးသား အဖွဲ့ပေါ့ပေါ့ပါး ပါးလျှောက်လှမ်းလာကြပါတယ်။ ကော်ဇလုံထမ်းထားတဲ့ အမျိုးသား နည်းတူ တခြားအမျိုးသားကြီးတွေကလည်း အမှိုက်ကျုံးကော်ပြား၊ ရေပုံးတွေနဲ့ ဇလုံတွေကို ကိုင်သူကကိုင် ပိုက်သူကပိုက်နဲ့ စကားတွေပြောပြီး ရယ်ရယ်မောမောလျှောက်လှမ်းလာကြတယ်။ သူတို့တွေကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ လွှတ်တော်မှာ အမတ်တာဝန်ထမ်းဆောင်ကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ ဖြစ်ပါတယ်။ အမတ်အသစ်တွေအနေနဲ့ အခုလ ၂၅ ရက်နေ့ကတည်းက သူတို့တည်းခိုမယ့် စည်ပင် ဧည့်ရိပ်သာကို အလျှိုလျှိုရောက်လာကြတာပါ။ စည်ပင်ကိုရောက်လာတဲ့အမတ်တွေထဲမှာ တစ်ယောက်တည်းရောက်လာသူတွေလည်းရှိသလို မိသားစုလိုက်ရောက်လာကြသူတွေလည်း ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့က အမတ်တွေထဲမှာ အသက်ငယ်တဲ့ အမတ်အသစ် တွေ အများအပြားပါဝင်တာကြောင့် မိဘစုံညီနဲ့ ကိုယ်ပိုင်ကားကြီးတွေမာင်းပြီး ကလေး ငယ်ကို ကျောင်းပို့သလိုလိုက်ပို့ရင်း နေရေးစားရေးစီစဉ်ပေးနေကြသူတွေလည်း တွေ့ရပါတယ်။ နိုင်ငံအနှံ့အပြားကရောက်လာသူတွေဖြစ်တာကြောင့်တချို့ကလည်းဘာအဆောင်အယောင် မှမပါဘဲ သားရေဖိနပ်စီးပလတ်စတစ်နဲ့ချုပ်ထားတဲ့ ကာတွန်းအရုပ်အိတ်တွေကိုဆွဲရင်း ဧည့်ကြို ကောင်တာကပေးတဲ့ သော့နဲ့ကိုယ့်အခန်းကိုရှာခဲ့ရတဲ့ အမတ်အသစ်တွေကလည်း ရှိပါတယ်။ နီးစပ်ရာ အမတ်တွေအချင်းချင်းမိတ်ဖွဲ့ပြီး နေထိုင်ရမယ့် ပတ်ဝန်းကျင်လေ့လာရင်း သူတို့ရှေ့ ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေကို အစုလိုက်စတင်စီစဉ်နေကြပါတယ်။ အမတ်သစ်တွေအနေနဲ့ ၂၇ ရက်နေ့ကနေစပြီး လွှတ်တော်မှာ လေ့လာသူတွေအဖြစ် တက်ရောက်ကြပါတယ်။လေ့လာရေးလာကြသူတွေထဲမှာ အင်န်အယ်လ်ဒီပါတီဝင်တွေရာတိုင်းရင်း သားပါတီဝင်တွေရောပါဝင်ပါတယ်။ အမတ်သစ်တွေအနေနဲ့ ခမ်းနားလှတဲ့ လွှတ်တော်ကြီးကို ခြေချတာနဲ့ ခံစားချက်မျိုးစုံဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) အမျိုးသားလွှတ် တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ကျိန်ငိုက်မန်က ’လွှတ်တော်ထဲကို စခြေချလိုက်တော့ နိုင်ငံ ကွားခြားသွားသလို ခံစားလိုက်ရတယ်’ လို့ အမတ်သစ်အဖြစ်လွှတ်တော်ထဲကို ပထမဆုံး ရောက်လာချိန်ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပါတယ်။ လေ့လာသူအဖြစ် ရောက်လာကြတဲ့ အမတ်အသစ်တွေကို လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကို အမတ်အဟောင်းတွေက ရှင်းပြခဲ့ ကြပါတယ်။ လွှတ်တော်ထဲကို ရောက်တာနဲ့ မဲပေးတဲ့ ကတ်ထုတ်ပုံ၊ စက်ခလုတ်အသုံးပြုပုံနဲ့ မဲပေးပုံတွေကို လွှတ်တော်က ရှင်းပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မာန်အောင်က အနိုင်ရခဲ့သူအမတ်သစ်ဦးတင်နုက ’ထွေထွေထူးထူးခံစားချက် တော့မဖြစ်ပေမဲ့ လွှတ်တော်ထဲရောက်လိုက်တော့အင်န်အယ်လ်ဒီအမတ်တွေကြီး ပဲဖြစ်နေတော့ ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်ခဲ့ပြီလို့ ခံစားမိတယ်’ လို့ သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။ တိုင်းရင်းသားပါတီတွေထဲမှာ ရွေးချယ်ခံရတဲ့အမတ်အများဆုံးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့ဖြစ်ပြီး ကျန်တိုင်းရင်းသားပါတီကတော့ လူနည်းစုသာ ပါဝင်ကြပါတယ်။ ‘ဒေသအခွင့်အရေးကို ဘယ်လိုကာကွယ်မလဲ၊ တိုင်းရင်းသားတွေရဲ့ အားနည်းနေတဲ့ ရပိုင်ခွင့်တွေကိုရအောင်လုပ်ပေးနိုင်မယ့် ဥပဒေတွေဖြစ်ပေါ်လာရေး ဆောင်ရွက်မယ်’ လို့ ရခိုင် အမျိုးသားပါတီမှ အမတ်သစ်ဦးလှထွန်းကျော်က ဆိုပါတယ်။ တက်ကြွအားမာန် လေ့လာရေးလာကြတဲ့ အမတ်သစ်တွေက တက်ကြွနေကြသလို အမတ်အဟောင်းတွေ ကလည်း သူတို့ပါတီက အမတ်တွေသိထားသင့်တာတွေကို လွှတ်တော်တွင်း လိုက်လံရှင်းပြ နေကြပါတယ်။ လွှတ်တော်တွင်းက အမတ်တွေထဲမှာ လူနည်းစုတိုင်းရင်းသားတွေပါဝင်သလို အနိုင်ရပါတီအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ရှေ့ဆက်ကြရမှာ ဖြစ်ပါတယ်။ အနိုင်ရ ပါတီရဲ့မူဝါဒထဲမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပါဝင်ပါတယ်။ ဒါကို အကောင်အထည် ဖော်ဖို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာတွေကို တိုင်းရင်းသားပါတီတွေနဲ့ ယခင်အာဏာရပါတီက ပါဝင်သင့်သူတွေကို ထည့်သွင်းလျာထားတယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အများစုပါဝင်ခွင့်ရတဲ့ ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ဦးအေး သာအောင်ကို အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် လျာထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါ တယ်။ သည်အပေါ်ကျောက်ဖြူမဲဆန္ဒနယ်အမတ် ဦးဘရှင်က ’ပါတီအတွက် ဂုဏ်တော့ ရှိသွား တာပေါ့၊ အနှစ်သာရကတော့ အများကြီးပြောင်းလဲစရာမရှိဘူး’ လို့ သုံးသပ်ပါတယ်။ လွှတ်တော်ထဲမှာတော့ အမတ်တွေက ပါတီရဲ့မူဝါဒအတိုင်းသာ ဆောင်ရွက်ကြမှာ ဖြစ်ပါ တယ်။ အနိုင်ရပါတီအမတ်တွေထဲမှာတော့ ပါတီမူဝါဒအတိုင်းဆောင်ရွက်မယ်ဆိုပေမဲ့ မဲဆန္ဒ နယ်နဲ့ အဆက်မပြတ်ဘဲ နယ်မြေဆင်းပြီး လူထုလိုအပ်ချက်လေ့လာကာ ပြည်ထောင် စုအဆင့်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းအကောင်အထည်ဖော်ရေးကို ဦးစားပေးဆောင်ရွက်မယ့် ကိုယ်စားလှယ်တွေလည်း ရှိနေပါတယ်။ လက်ရှိအမတ်ဖြစ်သူ ကျောက်ဖြူမဲဆန္ဒနယ်အမတ် ဦး ဘရှင်က ‘တို့လာတုန်းက လမ်းတောင်ရှိတာမဟုတ်ဘူး၊ ခုလမ်းပေါက်နေပြီပဲ၊ ဘာဖြစ်မယ်မှန်း မသိဘဲ တို့တွေတုန်းကစခဲ့တာ’လို့ ဆိုပါတယ်။ အမတ်အသစ်တွေက ရည်ရွယ်ချက်တွေနဲ့ တက်ကြွမှုတွေရှိနေသလို အမတ်အဟောင်း တွေကလည်း တာဝန်ကျေရမယ်ဆိုတဲ့ အတွေးတွေနဲ့ တာဝန်နောက်ဆုံးရက်အထိ ဥပဒေတွေကို ဆွေးနွေးလျက်ရှိကြပါတယ်။ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေထဲမှာလည်း ဒုတိယအကြိမ်လွှတ်တော် မှာ ပြန်မပါတော့တဲ့ အရာရှိကြီးတွေ ရှိပါတယ်။ ‘ပြန်မပါရတော့ ခေါင်းခဲသက်သာသွားပြီပေါ့’ လို့ တပ်မတော်သားအရာရှိကြီးတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီမိုကရေစီသက်တမ်းမှာ အစိုးရနဲ့ လွှတ်တော်ကို အပြန် အလှန်ထိန်း ကျောင်းမှုကို အာဏာရပါတီတစ်ခုတည်းကလုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေရှိခဲ့ပါတယ်။အခုသက်တမ်းမှာလည်း အနိုင်ရပါတီဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီ တစ်ခုတည်း ကအပြန်အလှန်ထိန်းကျောင်းရမှာမို့ သည်လုပ်ဆောင်မှုအပေါ် စောင့်ကြည့်ဝေဖန်ရင်း လွှတ်တော်ပြင်ပက ထိန်း ကျောင်းမယ့် အမတ် အဟောင်းတွေလည်း ရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအမတ်တွေအနေနဲ့ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံ မရှိသူတွေများတာကြောင့် လူထုမျှော်လင့်ချက်နဲ့ကိုက်ညီအောင်အကောင်အထည် ဖော်ဆောင် ပေးနိုင်မှုကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအမတ်တွေအားလုံးစည်ပင်ဧည့်ရိပ်သာမှာ နေထိုင်ကြ ရတာ ဖြစ်ပါတယ်။ စည်ပင်ဧည့်ရိပ်သာမှာနေထိုင်တဲ့ အင်န်အယ်လ်ဒီအမတ်က ပြည်သူ့ လွှတ်တော်အမတ် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၁၃၈ ဦး ရှိပါတယ်။ ကြံ့ခိုင်ရေးပါတီဝင် အမတ်တွေကတော့ ယခင်လွှတ်တော်သက်တမ်းကတည်းက သူတို့ပါတီဌာနချုပ်အဆောက်အအုံမှာ နေထိုင်ခဲ့ကြတာကြောင့် ယခုလွှတ်တော်ကိုယ် စားလှယ် ၄၀ ခန့်ကလည်း မူလနေရာမှာပဲ နေထိုင်ကြ မှာ ဖြစ်ပါတယ်။ ယခင်က တိုင်းရင်းသားပါတီကအမတ်တွေနဲ့ အင်န်အယ်လ်ဒီအမတ်တချို့သာ နေထိုင် တဲ့ ဧည့်ရိပ်သာမှာ ယခုတော့ အင်န်အယ်လ်ဒီအမတ်အများစုနေထိုင် ကြရတော့မှာပါ။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ရုံးစိုက်ရာ အရပ်တွေမှာလည်း အင်န်အယ်လ်ဒီပါတီကသာ နေရာပြည့်ယူကြဦးမှာ ဖြစ်ပါတယ်။ ဧည့်ရိပ်သာမှာ နေထိုင်သူအမတ်တွေအနေနဲ့ကားရှိသူက ကားတွေနဲ့ ကားမရှိသူက လမ်းလျှောက်ကာ အနီးအနားရှိ ရွှေကြာပင်ဈေးမှာ လိုအပ်တာတွေဝယ်ယူကြရင်း သူတို့ရဲ့ နေရာသစ်အတွက် ပြင်ဆင်နေကြပါတယ်။ အဝတ်လျှော်ဇလုံတွေနဲ့အမျိုးသားတစ်စုကတော့သူတို့ရဲ့ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေကို မျှော်လင့်ရင်း စည်ပင်ဧည့်ရိပ်သာက သူတို့ရဲ့ အခန်းတွေကိုကိုယ်စီ လျှောက်လှမ်းသွား ကြပါတယ်။ Author ချိုဇင်မာဝင့် Kumudra

Friday 29 January 2016

လှပစွာ မှောက်ထားတဲ့ ဖဲလေး တစ်ချပ်...

· မိန်းမတန်မဲ့ ဖဲသမားစကားပြောတယ်လို့ဆိုရင်လည်း ခွင့်လွတ်ပေးဖို့ ကြိုတင်တောင်းပန်ပါရစေ။ မြန်မာနိုင်ငံရေး အကြောင်းအပြန်ပြန် အလှန်လှန် စဉ်းစားရင်း အပွင့်တွေကိုချန်ထားလို့မရလို့ပါ။ နိုင်ငံရေးဆုတ်ကွက် ၊ တက်ကွက်တွေက ရှိုးဝိုင်းကြီးနဲ့ တူလွန်းလို့။ အပွင့်ကြီးရင် ပါဝါကြီးတယ်။ အပွင့်သေးသူကို ဆွဲစားပစ်လိုက်လို့ရတယ်လေ။ကိုယ့်အတွက် အပွင့်ကြီးလာစရာ မမြင်ရတော့ ဆက်မလိုက်နဲ့တော့။ လိမ်မာ ပါးနပ် စွာ ကစားတတ်ရင် အရှုံး သက်သာမယ်၊ မလိမ်မာရင်တော့ အရှုံး ကြမ်းမယ်။ ဒါသဘာဝပဲ၊ စာဖတ်သူများ နားကလောထားဖူးကြတဲ့အတိုင်း ၂ဝ၁၄ ခုနှစ်လောက်ကတည်းက ကြားခဲ့ရတဲ့ အပွင့်တွေရဲ့ ရာဇဝင်ဆိုပါတော့၊ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ကြရအောင် ၊ တိုင်းပြည်အတွက် ဆွေးနွေးကြရအောင်။ သူ့ခမျာ ပြည်သူလူထု အတွက် အောက်ကျို့တွေပါရစေ တစာစာပြောရှာတယ်။ သမ္မတကြီးရယ် ၊ ကာချုပ်ရယ် ၊ သူရဦးရွှေမန်းရယ်၊ ဒေါ်အောင်ဆန်းစုကြည် လေးယောက်၊ လေးပွင့်ဆိုင်။။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကြီး သူရ ဦးရွှေမန်းကတော့ ထောက်ခံတယ်။ ဟုတ်တယ်တွေ့သင့်တယ်။ သူ့ဘက်ကတော့ တွေ့ဖို့ အသင့်ပါပဲလို့ လူသိရှင်ကြား အကြောင်းပြန်တယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ တုတ်တုတ်မှ မလှုပ်။ ပြန်ဝန်က တစ်ဆင့် မီဒီယာကိုပြောတယ်။ တစ်နိုင်ငံလုံးကိတ်စမို့ လေးပွင့်ကနည်းသတဲ့။ ပြည်သူကိုကိုယ်စားမပြုဘူးဆိုဘဲ။ ဒါပေမဲ့ လွှတ်တော်မှာ အဆိုတင်သူက တင်နဲ့ မဲခွဲဆုံးဖြတ်ကြတော့ ခြောက်ပွင့်တဲ့။ ခြောက်ယောက်တွေ့မယ်တဲ့။ နှစ်ယောက်ထပ်တိုးလားတယ်။အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နဲ့ တိုင်းရင်းသားကိုယ်စားပြုတစ်ဦး။အိုကေ။ဒေါ်အောင်ဆန်းစုကြည်ကရတယ် တွေ့မယ်။ မြန်မြန်တွေ့ဆုံဆွေးနွေးလေ တိုင်းပြည်တွက် မြန်မြန်ကောင်းလေတဲ့ပြောရှာတယ်။ ဝမ်းနည်းစရာကောင်းလေစွ။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမတနဲ့ ကာချုပ်က အရေးမလုပ်။ နေ့ရွှေ့ ညရွေ့ ၊ တောင်ပြောတောင်ပြောတွေ ပြောခဲ့ကြတာ တစ်ပြည်လုံး ၊ တစ်ကမ္ဘာလုံးအသိ။ တွေ့မယ့်တွေ့တော့ ၂၃ ပွင့်ဗျာ။ ဘာအဖြေမှလဲမထွက်။ ထွက်မလား၊ သတင်းတွေထဲတွေ့ရတဲ့ ဓာတ်ပုံတွေကြည့်လေ၊ တစ်ယောက်နဲ့ တစ်ယောက် ပေးထားတဲ့အချိန်နဲ့ ကွက်တိ၊ ဘာစကားပြောပြီး ဘယ်လိုတိုင်ပင်ဆွေးနွေးလို့ရမှာလဲ။ ရုပ်ပြကောင်းရုံလုပ်တာပြောပါတယ်။ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာတွေက လက်ဖျားခါရလောက်အောင်ကို အထင်းသားမြင်လိုက်ရတာပါပဲ။... ရွေးကောင်ပွဲမတိုင်ခင်ကာလဆိုတော့ ကျောထောက်နောက်ခံပြုထားတဲ့ စစ်တပ်ကြီးနဲ့ မှတ်တမ်းစာအုပ်ထဲက ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ အင်းအားကို အားကိုတယ်ထင်ပါရဲ့။အောက်ခြေက အင်ထုပြီး တင်လာတဲ့စရင်းတွေအရ အင်န်အယ်လ်ဒီထက် ပါတီဝင်အင်အား၊ ငွေကြေးအင်အား၊ အာဏာပါဝါအင်အား အစစအရာရာသာနေတော့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံတာ သိပ်အထင်မကြီးတာလည်းတစ်ကြောင်းပေါ့။ကမ္ဘာကို ရုပ်ပြကောင်းအောင် အဖြစ်သဘောလေး ခြောက်ပွင့်တွေ့တယ် ၊ တွေ့တယ်ဆိုရုံမည်ကာမတ။ ထိုင်ခုံတွေ ခင်းထားတာများ အခန်းကျယ်ကြီးထဲမှာ ဝါးတစ်ပြန်လောက်အကွာအဝေးရှိမယ်။ လုပ်ပုံပြောပါတယ်။ ပြီးတော့ ဘာခေါင်းစဉ်မှ မဆွေးနွေးဘဲ အဆင်သင့်ပြင်မလာဘူးဆိုပြီး ထပြန်ကြတယ်။ အဲဒီလိုနဲ့ အပွင့်တွေနဲ့ ဒေါင်ချာစိုင်းနေတဲ့ ဖဲဝိုင်းနိုင်ငံရေးကြီး ရွေးကောက်ပွဲဆီရောက်သွားရောဆိုပါတော့။ သူတို့ စိတ်ကြိုက် ကုလားဖန်ထိုးထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကြီး အောက်မှာ အင်န်အယ်လ်ဒီ ဘယ်လိုမှ မဲမပြတ်နိုင်ဘူးလို့ တွက်ထားပုံရပါလိမ့်မယ်။ ဘယ်နှစ်ကြိမ်ပြင်လို့မှ မှန်မလာတဲ့ မဲစရင်းကို ကပ်တယ်။ ပြည်သူကို စိတ်ပျက်အောင်လုပ်တာလေ။ တကယ်လည်း ပြည်သူက စိတ်ပျက်နေတာပါ။ ဒါပေမယ့် ရွေးကော်ကြီး ရဲ့ မဲစရင်းတွေ ၇ဝ ရာခိုင်နှုန်းမှားနေတာဆိုတာရယ်။ အမတ်ဦးလှဆွေရဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရပြီးသားမို့ ၂၆ ရာခိုင်နှုန်း နိုင်ရင် အစိုးရဖွဲ့လို့ရပြီဆိုတဲ့ စကားတွေဟာ ပြည်သူလူထု တစ်ရပ်လုံးကို တပ်လှန့်လိုက်တာပါပဲ။ ပြည်သူက ဒင်းတို့သာအစိုးရထပ်လုပ်၇င် တို့တစ်တွေ ကိုယ်ကျိုးနည်းရချည်ရဲ့ဆိုပြီး မဲစရင်းတွေပါတာ မပါတာနဲ့ မှန်မမှန် အသည်းအသန်စစ်ကြပါလေရော။ စိတ်ရှည်လက်ရှည် မဲပေးခွင့် မဆုံးရှုံးအောင် ဂရုစိုက်ကြတယ်။ နိုင်ငံခြားရောက် မြန်မာတွေ သံရုံးရှေ့ ညအိပ်စောင့် ၊ တန်းစီစောင့်ရင်း မဲပေးတဲ့ ပုံတွေက အင်တာနက်စာမျက်နှာမှာ ပလူပျံနေလေတော့ အားကျမခံ မဲပေးတဲ့နေ့မှာ ဝေလီဝေလင်းမဲရုံမဖွင့်ခင်ကတည်းက မဲရုံအပေါက်မှာတန်းစီစောင့်ပြီး အုတ်အော်သောင်းတင်း အင်န်အယ်လ်ဒီကို မဲထည့်ခဲ့ကြတယ်.။ အဲဒီလောက် နိုင်ငံအနာဂတ်အတွက် အသိအမြင်နိုးကြားစွာ ရွေးချယ်ခဲ့တာတောင် စစ်တပ်အင်အားတောင့်တင်းတဲ့ မြို့တွေမှာ ရှူံးခဲု့သေးတယ်။ ၁၉၉ဝ ပြည့်နှစ်ကတည်းက မြန်မာပြည်သူတွေ ဒီမိုကရေစီလိုချင်ဇောပြင်းခဲ့တယ်ဆိုတာ ၂ဝ၁၅ မှာပါ ထပ်ပြီး သက်သေပြလိုက်ခြင်းပါဘဲ။ ဒီအက်စ်အေကျောင်းဆင်းဆို အကုန်တတ်တယ်ဆိုတဲ့ လွဲမှားနေတဲ့ မာနကို ပြည်သူက မီးမောင်းထိုးပြလိုက်တယ်။လက်ရှိအာဏာရပါတီ၊ အာဏာရှိတဲ့အစိုးရ၊ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အကျောပေးထားရသေးတယ်။ ဒီလောက်အားသာချက်တွေများနေပါရဲ့နဲ့ ဘာကြောင့် ရှုံးသလဲ။ ပြည်သူမထောက်ခံလို့ ရှင်းပါတယ်။ ပြည်သူ့ ဆနမှန်သမျှ ဥပေက္ခာ့ပြုတဲ့ဘယ်သူ့ကိုမဆို ပြည်သူကလည်း ဂရုမစိုက်တာ သဘာဝပဲ။ စေတနာဆိုတာ ရောင်ပြန်ဟပ်တဲ့ သဘောရှိတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက စစ်တိုက်တာ နိုင်ငံရေးမဟုတ်ဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သက်သေပြသွားတယ်။နိုင်ငံေ၇းဆိုတာ ဘယ်လိုသိမ်မွေ့နက်နဲပြီး ဘယ်လောက် ပရိယာယ်ကြွယ်ရတယ်ဆိုတာ လှလှပပလေးချပြသွားတာပဲ။တစ်ကမ္ဘာ့ ထိပ်တန်း oxford university မှာ political science ဘာသာရပ်ကို မာစတာရထားတဲ့ နိုင်ငံရေးမျိုးရိုးက ဆင်းသက်လာသူ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ စစ်ခေါင်းဆောင်တွေက အချဉ်လို့ထင်ထားတာကိုး။အကြီးအကျယ်မှားတာပါပဲ။ နှစ် ၂ဝ ကျော် ဘာအပြစ်မှ မရှိဘဲ ထောင်ချခံထားရတဲ့ ကာလတွေဟာ ပြည်သူ့မေတာတွေ၊ ဂရုဏာတွေ၊ အကြင်နာတွေကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း သိမ်းပိုက်ခွင့်ရသွားတာပါပဲ။။။စစ်ခေါင်းဆောင်တွေအလိုလို လူကြမ်းဘဝရောက်သွားတယ်။ဘာတတ်နိုင်သေးလဲ တူသောအကျိုးပေးတာ။ ၂ဝဝ၈ ခြေဥကြီးဟာ သူတို့အတွက် ဂျိုကာကြီးမို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှ အစိုးရမဖြစ်တော့ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ လွှတ်တော်ထဲဝင်ခွင့်ပြုလိုက်တယ်။ ကစားဝိုင်းထဲ ဝင်ထိုင်ခွင့်ရပြီဆိုတာနဲ့ သူကိုင်ထားတဲ့ ဖဲတွေထဲက အသေးဆုံး တစ်ချပ်ကို ချပြလိုက်တယ်။ "ကျွန်မ သမ္မတဖြစ်ချင်တယ်" တဲ့။ဒီအပွင့်လောက်တော့ ဘောင်းဘီချွတ်အဖွဲ့က ရင်မခုန်ဘူးလေ။ ၅၉(စ) ကို ပြင်လို့ မရအောင်ကာထားပြီးသား။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တကယ်လူထုကို အသိပေးလိုက်တာက ၄၃၆ ပြင်ဆင်ရေး၊ ဒါကြီးကို ပြင်နိုင်မှ ကျန်တာအကုန်ပြင်လို့ လွယ်သွားမယ်။ နာဂစ်ဥပဒေကိုပြင်ဖို့ ဆိုရင် အရင်ဦးဆုံးပြင်ရမှာက ပုဒ်မ(၄၃၆) ဆိုတာလူထုနားလည် ရှင်းလင်းအောင်ချပြနိုင်လိုက်တာ အမြတ်။ နိုင်ငံရေး အမြတ် ဘယ်လောက်မြတ်သလဲ၊ ပြည်သူ ငါးသန်းလက်မှတ်ထိုးပြီး ပြင်ဖို့ လွှတ်တော်တင်တဲ့အထိ။ ပြည်သူ့ ဆနကို ကျောခိုင်းပြီး ၄၃၆နဲ့ ၅၉(စ) ကိုလုံးဝ မပြင်ဖို့ ကန့်ကွက်တဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ၊ သူတို့ ကန့်ကွက်တာ အောင်မြင်ပြီး ပြည်သူ့ ဆနအရေးနိမ့်သွားတာကို လက်ခုပ်လက်ဝါးတီးလို့ အောင်ပွဲခံရဲတဲ့ ပြည်ချစ်တပ်မတော်ကြီးကိုလည်း ပြည်သူမြင်အောင် ပြနိုင်ခဲ့တယ်။ နောက်တစ်ချပ် ထပ်ချလိုက်ပြန်ပြီ "သမ္မတအထက်မှာ ကျွန်မရှိမယ်" တဲ့။။။ အရမ်းလှတဲ့ ကစားကွက်ပါပဲ။ ၅၉(စ) ကို မပြင်နိုင်လို့ ပြည်သူတွေ စိတ်ဓာတ်ကျစရာမလိုပါဘူး။ NLD ကို အစိုးရဖွဲ့နိုင်အောင်မဲပေးပါ။ ဒီအစိုးရအဖွဲ့ကို ကျွန်မ ဦးဆောင်ပါမယ်။ ဒီစကားဟာ လက်ရှိစစ်ခေါင်းဆောင်တွေ အုပ်စုကို အနားမှာ မိုင်းဗုံးတစ်လုံးကျကွဲသလို အထိတ်အလန့်ဖြစ်သွားစေရုံမက တစ်ကမ္ဘာလုံးကျော်သွားပါတော့တယ်။ :::... I'll be above the president ...::: ရွေးကောက်ပွဲ ရလဒ်တွေ သေချာသလောက်ရှိတဲ့ အချိန်မှာ တစ်ချိန်က မတူသလို မတန်သလို လုပ်နေသူတွေကို လေးပွင့်ဆိုင်တွေ့ရအောင်ဆိုပြီးတောင်းဆိုလိုက်ပြန်ပါတယ်။ချပြထားပြီးသား နှစ်ချပ်ကို သူ့ပါဝါဒါအကုန်ပဲလို့ ခပ်တုံးတုံးတွေးသူက ရှိသေးတယ်ထင်ပါရဲ့။ အနိုင်ရပါတီ ဥက္ကဋ္ဌကို ဂရုမစိုက်တဲ့ အထာနဲ့ ရွေးကောက်ပွဲ ဝင်သမျှ ပါတီ ၉ဝ ကျော်ကို တော့ ဖိတ်ပြီးတွေ့တယ်။ ဘာမှလဲ အရာမရောက်။ နိုင်ငံရေး သိပံပညာရပ်ကို နှံ့စပ်ကျွမ်းကျင်စွာ လူထုခေါင်းဆောင်က မြန်မာနိုင်ငံမှာ သံရုံးစိုက်သမျှ ကမ္ဘာ့ နိုင်ငံအသီးသီးက သံအမတ်တွေ အကုန်လုံးခေါ်တွေ့ပြီး အနိုင်ရပါတီ ဥက္ကဋ္ဌ ရဲ့ ပါဝါကို ချပြလိုက်တယ်။ ညင်သာစွာ အာဏာလွှဲပြောင်းရေး အတွက် ကမ္ဘာကို သက်သေထူလိုက်တဲ့ အကွက်။ မှောက်ထားတဲ့ ဖဲချပ်တွေကို တစ်ချပ်ချင်းချပြအပြီးမှာတော့ စာဖတ်နေသူကြီး ထိုင်မနေနိုင်တော့ပါဘူး။ အမေစု ရှိုးထားတဲ့အကွက်ကို သူဖြုံစပြုလာပါပြီ။ ကမ္ဘာ့ နိုင်ငံရေးကို ကျွမ်းကျင်ပိုင်နိုင်ထားသူနဲ့ မြန်မာပြည်တွင်းမှာဘဲ ဗိုလ်ကျရဲသူတို့ရဲ့ နှလုံးရည် တိုက်ပွဲဟာ ကြာလေလက်ရည်ကွာလေပါပဲ။ အမေစု လက်ထဲမှာရှိနေတဲ့ အပွင့်တွေထဲမှာ ပါဝါအကြီးဆုံး ပြည်သူဆို တဲ့အပွင့်ပါ။ ဘယ်သူတွေနဲ့ အစိုးရဖွဲ့ပြီး ၊ အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတဟာ ဘယ်သူဖြစ်လေမလဲ။ ဖဲလေးတစ်ချပ်မှောက်ထားပါသေးတယ်။ပွဲသိမ်းလေး တစ်ချပ်ဆိုပါတော့။ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ "အချိန်တန်ရင် ပြောပါ့မယ်" အခုဘာလို့မပြောတာလဲဆိုတော့ " မပြောချင်သေးလို့" တဲ့။ သံမဏိ ဦးဝင်းထိန်ဆီကလည်း တစ်စွန်းတစ်စတောင် မသိလိုက်ရဘူး။ ကမ္ဘာ့ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေ၊ အာဏာရှင်တွေ၊ ခရိုနီတွေ၊ မီဒီယာတွေ၊ ပြည်သူတွေ အားလုံးစိတ်ဝင်စားစွာ နားစွင့်နေကြတယ်။။ မှောက်ထားတဲ့ ဖဲချပ်တွေ တစ်ချပ်ပြီး တစ်ချပ် ချပြအပြီး တစ်ချပ်တည်းသော ဖဲချပ် ကျန်နေပါတယ်။။။လှပစွာ မှောက်ထားတဲ့ ဖဲလေးတစ်ချပ်၊ တစ်ဝိုင်းလုံးကို သိမ်းပိုက်မယ့် ဖဲလေးတစ်ချပ် ဘယ်သူမှ မမြင်ရလို့ ပိုစိတ်ဝင်စားနေကြလေရဲ့။ အချိန်ရယ် မြန်မြန်ရောက်ပါတော့ ။။။။။ စံတော်ချိန် ဂျာနယ်တွင် ဖော်ပြခံရသော စာရေးသူ : ဂျေလှသင် ရဲ့ ဆောင်းပါအား စာပြန်ရိုက် ကူးယူဖော်ပြသည်.. ။ ဖတ်စေချင်လို့ မအားတဲ့ ကြားကနေ ရိုက်လာပေးတာပါ.. မကြိုက် လျှင် ကျော်သွားလို့ ရသည်.. အမြင်ချင်းမတူ ရန်သူ လို့ သတ်မှတ်ထားသူများ unfri ( or ) Block သွားနိုင်သည်။ မကြိုက် ခွင့် ရှိသည်.... ဝေဖန်ပိုင်ခွင့် ရှိသည်.... မထောက်ခံခွင့် လည်း ရှိသည်... သို့ပေမယ့် လူပီသ တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ စော်ကား ပိုင်ခွင့် မရှိဘုး။။။။။ အထူးလေးစားလျက် Myat Hein Khant

Thursday 28 January 2016

လွှတ်တော်အကြီးအကဲ ရွေးချယ်မှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ရက်ပိုင်းအတွင်း စတင်မယ့် လွှတ်တော်အသစ်မှာ ဦးဆောင်ဖို့ လျာထားတဲ့ လွှတ်တော်အကြီးအကဲ လေးဦးစာရင်းကို ထုတ်ပြန်ခဲ့တဲ့အပေါ် တိုင်းရင်းသားနိုင်ငံရေးသမားတွေက ကြိုဆိုလိုက်ကြပါတယ်။ စာရင်းထဲမှာ အဖွဲ့ချုပ်ကသာမကဘဲ လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်း ရင်းသားပါတီတွေက ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဗမာတိုင်းရင်းသား (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ကချင်တိုင်းရင်းသား (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ကရင်တိုင်းရင်းသား (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဟာ ရခိုင်တိုင်းရင်းသား (ရခိုင်အမျိုးသားပါတီ) တို့က ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် ဒုတိယအကြိမ်လွှတ်တော်မှာ တာဝန်ထမ်းဆောင် ကြမယ့် အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို အမှာစကားပြောရင်းနဲ့ အမည်စာရင်းပြောသွားတာလို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်က ပြောပါတယ်။ “လွှတ်တော်တာဝန်တွေထမ်းဆောင်ရင်းနဲ့ တိုင်းပြည်တာဝန်ကို ပြည်သူလူထုမျှော်မှန်း သလို ထမ်းဆောင်နိုင်အောင်လို့ အဲ့လိုပြောရင်းနဲ့ အတည်ပြုတာကတော့ ပြည်သူလွှတ်တော် ဥက္ကဋ္ဌကတော့ ဦးဝင်းမြင့် ဒုတိယဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီက ဦးတီခွန်မြတ်၊ နောက်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြတော့ အန်အယ်လ်ဒီကပဲ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း၊ သူက အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်မြေး၊ ရခိုင်က ဦးအေးသာအောင်က ဒုတိယဥက္ကဋ္ဌ၊ အဲ့ဒါကို အတည်ပြုလိုက်ပါပြီ။ အခုကတော့ သူတို့ဆီကလက်ခံတဲ့ သဘောတူညီချက် ရသွားပါပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ လျာထားစာရင်းနဲ့ပတ်သက်လို့ မေးမြန်းချက်ကိုတော့ စောင့်ဆိုင်းကြပါလို့သာ ရယ်မောဖြေဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေကို အဓိကမှာကြားတာနဲ့ပတ်သက်လို့ ဦးဝင်းထိန်က “အဓိကက ကြိုးစားဖို့၊ ပြည်သူလူထုကမျှော်လင့်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ရွေးချယ်တဲ့အခါမှာ ပြည်သူလူထုရဲ့မျှော်လင့်ချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့အရည်အချင်းပေါ်မှာတည်တယ်။ ဒါကြောင့်မို့ ကြိုးစားကြပါ၊ စည်းကမ်းရှိကြပါ၊ အများပြည်သူက အထင်သေးမယ့်၊ အမြင်သေးမယ့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ ဆင်ခြင်ကြပါလို့ မှာတယ်” လို့ ပြောပါတယ်။ ဒီတာဝန်အပ်နှင်းဖို့ အဆိုပြုလျာထားခံရတာနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီက အမတ် ဦးတီခွန်မြတ်က “ဘာလို့လဲဆိုလို့ရှိရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုက လွှတ်တော်အင်အား ရှိမှ၊ လွှတ်တော်အင်အားရှိဖို့ အားလုံးပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ၀ိုင်းဝန်းဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစားဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေး အပ်ရွေးချယ်ခဲ့ပြီး အရပ်သား ၂ ဦးကို ဒုတိယဥက္ကဋ္ဌတာဝန်ပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်အောင်မြင့်နဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြညိမ်းတို့ တာဝန်ယူခဲ့ကြပါတယ်။ ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အကြီအကဲ ရွေးချယ်မှုအပေါ် ရှမ်တိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ကောင်းတာပေါ့ဗျာ၊ သူလည်း ပြောထားတာပဲလေ တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးလိုတယ်၊ တိုင်းရင်းသားချင်း ညီညွတ်ဖို့လိုတယ် ဟုတ်လား၊ တိုင်းရင်းသားပြသနာကို သူရှင်းပေးမယ်လို့ ပြောထားတာပဲ။ အဲဒီတော့ တိုင်းရင်း သားတွေ ကို အခွင့်အရေးပေးလိုက်တာ ကောင်းပါတယ်။” လို့ ပြောပါတယ်။ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဒေါက်တာတူးဂျာကလည်း “ကောင်းတယ်၊ ကောင်းပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းပါ တယ်။ ရှေ့အလားအလာအတွက် ကောင်းတဲ့ခြေလှမ်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်။ လွှတ်တော်တွေမှာလည်း ဒီတခေါက်တော့ အပြောင်းအလဲ ကြီးကြီးမားမားလိုချင်တဲ့အတွက်ကြောင့် တိုင်းရင်းသားပြည်နယ်တွေမှာလည်း ပြည်သူတွေက အန်အယ်လ်ဒီကို မဲပုံပြီးပုံပြီးပေးလိုက်တာလေ။ အဲဒီအခါကျတော့ လွှတ်တော်တွေမှာ တိုင်းရင်းသား တွေရဲ့အသံက အင်မတန် တိုးသွားမယ့်သဘောရှိတယ်။ အဲဒီအခါကျတော့ အန်အယ်လ်ဒီအနေနဲ့ အခုလို တိုင်းရင်းသားတွေကို အတတ်နိုင်ဆုံး နေရာပေးသွားတယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ဒါက ကြိုဆိုသင့်ကြိဆိုထိုက်တဲ့ ပထမခြေလှမ်းပါပဲလို့ ပြောချင်ပါ တယ်ဗျ” လို့ ပြောပါတယ်။ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်စံလွင်က “ဖွဲ့စည်းနိုင်တဲ့အစိုးရအဖွဲ့ကို ကျနော်တို့ ပါတီတွေအနေနဲ့ လက်တွဲရမယ်၊ တိုင်းပြည်ကောင်းဖို့အတွက်။ သူ့ပါတီက အောင်မြင်တဲ့ဥစ္စာ၊ သူတို့ကိုယ်စားလှယ်နဲ့ ရွေးတဲ့ဥစ္စာကိုတော့ ကျနော်တို့ သဘောထားပေးတာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ထင်တယ်။ အခုက သူ့စိတ်ကြိုက်ရွေးချယ်တဲ့ ဟာတခုဖြစ်တော့ ကျနော်တို့က အကုန်လိုက်မသိရဘူး။ လူတိုင်းကတော့ လိုချင်ကြတဲ့ ဆန္ဒတခုရှိကြတယ်။ သို့သော်လည်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ်ဆိုတာကတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်တယ်ဆိုတာက သူတို့ဆုံးဖြတ်ချက်၊ သူတို့ပေးတယ်၊ မပေးတယ်ဆိုတာ သူတို့သဘောထားလည်း လိုသေးတယ်။ ပြည်နယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေ ထည့်ထားတဲ့ အနေအထား တခုကတော့ ကောင်းတဲ့လက္ခဏာတခုလို့ တွေ့ရတာပေါ့။” တအာင်းပလောင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းကျော်က “ကောင်းပါတယ်၊ ၀မ်းသာပါတယ်။ သူတို့ကတော့ အနိုင်ရတဲ့ပါတီပဲလေ။ အနိုင်ရတဲ့ပါတီဆိုတော့ သူတို့က လုပ်ပိုင်ခွင့်ပိုရှိပါတယ်။ သူတို့ရွေးထားတဲ့လူနဲ့ သိသလောက်တော့ ကောင်းပါတယ်။ ကျန်တဲ့ ပါတီတွေလည်း ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ အရေးကြီးတာပေါ့။ တချို့ကိစ္စတွေမှာ တိုင်းရင်းသားတွေ ပါဝင်မှလည်း အဆင်ပြေတယ်လေ။ တအာင်းဒေသတွေမှာ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်ဆိုတော့ သူတို့တိုင်း သူတို့ဒေသမှာ ပါဝင်ဆုံးဖြတ်နိုင်တာပေါ့။ ကောင်းပါတယ်။”လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မနှစ်နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းပြီးဆုံးရန် အချိန် ၂ ရက်သာကျန်ရှိတော့ပြီး လာမယ့် လွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့စတင်မှာဖြစ်ပါတယ်။ မဲအပြတ်အသတ် အနိုင်ရပြီး လွှတ်တော်အမတ်နေရာအများစုကို လွှမ်းမိုးထားတာကြောင့် အဆိုပြုလွှတ်တော်ဥက္ကဋ္ဌ အမည်စာရင်းကို ခန့်အပ်နိုင်ဖို့ သေချာသလောက်ရှိပါတယ်။

Monday 25 January 2016

အစိုးရသစ်ဖွဲ့ပြီးနောက် NLD(LA)အဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်ဝင်မည်ဟုဆို

အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရသစ် ဖွဲ့စည်းပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ဒေသတွင် အခြေစိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -လွတ်မြောက်နယ်မြေ (NLD-LA) အဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်လာမည်ဖြစ်ကြောင်း NLD-LA ဗဟိုတွဲဖက် အတွင်းရေးမှူး ရဲဘော်ထွန်းအောင်ကျော်က The Voiceသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ရုံးချုပ်တွင် ပါတီဗဟိုအလုပ်အမှုဆောင်များ နှင့် NLD-LA ဗဟိုဋ္ဌာနချုပ် ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ၄င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ “ ဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးတို့ ပါပါတယ်၊ ပြည်တွင်းကို ပြန်လာဖို့ ဆွေးနွေးကြတာပါ၊ အဆင်ပြေပါတယ်၊ နိုင်ငံတကာက ဋ္ဌာနခွဲတွေလည်း ပြန်လာဖို့ ရှိပါတယ်။ အောင်မြင်မှုရလဒ်တစ်ခုကို ရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ အဝေးရောက် ဒီမိုကရေစီ အရေးဆောင်ရွက်ခဲ့သူတွေက မိခင် NLD နဲ့ ပြန်ပူးပေါင်းဖို့လိုလာပါတယ်၊ ဒါကြောင့် ဒီကို ပြန်ဝင်လာပြီးရင် NLD-LA ဆိုတဲ့ အမည်ကို ဖျက်သိမ်းဖို့ ရှိပါတယ်” ဟု ၄င်းကဆိုသည်။ အဆိုပါ NLD-LA အဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်ဝင်လာရေးအတွက်ြီူ အစိုးရသစ်က မတရားအသင်း ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းရေး၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာရေးနှင့် ပြည်ပရှိအဖွဲ့ဝင်များကို ပြန်လာရေးအတွက် တရားဝင်ဖိတ်ခေါ်မှုများ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ “ဒါတွေက အစိုးရဘက်က လုပ်ရမယ့်လုပ်ငန်းတွေပဲလေ။ တစ်ချို့ဝင်လာတဲ့သူတွေက လက်ရှိလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မယ်။ တစ်ချို့က နိုင်ငံခြားကနေ ကူညီကြမယ်ပေါ့။ တစ်ချို့ကတော့ တိုင်းရင်းသားအရေးကိစ္စတွေမှာ ဝန်းရံပေးကြမယ်။ ဧပြီ ဒါမဟုတ် မေလလောက်ကို ပြန်လာဖို့ မှန်းထားပါတယ်” ၄င်းကဆိုသည်။ ထို့အပြင် NLD-LA ပြည်တွင်းသို့ ပြန်လာရေးအတွက် တိကျသောဆုံးဖြတ်ချက်များ ချမှတ်ရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် ဖေဖော်ဝါရီလအတွင်း ထပ်မံတွေ့ဆုံရန် ရှိကြောင်း NLD-LAထံမှသိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့သော ၁၉၉ဝ ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးခြင်းမပြုခဲ့ပဲ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်အများအပြားကို ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သောကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ဋ္ဌာနချုပ်ဟောင်း မာနယ်ပလောသို့ တိမ်းရှောင်လာသော NLDပါတီဝင်များဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ(NLD-LA)ကို တည်ထောင်ခဲ့သည်။ NLD-LA အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းရှိ NLDပါတီ၏ မူဝါဒများကို အဝေးရောက်အဖြစ် ဆက်လက်ခံယူခဲ့ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေးနှင့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် NLD-LA ၏ နောက်ဆုံးအကြိမ် ညီလာခံကို ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာဝင်းနိုင်က တာဝန်ယူလျက်ရှိကာ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ မလေးရှား၊ နော်ဝေ၊ အမေရိ ကန်ပြည်ထောင်စု ၊နယ်သာလန်၊ အင်္ဂလန် နှင့် ကနေဒါ နိုင်ငံတို့တွင် ဋ္ဌာနခွဲများ ဖွဲ့စည်းထားသည်။ ထို့အပြင် NLD-LA ၏ ဗဟိုဋ္ဌာနချုပ်ကို မြန်မာ-ထိုင်း နယ်စပ်တွင် အခြေစိုက်ပြီး အဖွဲ့ဝင် စုစုပေါင်း တစ်ထောင်ကျော်ရှိကြောင်း NLD-LA ထံမှသိရသည်။ NLD ပါတီ စတင်တည်ထောင်ချိန်က ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်သော NLD-LA ၏ ဥက္ကဋ္ဌ ဟောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းခက်မှာမူ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကွယ်လွန်ခဲ့သည်။ The voice

မစုဝေအား ရိုက်နှက်ညှဉ်းပန်းသူ အမျိုးသမီးကို တရားစွဲဆို အရေးယူမည်

Monday, January 25, 2015 ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက်ညှဉ်းပန်း ခံရမှုနှင့် ပတ်သက်ပြီး ရိုက်နှက်သူ ဓေးသန်းနွဲ့ကို ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံး က ယနေ့ ညနေပိုင်းတွင် အမိန့်ချမှတ်လိုက်သည်။ မစုဝေ ရိုက်နှက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး တိုင်တန်းချက် မှန်ကန်သည့်အတွက် ပဲခူးတိုင်း တောင်ငူမြို့တွင် နေထိုင်သည့် ဒေါ်သန်းနွဲ့အား လာရောက်စစ်ဆေးမှုခံယူရန် ဆင့်ခေါ်သည့် သမန်စာကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံ ပေးပို့ဆင့်ခေါ်မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ လ ၈ ရက်တွင် စစ်ဆေးမည်ဟု တရားစွဲဆိုသင့် မသင့် အမိန့်ချမှတ်သည့် ယနေ့ ရုံးချိန်း၌ ဗဟန်းမြို့နယ် တရားသူကြီး ဦးကျော်နိုင်က ပြောသည်။ ယနေ့ ရုံးချိန်းသည် ငါးကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အရိုက်ခံရသည့် မိန်းကလေး မစုဝေ နှင့် မိခင်တို့ကို ရန်ကုန်မြို့ နတ်မောက် လမ်းရှိ အမျိုးသမီး အသက်မွေး အတတ်ပညာကျောင်း ၌ ပို့ဆောင်ထားကြောင်း သိရသည်။ ထိုအမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေး ငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ထိုကလေး၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန် ကြိုးတုတ်နေသည့် ဓာတ်ပုံများ နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်း အမှုနှင့်ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဗိုလ်မှူး ကျော်နုမော် အနေနှင့် သက်သေအဖြစ် ရဲစခန်းတွင် သွားရောက် စစ်ဆေးခံရန် ကျန်ရှိ နေသေးသည့် အတွက် တရားရုံးမှ ရုံးချိန်း နှစ်ချိန်းအထိ ထပ်မံ စောင့်ဆိုင်းခဲ့ရသည်။ ပြီးခဲ့သည့် စတုတ္တအကြိမ်မြောက် ရုံးချိန်းတွင်မှ ဗိုလ်မှူး ကျော်နုမော် သက်သေထွက်ဆိုခဲ့သည့် အတွက် ရဲ လုပ်ထုံးလုပ်နည်း တင်ပြ ချက် ပြည့်စုံခဲ့၍ ယခုကဲ့သို့ ဒေါ်သန်းနွဲ့အား တရားစွဲဆို အရေးယူရန် အမိန့်ချမှတ် နိုင်ကြောင်း သိရသည်။ မစုဝေ အမှုအား လိုက်ပါကူညီပေးနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက “ကျမတို့ကတော့ ဒီအမှု နဲ့ ပတ်သက်ပြီး တရားဥပဒေ အဆုံးအဖြတ်ကို စောင့်ကြည့်မှာပါ။ အစိုးရ အပြောင်းအလဲမှာ မြန်မာနိုင်ငံရဲ့ဂုဏ်က ဒီအမှုကို တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအမှုက အားလုံးစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမှုလို့လည်း ပြော လို့ ရပါတယ်”ဟု ပြောဆိုသည်။ irrawaddy

ဖားကန့်မှာ ဒီညနေ မြေစာပုံ တစ်ခါထပ်ပြိုပြန်ပြီတဲ့

စွန့်ပစ်မြေဇာပြိုကျမှုကြောင့် လူ(၁၀၀) နီးပါး သေဆုံးနိုင်..... ဖားကန့်ဒေသ စွန့်ပစ်မြေဇာပြိုကျမှု တစ်ခု ၂၅.၁.၂၀၁၆ နေ့ ညနေ ၃:၁၀ တိတိအချိန်တွင် ဆိပ်မူ (ဆိုင်းတောင် ) ကျေးရွာအုပ်စု ဥရုချောင်းအနောက်ဘက်ကမ်းရှိ ဆွတ်အောင်ကျေးရွာနှင့် ရှမ်စုကျေးရွာကြားရှိ တစ်သုံးလုံး ကုမ္မဏီစွန်ပစ်မြေဇာပုံပြိုကျခဲ့ပါသည် ။လူပေါင်း(၁၀၀)နီးပါးသေဆုံးနိုင်သည်ဟု လွတ်မြောက်လာသူ ဟင်းတင့်ရွာသားတစ်ဦးက ပြောပါသည် ။ “ မြေဇာက နှစ်ပုံပြိုသလိုဖြစ်သွားတာဗျ ။ တစ်သုံးလုံးကမြေဇာက ပြိုကျပြီး အောင်ဟိန်းမင်း မြေဇာပုံကို ခါးဖြတ်ရိုက်သလိုဖြစ်ပြီး အောင်းဟိန်းမင်းမြေဇာပုံလည်းထပ်ပြိုကျပြီး နှစ်ပုံပေါင်း လူတစ်ရာလောက်ပါမယ်ဗျ ။” ။ ဟင်းတင့်ကျေးရွာမှ ရှမ်းအမျိုးသား(၃) ဦးပါသွားသည်ဟု ဟင်းတင့်ကျေးရွာသားများက ပြောဆိုနေကြသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ ။ လက်ရြှိပိုကျသော မြေဇာပုံသည် ၂၂.၁၁.၂၀၁၅ နေ့ နံက် ၃:၀၀ကျော်အချိန်တွင် ပြိုကျခဲ့သောကြောင့်ေ မဆေးတဲပေါင်း (၂၀၀) နီးပါး မြေဇာအောက်နစ်မြုပ်ခဲ့ပြီး လူရာပေါင်းများစွာသေဆုံးနိုင်သည်ဟု ခန့်မှန်းနိုင်သော်လည်း သေဆုံးသူပေါင်း (၁၁၄) ဦးသာ တူးဖော်တွေ့ရှိခဲ့ပြီး၊ အောင်ဟိန်မင်း မြေဇာပုံဟာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ပြိုကျခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ပြိုကျမှုတွင် ရေမဆေးရှာဖွေသူ ဆယ်ဂဏန်းသေဆုံးခဲ့ပါသည် ။ မြေဇာပုံပြိုကျမှုတွင် မည်သည့်အဖွဲ့အစည်းမှကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခြင်းများ မရှိသေးဘူးဟု မြေဇာပုံပြိုကျရာသို့ သွားရောက်ကြည့်ရှုပြီးပြန်လာသူ ဟင်းတင့်ရွာသားတစ်ဦးက ပြောပြပါသည် ။ photo- တာတီး News and photo - Zaw Moe Htet's Facebook

Saturday 23 January 2016

ဂျပန်နိုင်ငံ စီးပွားရေးလေ့လာရန် အန်အယ်လ်ဒီကို ဖိတ်ခေါ်

နိပွန်ဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကို လေ့လာဖို့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၅ ဦးပါဝင်တဲ့ စီးပွားရေးဆိုင်ရာ လေ့လာရေးကော်မရှင်အဖွဲ့ကို ဂျပန်နိုင်ငံကိုဖိတ်ခေါ်ထားတယ်လို့ တိုကျိုအခြေစိုက် နိပွန်ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ တရားဝင်ကိုယ်စားလှယ် ပေးအပ်ခံထားရတဲ့ အဖွဲ့အစည်းကြီးလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဇန်န၀ါရီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိလေ့လာဖို့ ဖိတ်ခေါ်ထားတဲ့ ဦးမျိုးမြင့်ဦးဆောင်တဲ့ အဖွဲ့ချုပ်ရဲ့ စီးပွားရေးလေ့လာရေးအဖွဲ့မှာ ဒေါက်တာသန်းမြင့်၊ ဦးလေးညွန့်၊ ဦးစိုးဝင်း၊ ဦးမြင့်သောင်း၊ ဒေါက်တာကျော်ဝင်း၊ ဒေါက်တာမောင်မောင်စိုး၊ ဦးသိန်းဦး၊ Akr Khi Sah၊ ဒေါ်အောင်ကြည်၊ ဦးလင်းလင်းကျော်၊ ဒေါ်မြသိင်္ဂီမော်၊ ဦးစိုင်းကျာ်ဇော၊ ဒေါ်နော်သင်ဇာမျိုးနဲ့ ဒေါ်ရီရီထွန်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးတွေကို ရပ်ဆိုင်းပြီး အခွန်ရှောင်မှုများ နှိမ်နင်းကာအခွန်အခများ အပြည့်အဝရအောင် ဆောင်ရွက်သွားဖို့  အပါအ၀င် စီးပွားရေးမူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။ =================== By ဇော်ဇော်လှိုင် 23 January 2016 DVB TV News

Wednesday 20 January 2016

ဇန်နဝါရီ ၂၀ ရက်က လွှတ်တော်သို့ သွားရောက် လေ့လာခဲ့သည့် ကရင်ဝတ်စုံနှင့် မန်းဝင်းခိုင်သန်းကို တွေ့ရစဉ်။

လာမည့် ဒုတိယလွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော်အတွက် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းတို့ကို ရွေးချယ်ထားကြောင်း အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဉာဏ်ဝင်းက ပြောဆိုကြောင်း AFP သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ အမတ်ဖြစ်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ရန်ကုန်မြို့ တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြန်လည်ရွေးချယ်ခံခဲ့ပြီး ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ မန်းဝင်းခိုင်သန်းမှာ အာဇာနည် ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏မြေး တော်စပ်သူလည်းဖြစ်သည်။ သူသည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၈)၏ ရွေးကောက်ခံ အမတ်လည်းဖြစ်သည်။ ထူးခြားမှုအဖြစ် မန်းဝင်းခိုင်သန်းသည် ဇန်နဝါရီ ၂၀ ရက်က လွှတ်တော်သို့ သွားရောက် လေ့လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။ လွှတ်တော်များ၏ ဒုတိယ ဥက္ကဋ္ဌများကို ရခိုင်နှင့် ကချင်တိုင်းရင်းသားများထဲမှ ရွေးချယ်ထားသည် ဆိုသော်လည်း မည်သူ ဖြစ်သည်ကိုမူ အတိအကျ မသိရသေးပါ။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိထားသည့် ANP ပါတီကမူ “ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက ရခိုင်အမျိုးသား ပါတီသည် မည်သည့်အစိုးရ အဖွဲ့အစည်း တွင်မဆို လုံးဝပါဝင်ခြင်းမပြုဘဲ ရခိုင် အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေး ပါတီအဖြစ် ရပ်တည်သွားမည်” ဇန်နဝါရီ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစဉ်တစ်စိုက် ရပ်တည်လာခဲ့သော ဒီမိုရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် မူအရ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်ရမည်ဟု ရပ်တည် ဆုံးဖြတ်ထားသည်” ဟုလည်း ANP၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ Tags: MWKT Credit MIzzima

Tuesday 19 January 2016

နယူးဇီလန်မှာ လင်းလက်လာသည့် ချင်းကြယ်ပွင့်

နယူးဇီလန်နိုင်ငံတွင် ပြောင်းရွှေ့အခြေချ နေထိုင်သူ မြန်မာနိုင်ငံသားဖွား ချင်းလူငယ်တစ်ဦးဖြစ်သည့် လယ်စင်ဇာသည် ကန်တာဘူရီတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး နယူးဇီလန် ချင်းအသိုင်းအ၀ိုင်းတွင် ပထမဆုံး အင်ဂျင်နီယာဘွဲ့ ရသူ ဖြစ်လာခဲ့သည်။ အသက် ၂၄ နှစ်ရှိ လယ်စင်ဇာက “နယူးဇီလန်မှာတော့ ကျွန်တော် ပထမဆုံးပဲ ထင်တယ်” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ လယ်စင်ဇာသည် အသက် ၁၄ နှစ်အရွယ် ၂၀၀၆ တွင် မြန်မာနိုင်ငံမှ နယူးဇီလန်နိုင်ငံ ၊ နယ်လ်ဆင် မြို့သို့ ပြောင်းရွှေ့ လာခဲ့ပြီး နယ်လ်ဆင်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ကောလိပ်တွင် စာကြိုးစားသူတစ်ဦး ဖြစ်ကြောင်း နေအိမ်ရှိ ဆုတံဆိပ်များက သက်သေပြနေပြီး တက္ကသိုလ်တွင်လည်း အလားတူ ဆက်လက် ကြိုးစားခဲ့သည်ဟု ဆိုသည်။ မိခင်ဖြစ်သူ ဆူစင်ဇာက “သူ တက္ကသိုလ်ကနေ အိမ်ကို ခဏပြန်လာတော့ မုတ်ဆိတ်မွေးတွေ ရှည်နေတယ်။ ဘာလို့ မုတ်ဆိတ်မွေး အရှည်ထားတာလဲလို့ မေးတော့ စာကြည့်နေတာနဲ့ မရိတ်အားလို့လို့ ပြန်ဖြေတယ်” ဟု ရယ်ရင်းပြောပြသည်။ သူ့အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်။ ကျွန်မတို့ အသိုင်းအ၀ိုင်းက ဂုဏ်ယူပါတယ်” ဟု မိခင်ဖြစ်သူ ဆူစင်ဇာက ဆိုသည်။ လယ်စင်ဇာက သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်များကို နှစ်ခြိုက်သဖြင့် အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နယူးဇီလန် နိုင်ငံသို့ ရောက်ရှိလာပြီး တက္ကသိုလ် တက်ရန် ကြိုးစားရာတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ အင်္ဂလိပ်ဘာသာစကား တိုးတက်ကောင်းမွန်စေရန် ကြိုးစားရခြင်း ဖြစ်သည်ဟု ဆိုသည်။ “ဒါက ကြီးမားတဲ့ ပြောင်းလဲမှုပါ။ အင်္ဂလိပ်ဘာသာက ကျွန်တော့်အတွက် တတိယဘာသာစကားပါ။ ချင်းက မိခင်ဘာသာစကားဖြစ်ပြီး ဗမာဘာသာက ဒုတိယဘာသာ စကားပါ။ အင်ဂျင်နီယာဘာသာရပ်က အင်္ဂလိပ်စာ လိုအပ်ချက်များတဲ့အတွက် ကျွန်တော့် အတွက် အဓိက စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေနေပါပြီ” ဟု လယ်စင်ဇာက ဆိုသည်။ နိုင်ငံပြောင်းရွှေ့ နေထိုင်ရာတွင် အဓိက အပြောင်းအလဲမှာ အစားအစာနှင့် ရာသီဥတုဖြစ်ပြီး အကြီးမားဆုံး ကွာခြားမှုမှာ ပညာရေးစနစ်ဖြစ်သည်ဟု ယင်းက ဆိုသည်။ “မြန်မာနိုင်ငံမှာ ဆရာတွေက စာမျက်နှာတွေ အများကြီးပေးကာ အလွတ်ကျက် ခိုင်းပြီးနောက် နောက်နေ့နံနက်မှာ ပြန်မေးတတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစား ကျက်မှတ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်ကြာရင် မေ့သွားပါတယ်” ဟု လယ်စင်ဇာ က ပြောကြားခဲ့သည်။ နယူးဇီလန်ရှိ ပညာရေးစနစ်မှာမူ ကွဲပြားခြားနားပြီး “ကားတစ်စီး ရွေ့နေတာကြည့်ပြီး တွန်းအားပုံစံတွေ စဉ်းစားမယ်၊ အလေးချိန် ဗဟိုချက်ကို စဉ်းစားမယ်ပေါ့။ အားလုံး အလွတ်ကျက်စရာမလိုဘဲ ပြသ၁နာကိုပဲ စဉ်းစားပြီး အဖြေရှာ ရတာပါ” ဟု ပြောကြားသည်။ နယ်လ်ဆင်မြို့ Fulton Hogan ကုမ္ပဏီတွင် လက်ရှိအလုပ်ဝင်နေသည့် လယ်စင်ဇာသည် ချင်းဘာသာ စကားနှင့် မြန်မာစကားကို ယခုအထိ ပြောဆိုနေဆဲဖြစ်ပြီး နယူးဇီလန်ရှိ ချင်းလူငယ်အဖွဲ့အစည်းတွင်လည်း တက်ကြွစွာ ပါဝင်လျက်ရှိသည်ဟု ဆိုသည်။ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခြင်းအတွက် နေအိမ်တွင် ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဂုဏ်ပြုပွဲသို့ နယူးဇီလန် အခြားဒေသများတွင် ပညာသင်နေသော လယ်စင်ဇာ၏ မောင်နှမများနှင့် သြစတြေးလျတွင် အလုပ်လုပ်နေသည့် အစ်မဖြစ်သူတို့ တက်ရောက်ခဲ့သည်ဟု လယ်စင်ဇာ၏ ဖခင်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ KHTun Ref - University of Cantebury The Ladies News

မြန်မာနိုင်ငံဟာ အားကောင်းတဲ့ တိုင်းပြည်လို့ ပြော

တိုင်းရင်းသားပေါင်းစုံတွေ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတဲ့ တိုင်းပြည်တစ်ခုဖြစ်နိုင်သလို တစ်ချိန်တည်းမှာလည်း အဲဒီ့လိုတိုင်းပြည်မျိုးဟာ ထိလွယ်ရှလွယ် တိုင်းပြည်မျိုးဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ ဘာသာပေါင်းစုံ က ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောတာဖြစ်ပါတယ်။ "လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတယ်လို့ ပြောလို့ရတာက မတူတဲ့သူတွေ စုပေါင်းနေထိုင်တဲ့အတွက် အတွေ့အကြုံတွေ မတူတာတွေ၊ အားအင်မတူတာတွေ၊ မတူကွဲပြားတဲ့အမြင်၊ ယဉ်ကျေးမှု၊ စွန့်ဦးတီထွင်နိုင်တဲ့ အင်အားတွေကြောင့် အားကောင်းတဲ့ တိုင်းပြည်ဖြစ်နိုင်တယ်လို့ ပြောလို့ ရတာပါ။ အမေရိကန်ပြည်ထောင်စုဟာ အင်အားကြီးတဲ့ အောင်မြင်တဲ့ တိုင်းပြည်တစ်ခုဖြစ်နေတာဟာ ဘာကြောင့်လဲဆိုတော့ တကမ္ဘာလုံးက လူမျိုးပေါင်းစုံကို လက်ခံထားပြီး တည်ထောင်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးတည်းရှိနေတဲ့ တိုင်းပြည်တစ်ပြည်ကို သုံးသပ်လို့ရတာက ပျင်းစရာကောင်းသလို မတူတဲ့ အင်အားတွေဆိုတာလည်း မရှိနိုင်ပါဘူး" လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး က ပြောသွားတာဖြစ်ပါတယ်။ ဒီကနေ့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ မြန်မာနိုင်ငံက လူငယ်တွေ အရပ်ဘက်အဖွဲ့တွေ အစည်းအဝေး ကို လူပေါင်း ၃၀ လောက် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး Derek Mitchell လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski တို့ဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA

Monday 18 January 2016

ကျွန်တော်နဲ့နိုင်ငံရေးဘ၀အလွန်

ကျွန်တော်နဲ့နိုင်ငံရေးဘ၀အလွန် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် တစ်လောက အသစ်စက်စက်အရွေးခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ဧည့်ခံပွဲတစ်ခုမှာ ဆုံခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်ပညာတတ်တစ်ယောက် ဖြစ်ပြီး အရည်အချင်းအပြည့်အဝနဲ့။ သူနဲ့ စကားပြောရင်း သူက မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ သူ့ရဲ့မေးခွန်းဟာ လွယ်သယောင်ဖြစ်ပေမယ့် အင်မတန်မှ လေးနက်ပြီး မျက်မှောက်ခေတ်ကာလမှာ စဉ်းစားရမယ့် ကိစ္စတစ်ခု ပဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဟာ Professional နိုင်ငံရေးသမား ဖြစ်သင့်သလားလို့ ကျွန်တော့်ကို မေးခဲ့ပါတယ်။ အဓိပ္ပာယ်က ပြည်သူကို ကိုယ်စားပြုတဲ့သူတစ်ယောက်၊ ပြည်သူ့အပေါ် တာဝန် ကျေပွန်ဖို့ နိုင်ငံရေးကိုပဲ ဇောက်ချလုပ်သင့်သလားဆိုတဲ့ မေးခွန်း။ ကျွန်တော်က နိုင်ငံတကာမှာ ဖြစ်နေတဲ့အခြေ အနေတွေကို တင်ပြခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိကြ တဲ့ လွှတ်တော်တွေအနက် ရှေးအကျဆုံးဗြိတိန်နိုင်ငံရဲ့ လွှတ်တော်ကို ဥပမာပေးပြီး ဖြေခဲ့ပါတယ်။ ဗြိတိသျှ လွှတ်တော်ကို ''လွှတ်တော်များရဲ့မိခင်'' လို့ တင်စားပြီး ခေါ်ဝေါ်ကြတယ်။ လွှတ်တော်မှာရှိတဲ့ အမတ်တွေဟာ နိုင်ငံရေးကိုပဲ သက်သက်လုပ်ကိုင်တဲ့သူတွေမဟုတ်ကြ ဘဲ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ စီးပွားရေးသမားတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ပညာတတ်တွေဖြစ်ကြတာ တွေ့ရတယ်။ အခုလို မိမိကျွမ်းကျင်လိမ္မာမှု၊ သီးခြား ရပ်တည်မှုရှိတဲ့အတွက် နိုင်ငံရေးကို လုပ်စားတာ မဟုတ်ဘဲ ပြည်သူတွေအတွက် အလုပ်အကျွေးပြုချင်တဲ့ အတွက် အရွေးခံခဲ့ကြသူတွေဖြစ်တယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဟန်မပျက်ဘဲ မိမိရဲ့မူရင်းတာဝန် အလုပ်အကိုင်တွေ ကို ဆောင်ရွက်ကြတယ်။ နိုင်ငံရေးကို ရာထူးမက်လို့ ဝင်လုပ်တာမဟုတ်ဘဲ စေတနာသန့်သန့်နဲ့ ဝင်လုပ် ကြတာဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း အခုလိုပဲ ကျင့်သုံးနေတာတွေ့ရပါတယ်။ သူတို့ဆီမှာ တော့ အမတ်တွေဟာ ဥပဒေကျွမ်းကျင်တဲ့ ဥပဒေပညာ အရည်အချင်းရှိသူတွေများတာတွေ့ရပါတယ်။ လွှတ်တော်တိုင်းဟာ ဥပဒေပြုမဏ္ဍိုင်ဖြစ်တာမို့ အခုလို ဥပဒေဘွဲ့ရထားသူတွေ စုစည်းထားတာ အလွန်သင့်မြတ် လှပါတယ်။ ဥပဒေကို မသိတဲ့၊ မကျွမ်းကျင်တဲ့သူတွေ ဥပဒေပြုနေတာဟာ စဉ်းစားစရာတစ်ရပ်ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ဟာ တက္ကသိုလ်မှာ စီးပွားရေးပညာ၊ နိုင်ငံရေးသိပ္ပံနဲ့ ဒဿနိကဘာသာ ဘာသာတွဲသုံးခုကို အထူးပြုကြတာ တွေ့မြင်ရပါတယ်။ နိုင်ငံရေးမှာ တာဝန်ယူတဲ့သူတွေဟာ ကိုယ်ပိုင် အလုပ်အကိုင်ကျွမ်းကျင်မှုရှိခဲ့ရင် နိုင်ငံရေးလုပ်စားတာ လျော့နည်းနိုင်မှာ ဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံရေး လုပ်တဲ့သူတွေဟာ လွှတ်တော်သက်တမ်းအပေါ် မူတည် ပြီး မမြဲတဲ့တရားကို အမြဲရင်ဆိုင်ရမှာသာဖြစ်ပါတယ်။ လွှတ်တော်အမတ်ဆိုတဲ့ ရာထူးကို တပ်မက်မနေဘဲ မိမိလုပ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပြီး ပြည်သူ ထောက်ခံမှုမရခဲ့ရင် မိမိမူရင်းအလုပ်အကိုင်ကို ပြန် လည် တာဝန်ယူသွားနိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ အရွေးမခံရရင် လုပ်စရာ ဘာမျှမရှိတော့တဲ့ ဘဝမျိုး နဲ့ ရင်ဆိုင်ရမှာမဟုတ်တော့ပါဘူး။ စောစောက မေးတဲ့မေးခွန်းကိုဖြေပြီး တစ်နေ့က ကျွန်တော်အလွန်တွေ့ချင်တဲ့ အောင်မြင်ကျော်ကြား လှတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးနဲ့ တွေ့ခဲ့ရပါ တယ်။ သူကတော့ တခြားသူမဟုတ်ဘဲ ဗြိတိန်နိုင်ငံက ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မစ္စတာတိုနီဘလဲပဲ ဖြစ်ပါတယ်။ ကျွန်တော် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့စည်းမှာ ၁၉၉၂ ခုနှစ်ကစပြီး တာဝန်ယူခဲ့ပါ တယ်။ အနှစ် ၂ဝ နီးပါး လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံ့ ခေါင်းဆောင်အတော်များများကို လေ့လာခွင့်ရခဲ့တယ်။ ဒီခေါင်းဆောင်တွေအနက် ကျွန်တော်အထင်ကြီးတဲ့ ခေါင်းဆောင်နှစ်ဦးရှိပါတယ်။ တစ်ဦးကတော့ အမေ ရိကန်ပြည်ထောင်စုမှာ ရှစ်နှစ်တာ သမ္မတတာဝန်ယူခဲ့ တဲ့ ဘီလ်ကလင်တန်ဖြစ်ပါတယ်။ သမ္မတကလင်တန် ဟာ ထူးချွန်တဲ့သူ၊ အပြောအဟောကောင်းတယ်။ လူတွေ ကျအောင် ဆွဲဆောင်နိုင်တယ်။ သူ့လက်ထက်မှာ ဘတ်ဂျက်ပိုငွေပြအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ တစ်ခု တော့ရှိပါတယ်။ တစ်ဖက်က အခုလို အောင်မြင်ပေ မယ့် နောက်ပိုင်း ကိုယ်ရေးကိုယ်တာ အကျင့်စာရိတ္တ ဖောက်ပြန်တာကြောင့် နာမည်ပျက်ခဲ့တယ်။ အခုတော့ သူ့ရဲ့ဇနီးဟာ သမ္မတအရွေးခံဖို့ ကြိုးစားလျက်ရှိတယ်။ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်းလေးဦး သက်ရှိ ထင်ရှားရှိတယ်။ သူတို့အားလုံးဟာ သမ္မတစာကြည့်တိုက် တွေ ထူထောင်ပြီး နောင်လာနောက်သားတွေအတွက် အကျိုးရှိမယ့် သမိုင်းအထောက်အထားတွေကို စုစည်း ပေးခဲ့ကြတယ်။ သမ္မတကလင်တန်က ကလင်တန် ဖောင်ဒေးရှင်းတည်ထောင်ထားပြီး ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေးလုပ်ငန်းတွေကို နိုင်ငံအသီးသီးမှာ ဆောင်ရွက်လျက်ရှိတယ်။ ဟောပြောပွဲတွေကိုလည်း ကမ္ဘာလှည့်ပြီး ဆောင်ရွက်လျက်ရှိတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။ မစ္စတာတိုနီဘလဲကတော့ အသက်ငယ်ငယ်နဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသူဖြစ်တယ်။ သူက ထူးချွန်တယ်။ ရွေးကောက်ပွဲအကြိမ်ကြိမ် အောင်မြင် ခဲ့တယ်။ အမှန်တော့ ဗြိတိန်နိုင်ငံရေးဘဝမှာ လက်ယာပါတီ က နှစ်အတော်ကြာ အာဏာရထားပြီး နိုင်ငံရေးဘဝ ကို ချုပ်ကိုင်ထားခဲ့တယ်။ အခုလို အခြေအနေကနေ လေဘာပါတီခေါင်းဆောင်ဖြစ်လာတဲ့ တိုနီဘလဲက ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ တစ်ခုတော့ရှိပါတယ်။ သူနဲ့ အမေရိကန်သမ္မတ ဘွတ်ခ်ျကြောင့် မဖြစ်သင့်တဲ့ ဒုတိယ အီရတ်စစ်ပွဲဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ အရှေ့အလယ်ပိုင်းမှာ ပြဿနာတွေ ကြီးမားလျက်ရှိတယ်။ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ ဝန်ကြီးချုပ်ဘဝကနေ အနားယူပြီး စီးပွားရေးလုပ်ငန်း တွေ၊ လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာ လှုပ်ရှားလျက်ရှိ တယ်။ အခုလို နိုင်ငံရေးမှာ တာဝန်ယူခဲ့သူတွေ သက်တမ်း ကုန်ဆုံးတဲ့အခါ ဘဝအသစ်ကို တည်ထောင်ကြတဲ့ ဥပမာ-သာဓကတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် အတုယူစရာတွေဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ လူ တစ်ယောက်အနေနဲ့ သက်တမ်းပြည့်တဲ့အထိ အသက် ရှင်သန်နေနိုင်တုန်း ဘဝမျိုးစုံ ပြောင်းလဲရမှာသာ ဖြစ်တယ်။ပြောင်းလဲနိုင်မယ့် အရည်အချင်းတွေရှိအောင် လည်း ကြိုးစားဖို့ လိုအပ်မှာသာ ဖြစ်တယ်။ လူတိုင်းမှာ လောကကို ပေးဆပ်နိုင်ကြသူ၊ အလှ ဆင်နိုင်ကြသူတွေသာဖြစ်တယ်လို့ ကျွန်တော်ယုံကြည် တယ်။ ရာထူးကြီးမှ၊ တာဝန်ကြီးကြီးယူမှ မဟုတ်ပါဘူး။ ကိုယ့်နေရာနဲ့ကိုယ် ပေးဆပ်နိုင်စွမ်းရှိကြပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံအပေါ် တာဝန်ကျေခဲ့သူ တွေအနေနဲ့ဆက်ပြီး နိုင်ငံ့အကျိုးကို ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နိုင်မှာသာ ဖြစ်တယ်။ အမေရိကန်သမ္မတ ဟောင်းဖြစ်သူ ဂျင်မီကာတာဟာ လေးနှစ်ပဲ သမ္မတ အဖြစ် တာဝန်ယူခွင့်ရခဲ့တာ။ သူ့ကို အောင်မြင်တဲ့ သမ္မတ စာရင်းထဲမထည့်ကြဘူး။ ဒါပေမယ့် သမ္မတဟောင်းဖြစ် တဲ့ ဂျင်မီကာတာဟာ အခုချိန်မှာ တစ်ကမ္ဘာလုံးက ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်လျက် ရှိတယ်။ သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်မှာ ကာတာစင်တာတည်ထောင်ပြီး တစ်ကမ္ဘာလုံးမှာ ဒီမို ကရေစီပြန့်ပွားအောင် ကြိုးစားလျက်ရှိတယ်။ တစ်ဖက် ကလည်း ရွေးကောက်ပွဲတွေကို စောင့်ကြည့်တဲ့ လုပ်ငန်း တာဝန်ကိုယူထားတယ်။ ဒါကြောင့်လည်း ၂ဝ၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ မှာ ကာတာစင်တာက လေ့လာသူတွေရောက်ရှိခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်တွေအနက် နိုင်ငံရေးဘဝ အလွန်မှာ ထူးချွန်တဲ့သူက ဝင်စတန်ချာချီ ဖြစ်တယ်။ သူ့ရဲ့ဇွဲသတ္တိကြောင့် ဒုတိယကမ္ဘာစစ်ကို မဟာမိတ် နိုင်ငံတွေ အနိုင်ရခဲ့တယ်လို့ လက်ခံယူဆကြတယ်။ ချာချီဟာ ဒုတိယကမ္ဘာစစ်ပြီးပြီးချင်း ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ရှုံးနိမ့်ခဲ့ပြီး ရာထူးကဆင်းခဲ့ရတယ်။ အမှန်တော့ ဒုတိယကမ္ဘာစစ်ကို အောင်နိုင်သူအဖြစ် အသိအမှတ်ပြုခြင်းခံရသူဟာ စစ်ပြီးပြီးချင်း ရွေးကောက် ပွဲမှာ မရှုံးနိုင်ဘူးလို့ လူတိုင်းထင်ကြေးပေးကြပေမယ့် သူရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ချာချီဟာ နိုင်ငံရေးသမား ဘဝကနေ သမိုင်းပညာရှင်အဖြစ် အသွင်ကူးခဲ့ပြီး စာအုပ်ပေါင်းများစွာကို ရေးသားပြုစုနိုင်ခဲ့တယ်။ ချာချီ ကို စဉ်းစားတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိရမိ တယ်။ လွတ်လပ်ရေးရပြီးတဲ့အခါ နိုင်ငံရေး ဆက်မလုပ် တော့ဘဲ စာရေးဆရာလုပ်ချင်ကြောင်း ပြောခဲ့တာကို မှတ်သားခဲ့ရတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကာလအကန့်အသတ်နဲ့ လုပ်တာဟာ သင့်မြတ်လှပါတယ်။ မိမိတတ်နိုင်သမျှ အလုပ်အကျွေးပြုပြီး အချိန်တန်ရင် ဘဝကျောင်းနိုင်ဖို့ ပြင်ဆင်ထားဖို့လိုမှာဖြစ်ပါတယ်။ နိုင်ငံရေးလို့ပြောတဲ့ နေရာမှာ ရွေးကောက်ပွဲဝင်ပြီး ဥပဒေပြုမဏ္ဍိုင်မှာ တာဝန်ယူကြသူတွေရှိသလို အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တာဝန်ယူတဲ့သူတွေလည်းရှိတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီး အမေရိကန်ပြည်ထောင်စုမှာ ကျင့်သုံးတဲ့စနစ်ဟာ အတုယူစရာကောင်းလှပါတယ်။ သူတို့ရဲ့ဝန်ကြီးတွေ ဟာ ရွေးကောက်ပွဲဝင်တဲ့သူတွေမဟုတ်ဘဲ ရွေးကောက်ခံ တဲ့ သမ္မတလုပ်သူက သူ့စိတ်ကြိုက် တိုက်ရိုက်ခန့်ထားတဲ့ သူတွေဖြစ်တယ်။ သမ္မတအနေနဲ့ ယခုလို ရွေးချယ် ထားရာမှာ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အရည်အချင်း လုပ်ရည် ကိုင်ရည်ကိုကြည့်ပြီး ခန့်ထားကြတယ်။ တာဝန်ပေး ခန့်တဲ့သူဟာ သူ့ရဲ့ပါတီဝင် ဟုတ် မဟုတ်ကို အဓိက မထားဘဲ ကျွမ်းကျင်တဲ့အတတ်ပညာရှင်၊ အသိပညာရှင် တွေကိုဦးစားပေးပြီး တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် ဒီဝန်ကြီးတွေဟာ ဝန်ကြီးသက်တမ်းကုန်ဆုံး တဲ့အခါ တက္ကသိုလ်တွေမှာ ပါမောက္ခတွေအနေနဲ့ တာဝန်ပြန်ယူကြပြီး မိမိရထားတဲ့ ဗဟုသုတအတွေ့အကြုံ တွေကို လူငယ်တွေကိုလက်ဆင့်ကမ်းတယ်။ နောင်အစိုးရ အပြောင်းအလဲဖြစ်လို့ တာဝန်ပေးပြန်ရင် တက္ကသိုလ်က ထွက်ခွာပြီး ဝန်ကြီးတာဝန်ယူကြပြန်ရော။ တချို့ကျ တော့လည်း ကိုယ်ပိုင်လုပ်ငန်းတွေ ပြန်လုပ်ကြတယ်။ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့တွေမှာ တာဝန်ယူကြတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ တစ်လမ်းသွားပဲရှိတယ်။ တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီး တာဝန်တွေယူပြီးတဲ့အခါ တက္ကသိုလ်ကိုပြန်ပြီး တာဝန်မယူကြဘူး။ ယူခွင့်မရှိလို့လား၊ မယူချင်လို့လား ပဲ။ ကျွန်တော်ကတော့ အခုလို ကူးချည်သန်းချည်လုပ်နိုင် တာကို အားပေးချင်တယ်။ တက္ကသိုလ်က ရထားတဲ့ အတွေးအခေါ်တွေကို လက်တွေ့မှာအသုံးချနိုင်သလို လက်တွေ့ဗဟုသုတတွေကိုအခြေခံပြီး သီအိုရီအသစ် တွေ ထုတ်ဖော်နိုင်မှာဖြစ်တယ်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလမှာ တစ်ချိန် တစ်ခါမှမကြုံဖူးတဲ့ အတွေ့အကြုံတွေမျိုးစုံနဲ့ ရင်ဆိုင် နေတဲ့နေရာမှာ နိုင်ငံရေးဘဝအလွန်ဆိုတာကို စဉ်းစား ကြဖို့လိုပါလိမ့်မယ်။ နိုင်ငံ့တာဝန်တွေကို ပုံစံအမျိုးမျိုး နဲ့ယူခဲ့ကြသူတွေမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ဗဟုသုတတွေ စုစည်းထားပါတယ်။ ဒါတွေကို တိုင်းပြည် အတွက် ကျရာနေရာက အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။ အမှန်တော့ပေးဆပ်မှုဟာ ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ် နိုင်မှာသာဖြစ်တယ်။ ရာထူးအာဏာဆိုတာက တစ်ခဏ ပါ။ လူတိုင်းဒီခရီးကို လျှောက်ရမှာပဲ ဖြစ်ပါတယ်။ တချို့ က ဘာသာရေးအလုပ်ကိုပဲ လုပ်တော့မယ်လို့ပြောကြ တာ တွေ့ရပါတယ်။ ဒီရွေးချယ်မှုဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းလှတဲ့ ယဉ်ကျေးမှု တစ်ရပ်ပါ။ အသက်အရွယ်ရလာပြီမို့ နောက်ဆုံးအချိန် မှာ တရားဓမ္မနဲ့မွေ့လျော်ချင်တဲ့ စိတ်ထားဟာလည်း မြင့်မြတ်လှပါတယ်။ ကျွန်တော်က လောကသား တစ်ယောက်အနေနဲ့ စောဒကတက်ချင်တာက တရားဓမ္မ အားထုတ်မှုကို မိမိလုပ်နေတဲ့တာဝန်နဲ့တွဲဖက်ပြီးလုပ်စေ ချင်တာပါပဲ။ နောက်ဆုံးတော့ လူတိုင်းဟာ မိမိသမိုင်းကို မိမိပဲ ရေးသားတာပါ။ နိုင်ငံရေးဆိုတာဟာ လိုအပ်ချက်တစ်ခု ကြောင့် မနေသာဘဲ ဝင်လုပ်ရတာမျိုးဖြစ်ပြီး အချိန်တန် ရင် မိမိအနေနဲ့ လူ့အဖွဲ့အစည်းအပေါ် ဘယ်ပုံဘယ်နည်း နဲ့အကြွေးဆပ်နိုင်မလဲဆိုတာကို စဉ်းစားကြရမှာသာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်အနှစ်သက်ဆုံးဆောင်ပုဒ်တစ်ခုက (Politics is the out of the Possible) နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုသာ ရအောင်ကြိုးစားတဲ့ သိမ်မွေ့လှတဲ့ အလုပ်တစ်ခုလို့ အဓိပ္ပာယ်ရပါတယ်။ ဖြစ်သင့်တာကိုသာ အာရုံပြုခြင်း မပြုဘဲ ဖြစ်နိုင်တာကို အာရုံပြုရမှာဖြစ်တယ်။ နိုင်ငံရေးဘဝအလွန်ဟာ အလွန်မှ အရေးကြီးလှ ပါတယ်။ အခုလို သမိုင်းမှာ တစ်ချိန်တစ်ခါမှ မကြုံဖူး တဲ့ ပြောင်းလဲမှုတွေကြောင့် နိုင်ငံရေးဘဝအလွန်အတွက် စဉ်းစားကြရတော့မှာသာဖြစ်တယ်။ ။ MOI

အလွတ်ကျက်ပညာရေးစနစ်ဟာကျောင်းသားတစ်ယောက်ရဲ့အသိဥာဏ်ကိုကျဆင်းစေပါတယ်။

ဒါကြောင့်အလွတ်ကျက်စနစ်ကိုပယ်ဖျက်ပြီး အဆိုင်မန့်တင်တဲ့စနစ် ကွစ်ဇ် ရေးဖြေစနစ်ကိုစသည်များကိုထည့်သွင်းအသုံးပြု စနစ်ဟာအလွန်ထိရောက်ပါတယ်။ နောက်တစ်ခုက စာမေးပွဲစနစ်ဖြစ်ပါတယ်။ စာမေးပွဲစနစ်ဖြင့်တစ်ဘာသာကျတစ်နှစ်ကျသည့်စနစ်ကိုပယ်ဖျက်သင့်ပါတယ်။ အတန်းတင်စာမေးပွဲစနစ်ကြောင့်ကျောင်းသားသင်ကြားချင်သည့်စိတ်ကိုလျော့ပါးစေပါတယ်။ ဘယ်နှစ်မှဘယ်နှစ်အထိသည်တက္ကသိုလ်ဝင်တန်းကာလဖြစ်ပြီး၊ကောလိပ်ကာလ၊တက္ကသိုလ်ကာလ၊သတ်မှတ်ပြီးတစ်နှစ်လျင်ဘာသာရပ်ပေါင်းအဘယ်မျှပြီးအောင်လေ့လာရမည်ဆိုတာသတ်မှတ်ပြီးကျရှုံးဘာသာရပ်ရှိပါကပညာသင်ကာလပြီးပါက အောင်လက်မှတ်မပေးသေးဘဲကျရှုံးဘာသာရပ်ကိုပြန်လည်ပြီးမြောက်အောင်သင်ကြားလေ့လာဖြေဆိုပြီးမှသာအောင်လက်မှတ်ပေးသင့်ပါတယ်။ နောက်တစ်ခုက ဘုန်းကြီးပါဠိပထမပြန်ပညာရေးကြောင့်တက္ကသိုလ်တက်ခွင့်မရတာ၊ကိုယ်ပိုင်ရွေးချယ်ခွင့်ပျောက်ဆုံးနေတာတွေကိုလည်းထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်။ ပညာရေးဟာပညာရေးပါ၊အဖွဲ့အစည်းတစ်ခုခုအောက်မှာကိုယ်ပိုင်ရွေးချယ်ခွင့်ပျောက်ဆုံးခြင်းမခံရလေအောင်သတိရှိရှိအမျှော်အမြင်ရှိရှိအနာဂတ်အမြင်ဖြင့်သွားရမှာဖြစ်ပါတယ်။ အောင်လက်မှတ်၊အရည်အသွေး၊စွမ်းရည်၊အမျှော်အမြင်၊ကြိုးစားလေ့လာချင်မှု့ တွေကိုတစ်ခါတည်းပေါင်းစပ်ပြီးဖိအားပေးလို့ပညာရေးမှာမရဘူးဆိုတာနားလည်မှသာလျင်နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သောနိုင်ငံဖြစ်လာပါမည်ဟုရေးသားအကြံပြု လိုပါတယ်။ အရှင်ပညာဒီပ(ကျောင်းသားခေါင်းဆောင်) The President of Students,The Faculty of Humanities Major,International Program, မဟာချူ လာလောင်ကွန်းတက္ကသိုလ်။ ••••••••••••••••••••••••••••••••••••••••••••••••••••••••• Memorize education system is at participants' intelligence. Memorize it broke off the system and a system of members model of a system is asked by the system very effectively. A game system. Q system is certainly a class break off the system. Ask the system is at participants want to hear you Mitigation. University of up to two years, Tang period, college, university, and a one pound per year subject If you have failed to be studied subject after study period did not fall back to complete your study subjects from you. A first mass, Pali is impossible to scale up the university, I lost the right to choose your own neck to look at the fabric . on the left and right at the bottom of a barrel to be selected right away mosquitoes off and discreetly wisely for future perspective I must go. Hand, liquid, blood, wine lovers, vision, want to study the social pressure to establish a pledge agreement, if only to understand what you can not International and frame tons, the country will be able to recommend that you write. Thus အရှင်ပညာဒီပ (at participants roof) The President of Students, The Faculty of Humanities Major, International Program, Maha Chulalongkorn University. ရှင် ပညာ ဒီပ

ခေါင်းပေါင်း

စဉ်းစားမရတာက အမတ်တွေ ဘာဖြစ်လို့များ ခေါင်းပေါင်းဆိုတာကြီးကို စွပ်ထားလဲ။ ဒီခေါင်းပေါင်းဟာ လာမယ့် လွှတ်တော်မှာတော့ ပြုတ်သွားဖို့ရှိတယ် ထင်တာပဲ။ တကယ်တော့ ခေါင်းပေါင်းသာ ပြောတာ ခေါင်းစွပ်ကြီးရယ်ပါ။ ၀ါးနဲ့ရက်ပြီး အပေါ်မှာ ဇာလိုလို ပိုးစ လိုလိုအုပ်ထားတဲ့ ခေါင်းစွပ်ကြီးတစ်ခုပေါ့။ အချို့ကတော့ ပြောကြမှာပေါ့။ ခေါင်းပေါင်းဆိုတာ မြန်မာ့ ယဉ်ကျေးမှု။ ဒါကို အမြတ်တနိုး ထိန်းသိမ်းသင့်တယ်။ ဘာညာပေါ့။ ဟုတ်မှာပါ။ ခေါင်းပေါင်းဆိုတာ မြန်မာ့ယဉ်ကျေးမှုပေါ့။ အဲ့တော့လည်း ထိန်းသိမ်းရမှာပေါ့။ ဒါပေမဲ့.....။ ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် ဆိုရင်တော့ တကယ် ဖြစ်ဖြစ်မြောက်မြောက် ထိန်းသိမ်းဖို့ လိုတယ်လေ။ ဟိုးရှေးရှေ့ က ဗမာတွေဟာ အခုလို ၀ါးနဲ့ကွပ်ထားတဲ့ မောင့်ကျက်သရေ ခေါင်းစွပ်ကို စွပ်ကြတာလား။ ဒါမှ မဟုတ်။ ပိတ်စကို ခေါင်းမှာ တကယ်ပေါင်းကြတာလား။ အခုခေတ်လည်း တချို့ တောရွာတွေကို ရောက်ရင် လူကြီးတွေ ခေါင်းပေါင်း ပေါင်းထားကြတာကို တွေ့ရမှာပါ။ သူတို့ ပေါင်းတာကတော့ အခု လွှတ်တော်အမတ်တွေ ခေါင်းမှာစွပ်တဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းဆိုတာကြီး မဟုတ်ပါဘူး။ တကယ့်အစစ်အမှန် ပေါင်းတာပါ။ ပိတ်စ၊ ပ၀ါစ၊ တဘက်စ တစ်ခုခုကို ခေါင်းမှာ ပတ်ပြီး ပေါင်းထားတာပေါ့။ အဓိကကတော့ နေပူဒဏ်ကို ကာကွယ်ဖို့အတွက်။ ပြီးတော့ ချွေးတွေ ဘာတွေ ထွက်ရင်လည်း သုတ်လို့ရတယ်။ ခေါင်းခုပြီးတော့လည်း အိပ်လို့ရတယ်။ တစ်ခါတလေ ရေစစ်လည်း လုပ်လို့ရတယ်။ ပစ္စည်းတွေ ဘာတွေလည်း ထုပ်လို့ရတယ်။ အဲ့တော့ လွှတ်တော်အမတ်တွေ အနေနဲ့လည်း မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တယ် ထင်တာပဲ။ အခု အမတ်တွေ၊ တရားသူကြီးတွေ၊ ရှေ့နေတွေ အသုံးပြုနေတဲ့ ခေါင်းစွပ်ကြီးဟာ မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူးထင်တယ်လေ။ အင်္ဂလိပ်တွေ ဆောင်းတဲ့ ဦးထုပ်နဲ့ မြန်မာ့ ခေါင်းပေါင်းကို အချိုးကျကျ ပေါင်းစပ်ထားတာ မဟုတ်လား။ အင်္ဂလိပ်တွေ ဆောင်းတဲ့ ဦးထုပ်တွေဟာ နေရောင်ကို ကာကွယ်တယ်။ နှင်းတွေ၊ မိုးရေတွေကိုလည်း ကာကွယ်တယ်။ ခေါင်းကိုလည်း ကာကွယ်တယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါး ရှိတယ်။ ဖိမိတိုက်မိလို့လည်း ဘာမှမဖြစ်ဘူး။ လူတိုင်းလိုလို လွယ်လွယ်ကူကူပဲ ဦးထုပ်ကို ဆောင်းကြတယ်။ အခု မြန်မာ့နည်း မြန်မာ့ဟန် ခေါင်းစွပ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ မျက်စိကိုလည်း နေရောင်ကနေ မကာကွယ်ဘူး။ စွပ်ရင်လည်း ကွက်တိဖြစ်မှ ကျွတ်မကျမှာမို့ ခေါင်းကို ကျပ်စေတယ်။ ဖိမိ၊ တိုက်မိရင်လည်း ကျိုးကြေ ပျက်စီးတတ်သမို့။ ဘူးလေးနဲ့ ထည့်ထားရတယ်။ တကယ်တော့ မြန်မာတွေဟာ ယဉ်ကျေးမှုကိုလည်း ထိန်းချင်တယ်။ ဒါပေမဲ့ ခေါင်းပေါင်းအစစ်ကို ပေါင်းဖို့လည်း မတတ်ဘူး။ တတ်ရင်လည်း ပေါင်းရတာ မလွယ်ကူဘူး။ ခေါင်းပေါင်းနည်း တွေကလည်း တော်တော်များတာကို။ ဟိုးရှေးရှေးတုန်းက မင်းညီမင်းသား ပေါင်းတာနဲ့ အရပ်သားပေါင်းတာ မတူပြန်။ မှူးမတ်က တစ်နည်း။ စစ်သူကြီးက တစ်မျိုး။ ကိုလိုနီခေတ် ရောက်တော့ ခေါင်းပေါင်းကို တစ်နည်း ဆန်းသစ်လာကြပြန်တယ်။ အုပ်ပေါင်း၊ ပတ်ပေါင်း၊ ဘီအေပေါင်း ဆိုတာတွေပေါ့။ ဆန်းသစ်ရင်းနဲ့ ခက်လာတယ်။ အဲ့တော့ နောက်လူတွေဟာ ခေါင်းပေါင်းကို မပေါင်းတတ်ကြတော့ဘူး။ ဒီတော့ အလွယ်ရတဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းဆိုတဲ့ ခေါင်းပေါင်းအတု။ တစ်နည်းအားဖြင့် ဗမာခေါင်းစွပ်ကြီးကို စွပ်လိုက်တာပါပဲ။ အဲ့တော့ ခေါင်းပေါင်းလိုလို ဘာလိုလို ထင်သွားတာပေါ့။ အဲ့လိုမျိုး စွပ်တာဟာ ဟိုးအရင်ခေတ်။ လူတွေ ခေါင်းပေါင်းကို တန်ဖိုးထားတဲ့ အချိန်တုန်းကတော့ ကိစ္စမရှိပါဘူး။ ခေါင်းပေါင်းပါမှ လူရာဝင်တယ် ထင်ကြတာကိုး။ အဲ့တော့ လူရာဝင်ဖို့ ခေါင်းပေါင်းအတုကို စွပ်ရမှာပေါ့။ အဲ့လို စွပ်ရင်း၊ စွပ်ရင်းနဲ့ အတုက နေရာ ရလာရော။ ဒီလိုနဲ့ ခေါင်းပေါင်းအတုက မြန်မာ့ယဉ်ကျေးမှုဆိုပြီး ဖြစ်လာတယ်။ မောင့်ကျက်သရေ ခေါင်းစွပ်ဟာ မြန်မာ့ယဉ်ကျေးမှုပေါ့။ ဒါပေမဲ့ ခက်တာက အဲ့ ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစွပ်ကြီးကို နေရာတကာမှာ မစွပ်ကြတာပါပဲ။ ပွဲတွေ။ အခမ်းအနားတွေရှိရင် စွပ်မယ်။ မင်္ဂလာဆောင်မှာ စွပ်တယ်။ တရားရုံးမှာ စွပ်တယ်။ အဲ့လောက်ပဲ။ အခုတော့ လွှတ်တော်မှာ ပြန်စွပ်ကြတယ်။ အပြင်မှာတော့ ခေါင်းပေါင်းကို စွပ်ပြီး လျှောက်မသွားကြဘူး။ အခု လွှတ်တော်မှာတောင်မှ ခေါင်းပေါင်း ချွတ်ရေး၊ စွပ်ရေးနဲ့ ခဏခဏ ပြသ၁နာ တက်ကြတယ်လို့ ကြားတယ်။ တက်မှာပါပဲ။ လွှတ်တော် အစည်းအဝေး တောက်လျှောက် အဲ့ဒါကြီးကို စွပ်ထားတာ ဘယ်သက်သာပါ့မလဲ။ ခေါင်းကို ချုပ်ထားသလို ကျပ်ကျပ်တည်းတည်း ရှိနေမှာပဲ။ အပြင်ကနေ ဒီအတိုင်းလာ။ လွှတ်တော်ထဲ ရောက်ရင် ခေါင်းကို စွပ်။ တီးဘရိတ်ကြရင် ပြန်ချွတ်။ လွှတ်တော်ထဲ ပြန်ထိုင်ရင် ပြန်စွပ်။ နောက်ဆုံးတော့ လွှတ်တော်ဥက္ကဋ္ဌက “ဘယ်သူ ချွတ်ချွတ် မချွတ်ချွတ် ကျုပ်တော့ ချွတ်ပြီ” ဆိုမှ ပြသ၁နာ ခဏအေးလေတယ်။ တကယ်တော့ ခေါင်းပေါင်းဟာ ဗမာလူမျိုး တစ်မျိုးတည်းမှာ ရှိတာတော့ မဟုတ်ဘူး။ အခြားလူမျိုးတွေလည်း ကိုယ်စီကိုယ်ငှ ခေါင်းပေါင်းရှိကြတာပဲ။ ဒါပေမဲ့ သူတို့က တကယ့်ခေါင်းပေါင်းတွေ များတယ်။ အချို့ တိုင်းရင်သားတွေရဲ့ ခေါင်းပေါင်းကတော့ ချိုတွေ၊ ရွှေတွေ၊ ငွေတွေ ထည့်ထားလေတော့ ပိသာနဲ့ ချီပြီးလေးတယ်လို့ ကြားမိတယ်။ ယဉ်ကျေးမှုဆိုတာကြီးကလည်း ခက်တော့ခက်တယ်။ မထိန်းသိမ်းပြန်တော့လည်း အမျိုးကို မချစ်လို့၊ ဘာညာပြောကြမယ်။ ထိန်းသိမ်းပြန်တော့လည်း လူမှာ မသက်သာလှဘူး။ ဟိုးအရင်တော့ ခေါင်းပေါင်းဆိုတာ လူတိုင်းလိုလို လွယ်လွယ်ကူကူ ပေါ့ပေါ့ ပါးပါး ပေါင်းကြတယ်။ နှောင်းပိုင်း ရောက်လာတော့ ခေါင်းပေါင်းနည်းတွေကို စတန့်ထွင်ရင်းနဲ့ ခေါင်းပေါင်း ပေါင်းရတာ ခက်လာတယ်။ အဲ့တော့ လွယ်အောင် ခေါင်းစွပ် လုပ်ပလိုက်တယ်။ လျှော်ရတာလည်း သက်သာတယ်။ ဘူးလေးထဲ ထည့်သယ်သွားရုံပဲ။ တစ်ခါတလေတော့ ခေါင်းပေါင်းထည့်ဖို့ လုပ်ထားတဲ့ သရေဘူးလေးတွေဟာ ခေါင်းပေါင်းထက်တောင် ဈေးကြီးလေမလားပဲ။ မြန်မာ့ယဉ်ကျေးမှု လိုလို၊ ကုလားယဉ်ကျေးမှု လိုလို ဖြစ်နေတဲ့ ပုဆိုးဟာ အခုအချိန်အထိ မြန်မာပြည်မှာ ပန်းပန်နေဆဲပဲ။ ဘောင်းဘီတွေ ဘယ်လိုကောင်းတယ် ဆိုပေမယ့် မြန်မာပြည်ရဲ့ ဘယ်နေရာကို ကြည့်လိုက်၊ ကြည့်လိုက် ပုဆိုးဝတ်တဲ့လူတွေကို အများဆုံးတွေ့ရမှာပဲ။ လူငယ်ဘ၀မှာ ဘောင်းဘီကို ကြိုက်လှချည်ရဲ့ ဆိုသူတွေလည်း အသက် နည်းနည်းကြီးလာတာနဲ့ ဘောင်းဘီကိုစွန့်ပြီး ပုဆိုးကို ပြောင်းဝတ်ရတာပဲ။ လွယ်တာကိုး၊ ပေါ့ပါးတာကိုး။ အခုခေတ် ပုဆိုးလိုသာ မဟုတ်ဘဲ။ ရှေးခေတ်တုန်းကလို အတောင်နှစ်ဆယ် ပိတ်စကို ပတ်ရမယ် ဆိုရင်တော့ လူတွေ ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် မထင်မိဘူး။ ပိတ်စ အတောင်နှစ်ဆယ်ဆိုတော့ ဈေးကလည်း သက်သာမှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ တောင်ရှည်ပုဆိုး ၀တ်နည်း အတိုင်းသာ ၀တ်မှ မြန်မာ့ယဉ်ကျေးမှု ဆိုရင်လည်း အဲ့ယဉ်ကျေးမှုကို ထိန်းကြမှာ မဟုတ်ဘူး။ အဲ့တော့ အခု အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားဆိုတာ မရှိတော့ဘူး။ ဇာတ်ထဲမှာတော့ ရှိမလားပဲ။ တောင်ရှည်ကတော့ လူရွှင်တော်တွေ တစ်ခါတလေ ၀တ်ကြသေးတယ်။ ပြောချင်တာကတော့ လွှတ်တော်အမတ်တွေ အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် ဆိုရင်လည်း တောင်ရှည်နဲ့ တိုက်ပုံကိုဝတ်။ (တိုက်ပုံကလည်း တရုတ်က ယူတယ်လို့ ဆိုပြန်တယ်။ အခုတရုတ်တွေ တိုက်ပုံမှ မ၀တ်တာ ကိစ္စမရှိဘူး။ မြန်မာ့ယဉ်ကျေးမှု ဖြစ်သွားပြီ) ပြီးတော့ ခေါင်းစွပ်မဟုတ်တဲ့ ခေါင်းပေါင်းကို ကျကျနနပေါင်း။ ပြီးတော့ လွှတ်တော်တက်။ ဒါပေမဲ့လည်း လွှတ်တော်ဟာ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းဖို့ နေရာလား။ ဥပဒေတွေပြဋ္ဌာန်းပြီး တိုင်းပြည်ကို ပဲ့ကိုင်ဖို့ နေရာလား။ ဥပဒေပြဋ္ဌာန်းပြီး တိုင်းပြည်ကို ပဲ့ကိုင်ရမယ့် နေရာဆိုရင်တော့ အ၀တ်အစားက အရေးမကြီးဘူးလေ။ အဲ့ တစ်နည်းအားဖြင့် ဆိုရမယ်ဆိုရင် ခေါင်းမှာ စွပ်တဲ့ ခေါင်းစွပ်က အရေးမကြီးဘူး ၊ ခေါင်းစွပ်အောက်မှာရှိတဲ့ ဦးနှောက်ကမှ အရေးကြီးတာ။ မင်းကလည်းကွာ။ သူ့ဟာသူ စွပ်စွပ်၊ တပ်တပ် မင်းနဲ့ ဘာဆိုင်တုံး။ အဲ့ခေါင်းပေါင်းလေး စွပ်ထားတာ ဘာအပန်းကြီးလို့တုံး လို့ တချို့က ပြန်ပြောကြလိမ့်မယ်။ အဲ... အခုတော့ မဆိုင်ဘူးပေါ့လေ။ ဒါပေမဲ့ တစ်ချိန်မှာ ကျုပ်လည်း လွှတ်တော်အမတ် မဖြစ်ဘူးလို့ ပြောနိုင်မလား။ အဲ့ဒါအခါကျရင် ကျုပ်မကြိုက်တဲ့ ခေါင်းစွပ်ကြီးကို ခေါင်းမှာ စွပ်ထားရမှာ။ အဲ့ဒါကြောင့် အခုရှုပ်မှ နောင်ရှင်းဆိုသလို အခုတည်းက ပြောထားရတာ။ နိုမို့ဆို ကျုပ်ရောက်လာရင် ဘာအလုပ်မှ မလုပ်ရဘဲ ခေါင်းပေါင်းလား၊ ခေါင်းစွပ်လား ဆိုတဲ့ ပြသ၁နာနဲ့တင် လွှတ်တော်ကြီး အလုပ်မဖြစ်မှာ စိုးလို့ပါလို့။ စိုပြေ The Ladies News

ငွေဆောင်ကမ်းခြေတွင် လင်းပိုင်ငယ်လေး တစ်ကောင် ကမ်းတင်မှုဖြစ်ပွား

Sunday 17 January 2016

ဟန်နာဝှစ်တာရစ်ခ်ျ၏ အစ်မ လော်ရာ၏ စွပ်စွဲမှုများကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲများက ငြင်းဆို

--------- ---- ------ -- ခိုတောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဆုံးသူ ဟန်နာဝှစ်တာရစ်ခ်ျ၏ အစ်မ လော်ရာ၏ စွပ်စွဲမှုများကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲများနှင့် တရားရေး အရာရှိများက ငြင်းဆိုလိုက်သည်။ ထို လူသတ်မှုတွင် မြန်မာနိုင်ငံသား ရွှေ့ပြော်းလုပ်သား နှစ်ဦးအား သေဒဏ် ချမှတ်ခဲ့ခြင်းကို ဆန့်ကျင် တုံ့ပြန်သည့်အနေဖြင့် ထိုင်းတရားရုံးနှင့် အစိုးရ၀က်ဘ်ဆိုက် သုံးရာနီးပါးကို Anonymous ဟက်ကာ အဖွဲ့က တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ လော်ရာ၏ စွပ်စွဲမှုတွင် ပါဝင်သော အချက်များနှင့် ပတ်သက်၍ တိုင်းတရားရုံးက ကနဦး စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သည်ဟု တရားရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ “အမှုစစ်နေစဉ်အတွင်းမှာ ချက်ချင်း အရေးယူ ဆောင်ရွက် ရလောက်တဲ့ မူမမှန်တာ၊ ကန့်ကွက်တာမျိုး မရှိပါဘူး” ဟု ယင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ လူသတ်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအနေဖြင့် ဗြိတိန်သံရုံးမှ တစ်ဆင့် တရားဝင် ကန့်ကွက်လွှာတင်သွင်းမှသာ အပြည့်အ၀ စုံစမ်း စစ်ဆေးမှု ပြုလုပ်နိုင်မည်ဟု ယင်းက ပြောကြားသည်။ မကြာသေးခင်က လိပ်ကျွန်းရှိ ဟိုတယ်တစ်ခု၏ ရေကူးကန်တွင် နောက်ထပ် ဗြိတိန်ခရီးသွား အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် နောက်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌ အလှဆုံးနေရာ ဆိုသည့် ထိုင်းရဲ၏ မဆီလျော်သော ပြောကြားချက်နှင့် ပတ်သက်ပြီး ဖွင့်ပြောရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လော်ရာက ဆိုသည်။ “ထိုင်းနိုင်ငံ လှတယ်ဆိုတာ ပို့ စကတ်တို့ ဓာတ်ပုံထဲမှာတော့ ဟုတ်ပါလိမ့်မယ် ။ ဒါပေမဲ့ ကျွန်မကတော့ သဘောမတူနိုင်ဘူး။ လှတယ်လို့ ထင်တဲ့ အရာတွေ အများကြီး ရှိတယ်လေ။ ကျားတို့ ၊ ခြင်္သေ့တို့ လို အကောင်တွေပေါ့၊ ကြည့်ရတာတော့ လှတာပဲ ။ ဒါပေမဲ့  အနီးကပ် သွားကြည့်ပါလား၊ ရှင့်ကို တစ်စစီ ဆွဲဖြဲပစ်မှာ ။ ကျွန်မပြောချင်တာက ထိုင်းနိုင်ငံလို အယောင်ဆောင် အလှတွေက ရှင့်ကို အလွန်အန္တရာယ်ကြီးတဲ့  ထောင်ချောက်ထဲ ရောက်အောင် ဖြားယောင်းနိုင်တယ်” ဟု လော်ရာက ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့က ဟန်နာ နှင့် ဒေးဗစ်မေလာတို့ အသတ်ခံရမှုကို စက်တင်ဘာလ အတွင်းက စစ်ဆေး ဖော်ထုတ်ချက်သည် စနစ်ကျသေချာမှုမရှိဟု လော်ရာက ရေးသား ခဲ့သည်။ ထို့ ပြင် မိမိတို့ မိသားစုအနေဖြင့် လူသတ်တရားခံများနှင့် ပတ်သက်ပြီး နုတ်ဆိတ်နေရန် ငွေ အမြောက်အမြား ကမ်းလှမ်းကာ ခြိမ်းခြောက် ခံခဲ့ရသည်ဟု လော်ရာက ဆိုသည်။ ထို့ ပြင် ထိုင်းအစိုးရသည် လိပ်ကျွန်းတွင် အနောက်တိုင်း ခရီးသွားများကို သတ်ဖြတ်နေမှုများအား ကာကွယ် ဖုံးဖိနေသည်ဟုလည်း သူမက စွပ်စွဲခဲ့သည်။ အွန်လိုင်းလှုပ်ရှားသူများက ထိုင်းရဲများသည် မြန်မာနှစ်ဦးကို လူစားထိုး ချကျွေးသည်ဟု ဆိုသော ဗီဒီယိုတစ်ခုကို လော်ရာ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ထားခဲ့သည်။ ဒေးဗစ်မေလာ၏ မိဘများနှင့် အစ်ကိုဖြစ်သူအနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့ တွင် ချမှတ်ခဲ့သော မြန်မာအမျိုးသား နှစ်ဦးအပေါ် သေဒဏ်စီရင်ချက်ကို ထောက်ခံခဲ့သော်လည်း ဟန်နာ၏ မိသားစုက အမှုနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို လေ့လာရန်နှင့် သူတို့ ၏ အကြောင်းကို ပြောပြသိရှိရန် အသင့်တော်ဆုံး နည်းလမ်းကိုရှာနိုင်ရန် အတွက် အချိန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။ “ထိုင်းအတော်များများက အနောက်တိုင်းသားတွေကို မုန်းကြတယ်။ သူတို့ က လူတွေရဲ့ အသက်ကို နည်းနည်းပဲ တန်ဖိုးထားတယ်။ ဒါ ကျွန်မ ပေါ့ပေါ့တန်တန် ပြောနေတာ မဟုတ်ဘူး ။ အကြောင်းမရှိဘဲ ပြောတာ မဟုတ်ဘူး" ဟု လော်ရာက လိပ်ကျွန်း၌ မကြာသေးခင်က သေဆုံးခဲ့သော ဗြိတိန်လူငယ် အပါအ၀င် နိုင်ငံခြားသားများ ဆက်တိုက်သေဆုံးမှု ကို အလေးထား ပြောပြခဲ့သည်။ အဆိုပါ ဗြိတိန်လူငယ်၏ ကိုယ်ကို ခွဲစိတ်စစ်ဆေးရန် ကျွန်းမှ သယ်လာခဲ့ပြီး ထိုင်းရဲများက သူသည် အရက်မူးပြီး ရေကူးကန်ထဲ ခေါင်းစိုက် သေဆုံးခြင်းဖြစ်သည်ဟု မီဒီယာများကို ပြောခဲ့သည်။ “ဟန်နာကို ဆုံးရှုံးရကတည်းက လိပ်ကျွန်းမှာ နောက်ထပ် သံသယရှိစရာ ကောင်းတဲ့  သေဆုံးမှုတွေ အများကြီး ရှိနေခဲ့တာ။ အခုနောက်ဆုံး လူသေမှုမှာလည်း ကျွန်မ သံသယအများကြီး ရှိတယ်။ ထိုင်းတွေကတော့ မူးယစ်ဆေးသုံးလို့ မတော်တဆ သေတာပါလို့  ပြောလိမ့်မယ်။ အဖြစ်အမှန်ကို ဖုံးကွယ်ပြီး ဇတ်လမ်းဆင်တာက သူတို့ ခဏခဏ လုပ်နေကြပဲ။” ဟု လော်ရာက ပြောကြားခဲ့သည်။ The Ladies News Journal

နိုင်ငံခြားအဖွဲ့နှင့် ရေးဆွဲထားပြီးသော ရန်ကုန်မြို့တော်စီမံကိန်းကို စက္ကူပေါ်တွင်သာထားရစ်ခဲ့ပြီး လုပ်ချင်သလို လုပ်နေကြဟု ဒေါ်အောင်ဆန်းစုကြည်ဆို

- 17-01-2016 ရန်ကုန်မြို့တစ်မြို့လုံးသည် စီမံကိန်းဖြင့် လုပ်ရမည့် အလုပ်ဖြစ်ပြီး အစိုးရ ကလည်းလွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလကတည်းက နိုင်ငံခြားအဖွဲ့တစ်ခုကိုရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲခိုင်းထားမှုများ ရှိသော်လည်း လုပ်ချင်တာလုပ်နေကြခြင်းကြောင့် ဆက်စပ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆို လိုက်သည်။ - RFA သတင်းဌာနက “မင်္ဂလာဈေး မီးလောင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ မှာ အဲ့ဒီဈေးကို ပထမအကြိမ်မီးလောင်လို့ ပြုပြင်တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့ ပြောကြတယ်ခင်ဗျ။ ...... ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစ်မတို့အစိုးရလက်ထက်မှာ ဘယ်လို ကိုင်တွယ် ဆောက်ရွက်မလဲခင်ဗျာ” ဟုမေးမြန်းခဲ့မှုကို ဒေါ်အောင် ဆန်းစုကြည်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ - ရန်ကုန်မြို့တော် စီမံကိန်းဟုဆိုကာ ရေးဆွဲခိုင်းခဲ့ရာ ဆွဲထားသည့် အဖွဲ့က ကောင်းကောင်းမွန်မွန် ရေးဆွဲထားသော်လည်း စီမံကိန်းသည် စက္ကူပေါ်တွင် ဆွဲခိုင်းထားခြင်းဖြစ်၍ ပြန်လှည့်ကြည့်သည့်ပုံမရှိဘဲ လုပ်ချင်သလို လုပ်နေကြသည့်အတွက် စနစ်မရှိ စည်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သည်။ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးလုပ်ငန်းကို ပထမဦးဆုံး တရားဥပဒေ စိုးမိုးရေးနှင့် ကိုင် တွယ်ရမည်ဟုလည်း၎င်းကဆိုသည်။ - “ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ လုပ်နေတဲ့ကိစ္စ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။ ဒီလို မလုပ်သင့်တဲ့ကိစ္စတွေ မလုပ်အောင်၊ မဆောက်သင့်တဲ့ နေရာတွေ မဆောက်အောင်၊ မဆောက်သင့်တဲ့ အဆောက်အအုံလိုမျိုး မဆောက်ဖို့ ၊ ဒါတွေဟာ စည်းမျဉ်း စည်းကမ်း ဥပဒေတွေ ရှိပြီးသား၊ အဲ့ဒါတွေကို မလိုက်နာတာတွေက တော်တော်ပြဿနာတက်တယ်။ နောက်ပြီးတော့လည်း စည်းမျဉ်းစည်းကမ်း၊ ဥပဒေအသစ်တွေလည်း လိုတာတွေလည်း ထပ်ပြဋ္ဌာန်းရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ - ထို့အတူ “ရန်ကုန်မှာက အခု အဆောက်အအုံတွေ၊ ရုံးတွေမှာ အာမခံထားတာကလည်း အကုန်လုံး မဟုတ်ဘူးလို့ ကျွန်တော်ကြားတယ် ခင်ဗျ။....... အခုမီးလောင်ရင် တစ်ခါတည်းဘဝပျက်သွားကြရော၊ တချို့ပေါ့နော်။ အဲ့ဒါမျိုးကို အစ်မဘယ်လို ကိုင်တွယ်မလဲ” ဟုRFA သတင်းဌာန၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အဆောက်အအုံများကားများကို အာမခံထား ရှိရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေအရ လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပြီး စီးပွားရေး အခြေအနေနှင့်လည်း ဆိုင်သည်၊ အဆင့်အတန်းမီသည့် အဆောက်အအုံများ ၊ အန္တရာယ်ကင်းသည့် အဆောက်အအုံများ ဆောက်ဖို့သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ရန်လိုသည်၊ သတ်မှတ်ချက်များ အတိုင်းလုပ်ဆောင်ဖို့ ဆိုရာတွင် တရားဥပဒေ စိုးမိုးရေးနှင့်လည်း သက် ဆိုင်ပြီး စက္ကူပေါ်တွင်သာ ဥပဒေထားပြီး သက်ရောက်မှု မရှိပါက အလကား ပင်ဖြစ်သည်ဟုဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ The Ladies News Journal

Friday 15 January 2016

NLD အမတ်တွေကြီးစိုးတော့မယ့် လာမယ့်လွှတ်တော်သစ်အတွက် ပြည်သူတွေ မစောင့်နိုင်တော့ဘူး ပြောတာလည်း လွန်တယ်မထင်နဲ့ဗျ။ အဆိုတွေက ပြောင်မြောက်လွန်းလို့ပါ။

NLD အမတ်တွေကြီးစိုးတော့မယ့် လာမယ့်လွှတ်တော်သစ်အတွက် ပြည်သူတွေ မစောင့်နိုင်တော့ဘူး ပြောတာလည်း လွန်တယ်မထင်နဲ့ဗျ။ အဆိုတွေက ပြောင်မြောက်လွန်းလို့ပါ။ >>>>>>>>>>>>>>>>> လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်မှ ကျပ်ဘီလီယံ ၆၀၀ ကျော် ဖြတ်တောက်ရန် လွှတ်တော် ပြင်ဆင် ======================== အစိုးရသစ်၏ ပ ထမဆုံးနှစ်ဖြစ်သော လာမည့်ဘ ဏ္ဍာနှစ်တွင် မလိုအပ်သောစီမံ ကိန်းများ ရွှေ့ဆိုင်းနိုင်ရန် ပြည် ထောင်စု အစိုးရက တင်ပြထား သည့် အသုံးစရိတ်များထဲမှ ကျပ် ဘီလီယံ၆၀၀ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းကော်မတီတွဲဖက်အတွင်းရေးမှူးဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။ ၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း မှ ၀န်ကြီးဌာနများ၊ ဗဟိုအဖွဲ့အ စည်းများက သုံးစွဲရန်တောင်းခံ ထားသည့် အသုံးစရိတ်သည် ကျပ် ငွေဘီလီယံပေါင်း၂၁,၀၀၀ ကျော်ရှိသည်။ ကျပ်ငွေ ၃၇ ဘီလီယံသာဖြတ်တောက်ရန် လျာထားခဲ့သော်လည်း အဆ ၂၀ ခန့်တိုးမြှင့်ကာ ကျပ် ၆၂၉ ဘီလီယံ(ကျပ်သန်းပေါင်း ၆၂၉,၀၀၀ကျော်)ဖြတ်တောက်ရန်ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။ ကျပ် ၆၂၉ ဘီလီယံ ဖြတ်တောက်ခြင်းသည် နည်းပါးနေသေးပြီး ပိုမိုဖြတ်တောက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့ဖြတ်တောက် ခြင်းသည် အကျိုးအမြတ်မရှိသည့် စီမံကိန်းများ ဆက်မလုပ်ဘဲ ရပ်တန့်သွားအောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးကဆက်လက်ပြောကြားသည်။ သို့သော် ဘတ်ဂျက်ဖြတ် တောက်ရာတွင် ပညာရေးနှင့် ကျန်းမာရေးကဲ့သို့ ကဏ္ဍများ ထိ ခိုက်နစ်နာမှု မရှိစေရန် ဆင်ခြင် စဉ်းစားပြီးမှ ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဌာန များက ရငွေကျပ် ၈ဒသမ ၇ထရီ လီယံ(ကျပ်ဘီလီယံပေါင်း ၈,၇၀၀ ကျော်)ရှိရာတွင် ၁၂ဒသမ၄ထရီ လီယံခန့်ပြန်သုံးစွဲကြောင်း၊ နိုင်ငံ တော်ပိုင်စီးပွားရေးအဖွဲ့အစည်း များသည်လည်း ၀င်ငွေကျပ် ခုနစ်ထရီလီယံခန့်ရှိပြီး ရရှိငွေထက် ပိုမို ရင်းနှီးမြှုပ်နှံမှုကများနေသည်။ နေပြည်တော် ကောင်စီ သည် ၀င်ငွေကျပ် ၈ဒသမ၅သန်း ရှိရာ သုံးငွေကျပ်သန်း၁၀,၀၀၀ကျော်(၁၁,၅၉၆ ဒသမ၇၄)ရှိနေ ခြင်းတို့မှာ ဘတ်ဂျက်လိုငွေများ ကို ဆိုးရွားစွာဖြစ်ပေါ်စေသည်ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆက် လက်ပြောသည်။ အစိုးရက တောင်းခံထား သည့် သုံးငွေများထဲမှ ဖြတ် တောက်ရန် ပမာဏ တင်ပြထား သောကြောင့် ၀န်ကြီးများက ပြည်ထောင်စု လွှတ်တော်သို့ လာရောက်၍ ၎င်းတို့ တင်ပြထားသည့် ငွေကြေးပမာဏနှင့်လုပ်ဆောင်မည့် လုပ်ငန်းများ ရှင်းလင်းတင်ပြရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်မည်ဖြစ်သည်။ Source. 7 Days

Thursday 14 January 2016

NLD ပါတီက အစိုးရအဖွဲ့စာရင်းများ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ် ဖွဲ့စည်းရေးအတွက် သမ္မတ၊ ဝန်ကြီးများ၏ အမည်စာရင်းများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံး ထား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့အထိတော့ အစိုးရဖွဲ့စည်းရေးကို တရားဝင်တော့ မထုတ်ပြန်သေးပါဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒါပေမဲ့ ဦးတင်ဦး ပြောပုံအရတော့ အခုထွက်ပေါ်နေတဲ့အတိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်လောက်မှာတော့ အစိုးရအဖွဲ့စာရင်းတွေ ထွက်နိုင်ပါတယ်။ အဲဒီလောက် နောက်ဆုံးဖြစ်မှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် တစ်ဦးထံမှ သိရသည်။ NLD ပါတီမှ အစိုးရဖွဲ့ပါက လက်ရှိ အစိုးရအဖွဲ့မှ ထားရှိသည့် မလိုအပ်သော ဝန်ကြီးဌာနများကို လျှော့ချသွားမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို လျှော့ချရန်မရှိကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ NLD အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသား နိုင်ငံရေးသမားနှင့် ပညာရှင်များ၊ NLD ပါတီဝင်အချို့နှင့် လက်ရှိအစိုးရအဖွဲ့မှ လူဟောင်းအချို့တို့ ပြန်လည် ပါဝင်လာနိုင်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အစိုးရအဖွဲ့တွင် ပါဝင်လာနိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုနေမှုရှိကြောင်း သိရသည်။ “ကျွန်တော်တို့က NLD အစိုးရအဖွဲ့မှာ ဘယ်သူတွေပါမလဲ သိချင်နေတာပါ။ သမ္မတ ဘယ်သူဖြစ်မလဲ၊ ဘယ်သူတွေ ဝန်ကြီးဖြစ်မလဲ အားလုံးက သိချင်နေကြတာပါ။ အစိုးရသစ်မှာ ဘယ်သူတွေ ပါမလဲဆိုတာ စိတ်မဝင်စားတဲ့လူ မရှိသလောက်ပဲ” ဟု ကမာရွတ်မြို့နယ် ၆ ရပ်ကွက်နေထိုင်သူ ဦးအောင်မျိုးက ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သဖြင့်၊ ၂၀၁၆ ခုနှစ် မတ်လတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း - MMK The Ladies News Journal

ဒိန်းမတ်နိုင်ငံ Air Alsie A/S ပိုင် အထူးလေယာဉ်အား ဒိန်းမတ်နိုင်ငံသား Mr.Jan Osterbuek ပါလေယာဉ်အမှုထမ်း(၃)ဦးမောင်းလျက် ကော့သောင်းလေဆိပ်မှ ရန်ကုန်လေဆိပ်

ဒိန်းမတ်နိုင်ငံ Air Alsie A/S ပိုင် အထူးလေယာဉ်အား ဒိန်းမတ်နိုင်ငံသား Mr.Jan Osterbuek ပါလေယာဉ်အမှုထမ်း(၃)ဦးမောင်းလျက် ကော့သောင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ (၁၄-၁-၂၀၁၆)ရက်နေ့ (၁၃၂၀)အချိန်ရောက်ရှိလာခဲ့ရာ ၎င်းလေယာဉ်ဖြင့် အိုင်ယန်လန်နိုင်ငံသားအဆိုတော် Mr.Paul David Hewson ပါ(၇)ဦးအဖွဲ့လိုက်ပါလာခဲ့ပါသည်။ Aviation Police Yangon Airport ။

" ကျွန်မတို့ကို စိတ်ဓာတ်ခွန်အားရစေတဲ့သူက အန်တီဒေါ်အောင်ဆန်းစုကြည်ပဲ "

Q. အစ်မ နိုင်ငံရေးစလုပ်ဖြစ်ပုံကို ပြောပြပါဦး။ A. ကျွန်မက နိုင်ငံရေးကို ၁၉၉၀ က စလုပ်တာပါ။ ၈၈ မှာက ဆယ်တန်းအောင်ဆိုတော့ ဟိုလည်းမပါ၊ ဒီလည်းမပါပေါ့။ ဗကသလို့ ခေါ်တဲ့ ကျောင်းသားအဖွဲ့မှာလည်း မပါဘူး။ ကိုယ်က လွတ်နေတယ်။ အဲဒီအချိန်မှာ မြို့နယ်လုံခြုံရေးတွေ ကိုယ့်ဘာသာကိုယ် ယူရတယ်။ ဟိုဘက်ကနေ ဟိုဟာတွေ တက်လာပြီ၊ ဒီဘက်ကနေ ဒီဟာတွေ တက်လာပြီဆိုတာမျိုး အသံတွေက အမြဲတမ်းကြားရတော့ ကိုယ့်ရပ်ကွက် လုံခြုံဖို့အတွက်ကို အိမ်မှာစုပြီးတော့ လက်ပတ်တွေ ဆေးရိုက်ရတယ်။ ကျွန်မတို့ တစ်ညလုံး မအိပ်ဘူး။ ဆေးရိုက်နေတာ။ ပြီးရင် ညဘက်မှာ လက်ပတ်တွေပတ်ပြီး လုံခြုံရေး ယူရတယ်။ အဖေတို့က လုံခြုံရေးယူတော့ ကျွန်မတို့က သူတို့တွေကို နောက်ကနေ လိုတာတွေလုပ်ပေးရတယ်။ ကိုယ့်ရပ်ရွာကာကွယ်ရေးအတွက် ဘယ်လိုလုံခြုံရေးယူရမလဲ၊ ကိုယ့်မြို့နယ်ကို လူစိမ်းတွေဝင်ရင် ဘယ်လိုတာဝန်ယူမလဲဆိုတာတွေကို အဲဒီမှာ သိလာတာပေါ့။ ၁၉၉၀ မှာ NLD ပါတီဝင်ခဲ့တယ်။ NLD ပါတီဝင်ပြီးတော့ အခု အောင်နိုင်ရေးလုပ်သလိုပဲ မဲကို ဘယ်လိုထည့်ရမှာလဲဆိုတာ တစ်အိမ်တက်ဆင်း လိုက်ရှင်းပြရတယ်။ ပါတီယူနီဖောင်းတွေ ၀တ်ပြီး တစ်အိမ်တက်ဆင်းသွားရတယ်။ အဲဒီတုန်းက ပင်နီနဲ့ ခမောက်ပေါ့။ ၁၉၉၀ တုန်းက လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက အခု အရမ်းအကျိုးရှိတယ်။ နောက်တော့ တက္ကသိုလ်ဆက်တက်တယ်။ ကျောင်းကလည်း ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ပဲ တက်ရင်းကနေ ၁၉၉၆ မှာ ဘွဲ့ရတယ်။ ဘွဲ့လည်း ရပြီးရော ကျွန်မတို့ရပ်ကျေးအဖွဲ့ကနေ ရုံးချုပ်မှာ လူငယ်အင်အားဖြည့်တင်းဖို့ လိုတယ်ဆိုတော့ ရုံးချုပ်ကို ရောက်သွားတယ်။ ရုံးချုပ်မှာ အဲဒီတုန်းက ကလေးတွေကို ဆန်ပြုတ်တိုက်တာတို့၊ ဆေးပေးတာတို့ကို ကူညီပေးရတယ်။ နောက်တော့ ရုံးချုပ်က စာကြည့်တိုက်ကိစ္စတွေ၊ သင်တန်းကိစ္စတွေ လုပ်ခဲ့ရတယ်။ အဲဒီတုန်းက ၁၉၉၆ မှာ အန်တီဒေါ်အောင်ဆန်းစုကြည် လွတ်လာသေးတယ်။ ပြီးတော့ အန်တီနဲ့ နှစ်ပတ်တစ်ကြိမ် လူငယ်တွေ့ဆုံပွဲတွေ ရုံးချုပ်မှာ လုပ်တယ်။ အဲဒီတုန်းက Part Time ပဲ သွားတယ်။ အိမ်ရဲ့ စီးပွားရေး ဆေးလိပ်လုပ်ငန်းက နယ်မှာသွားပြီး စာရင်းရှင်းရတာတွေ လုပ်ရတော့ Part Time လေးပဲ သွားတယ်။ အန်တီနဲ့တွေ့တဲ့ အချိန်လေးရယ်၊ နောက်ပြီး အင်္ဂါနေ့ အပတ်စဉ် ဆေးပေးတာတွေရယ်၊ စာကြည့်တိုက်မှာရယ် တာဝန်က တစ်ပတ်ကို ၂-၃ ရက် ပုံမှန်သွားတယ်။ Q. အစ်မ ထောင်ကျခဲ့တာက ဘယ်အချိန်လောက်ကလဲ။ A. ၁၉၉၉ မှာ အန်တီက မန္တလေးခရီးစဉ်သွားတဲ့အခါကျတော့ ကျွန်မတို့က အန်တီ့ကို လိုက်ပို့တာ ဘူတာကြီးရှေ့မှာ အဖမ်းခံရတယ်။ နောက်တော့ အင်းစိန်ထောင်ထဲ ရောက်သွားတယ်။ ၂၀၀၀ မှာ ပြန်လွတ်တယ်။ အဲဒါ ပထမဦးဆုံး ထောင်အတွေ့အကြုံပဲ။ အင်းစိန်သီးသန့်ထောင်၊ အခုပြောကြတဲ့ ကြိုးတိုက်ပေါ့။ သီးသန့်ထောင်မှာ ၁၂ ခန်းရှိတယ်။ ကျွန်မတို့ NLD က လူတွေ အကုန်လုံး တစ်ခန်းကို လေးယောက်နှုန်း၊ ငါးယောက်နှုန်းနဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ထားတယ်။ အဲဒီမှာ လေးလနဲ့ လေးရက် ကြာခဲ့တယ်။ တော်တော်လေးပဲ ဒုက္ခရောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက မိသားစုနဲ့လည်း တွေ့လို့မရဘူး။ မိသားစုကလည်း ကျွန်မတို့ကို သေသွားသလား၊ ဘယ်ရောက်သွားသလဲ မသိဘူး။ ကျွန်မတို့ကလည်း ဆက်သွယ်လို့ မရဘူး။ ၂၀၀၀ ရောက်တော့မှသာ ထောင်ထဲရောက်ပြီး နှစ်လလောက်မှာ ICRC ရောက်လာပြီးတော့မှ ကျွန်မတို့ အင်းစိန်ထောင်မှာ ရှိတယ်ဆိုတာကို မိသားစုတွေက သိရတယ်။ စာတစ်ခါပဲ ရေးလို့ရတယ်။ သူတို့ဆီက ပါဆယ်ပို့တယ်။ ထောင်ဝင်စာတွေ့ခွင့် မရဘူး။ ပါဆယ်ပို့ပေးတယ်။ ထောင်ထဲမှာ လေးလကျော်နေခဲ့ရတယ်။ အရင်က Part Time လုပ်နေရာကနေပြီးတော့ ထောင်ကထွက်ပြီးတော့မှပဲ အခုအချိန်အထိ နိုင်ငံရေးထဲကို လုံးဝပါသွားတော့တာ။ NLD ပါတီမှာ အချိန်ပြည့်ပဲ အလုပ်လုပ်ဖြစ်တော့တယ်။ ဘာအိမ်အလုပ်မှလည်း မလုပ်တော့ဘူး။ ပါတီမှာပဲ ပါတီရဲ့ ကိစ္စမှန်သမျှကို နေ့ရောညရော လုပ်လိုက်တော့တယ်။ Q. အဲဒီလို ထောင်ထဲမှာ နေရတဲ့အချိန် အစ်မကို စိတ်ဓာတ်ခွန်အားပေးခဲ့တာက ဘာဖြစ်မလဲ။ A. အဲဒီအချိန်မှာ ကျွန်မတို့ကို စိတ်ဓာတ်ခွန်အားရစေတဲ့သူက အန်တီဒေါ်အောင်ဆန်းစုကြည်ပဲ။ ထောင်ကျနေတဲ့သူတွေ တော်တော်များများကို မေးကြည့်တယ်။ ကျွန်မတို့ ဆုံတဲ့အခါ စကားပြောဖြစ်ကြတော့ ဘာသွားတွေ့ရလဲဆိုရင် အားလုံးရဲ့ရင်ထဲမှာ အန်တီ့ကို တကြတယ်။ အဲဒါက ခွန်အားတစ်ခုဖြစ်နေတယ်။ ကျွန်မတို့ရဲ့ ယုံကြည်လေးစားတဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့။ ကျွန်မတို့နဲ့အတူတူ ဒုက္ခသုက္ခရောက်ခဲ့တယ်။ သူလည်း အမျိုးသမီးဖြစ်တယ်ဆိုတော့ ကျွန်မတို့အတွက် ခွန်အားအများကြီး ရခဲ့တယ်။ ညကျလို့ရှိရင် မိဘတွေကို အိပ်မက်မမက်ဘူး။ အန်တီ့ကိုပဲ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အန်တီ့ကိုတွေ့တယ်တော့၊ ဘယ်လိုလေးတော့ဆိုတာမျိုး အချင်းချင်းပြောပြီး ပျော်ရွှင်ခဲ့ရတာလေ။ အန်တီ့ကို အိပ်မက်မက်ရင် ထောင်ကျနေတာတောင် မေ့ပြီး ပျော်ရွှင်နေသေးတယ်။ ထောင်ထဲမှာ ဘယ်လောက်ကြီးပဲ မွန်းကျပ်ကျပ်၊ ဘယ်လောက်ကြီးပဲ ပိတ်လှောင်ထားထား၊ အဲဒီလိုမျိုး တွေ့လိုက်ရင် စိတ်ချမ်းသာသွားတယ်။ အဲဒါ အကုန်လုံး ခံစားရတာ။ သူက ကျွန်မတို့ရဲ့မျှော်လင့်ချက်လည်းဖြစ်သလို ခွန်အားလည်း ဖြစ်တယ်။ မိသားစုရဲ့ ပံ့ပိုးမှုကလည်း အများကြီးလိုပါတယ်။ ထောင်ထဲမှာ ခက်ခက်ခဲခဲ ရပ်တည်ရတဲ့အခါကျတော့ မိသားစုရဲ့ ပံ့ပိုးမှုလည်း လိုသလို မိသားစုကလည်း ကိုယ့်ကို စိတ်ဓာတ်ခွန်အားရစေပါတယ်။ တရားလည်း လိုတယ်လေ။ တရားလည်း လုပ်ရတာပဲ။ ကျွန်မတို့ဆိုရင် ထောင်ထဲရောက်တော့မှ တရားစာတွေ ပရိတ်ကြီး ၁၁ သုတ်တို့၊ ပဋ္ဌာန်းတို့ အလွတ်ရသွားတယ်။ စာအုပ်ဖတ်ရတာ မဟုတ်ဘူး။ ပလတ်စတစ်ပေါ်မှာ တစ်ယောက်ကရေးတယ်။ ငပိကြော်တို့၊ ငံပြာရည်ကြော်တို့ ပို့တဲ့ ပလတ်စတစ်ကို ဆေးလိုက်တယ်။ နေလှန်းပြီး ခြောက်သွားတော့ နံရံကို ပလတ်စတစ် ကပ်လိုက်တယ်။ နံရံက အဖြူ။ အဲဒီပေါ်မှာ သံချွန်နဲ့ ရေးတယ်။ ပရိတ်ကြီး ၁၁ သုတ် အထပ်လိုက်ပေါ့။ အဲဒါကို ညကျရင် မီးလုံးလေးတွေပေါ်မှာ ထောင်ဖတ်ရတယ်။ အဲဒါနဲ့ ပရိတ်ကြီး ၁၁ သုတ် အကုန်ရသွားတယ်။ သုံးလလောက်မှ စာအုပ်ရတာ။ ပထမပိုင်းက ပလတ်စတစ်နဲ့ပဲ ဖတ်ရတယ်။ စာအုပ်ကလည်း တရားစာအုပ်ပဲ ဖတ်ရတယ်။ တရားစာအုပ်လေး တစ်အုပ် ဘယ်ကနေ ဘယ်လို ဘယ်သူကနေ ထိုးထည့်လိုက်လည်း မသိဘူး။ အဲဒီ တရားစာအုပ်ကို အလုအယက်ဖတ်ရတယ်။ " ပရဟိတနှင့် နိုင်ငံရေးနယ်ပယ်မှ ဒေါ်ဖြူဖြူသင်း၏ ဘ၀ဖြတ်သန်းမှုအကြောင်း " အင်တာဗျူးဆောင်းပါးမှကောက်နုတ်ချက် Eternal Light Magazine January 2016

သတင်းတွေတော့.. ထွက်လာနေပြီ ======================= သတင်း ရေငုန် နှုတ်ပိတ် နေတတ်တဲ့ NLD ထံမှ အစိုးရ ဖွဲ့စည်းရေး နဲ့ ပါတ်သက်လို့ ဘာတွေ ဆောင်ရွက်နေလဲ ဆိုတာ သတင်းတွေ တစထက် တစ ထွက်ပေါ်လာနေပါတယ်။

NLD က အထက်တန်း အဖွဲ့ဝင် တဦးဆီက ထွက်လာတဲ့ သတင်းအရကတော့ နိုင်ငံတော် သမ္မတကို ရုပ်ပြ အနေနဲ့သာ ခန့်အပ်သွားမယ့်အပြင်၊ အရင် အာဏာရ အစိုးရဘက်မှ အနည်းဆုံး တဦးကို ၀န်ကြီးရာထူး ပြန် ပေးဘို့ ရှိနေတယ် ဆိုတဲ့ အကြောင်းနဲ့ တိုင်းရင်းသား လူမျိုးစုများမှ တတ်သိ ပညာရှင်များကိုပါ အစိုးရ အဖွဲ့ထဲ ထည့်သွားမယ် ဆိုပါတယ်။ အစိုးရ ၀န်ကြီးဌာနတွေကို စုစုပေါင်း ၂၅ ထက် မကျော်အောင် ပေါင်းစပ် ဖွဲ့စည်းသွားဘို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ၀န်ကြီး စာရင်း နဲ့ သမ္မတလောင်း အမည်ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့ မတိုင်မီ ထုတ်ပြန်သွားဘို့ ရှိနေတယ်လို့ သိရပါတယ်။ လောလောဆယ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စစ်တပ်နဲ့ ထိပ်တိုက် ရင်မဆိုင်လိုတဲ့ အတွက် အလောသုံးဆယ် ဆောင်ရွက်ဘို့ မရှိတဲ့ အပြင် အခုလို အခမ်းအနား တက်ဘို့ လောက်သာ တာဝန်ရှိမယ့် သမ္မတ ကို ကြည့်ပြီး ဖွဲ့စည်းပုံကို မပြင်မနေရ လိုအပ်နေပြီ ဆိုတာ ပြည်သူတွေ သဘောပေါက် နားလည် လာတဲ့အထိ စောင့်လိုပုံရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် က လူသိရှင်ကြား မဟုတ်ပေမယ့် ကာချုပ်နဲ့လည်း ထပ်မံပြီးတံခါးပိတ် ဆွေးနွေမှုတွေ မကြာခဏ ဆိုသလို ပြုလုပ်နေပါတယ်။ ဒါဟာလည်း တပ်ချုပ်ဟောင်းကြီးကနေ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံလိုက်မှုရဲ့ နောက်ဆက်တွဲတွေလို့ .ယူဆရပါတယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချပြီး တပ်မတော်ကို အင်အားချိနဲ့ အောင် လုပ်ဘို့ မဟုတ်ပဲ အရပ်ဘက် အုပ်ချုပ်မှု အောက် ကို တဖြေးဖြေး သွင်းယူသွားဘို့ ကြိုးပမ်းလာမှာ မလွဲပါဘူး၊ နေ့ချင်း ညချင်း ဖြစ်လာမှာ မဟုတ်ပေမယ် အခု လက်ရှိ ဒိုင်အာခီ အုပ်ချုပ်ပုံ စနစ်ကိုပြောင်းလဲဘို့ အရေး ရေရှည် ပြုလုပ်သွားရမယ့် မဟာဗျူဟာ အဖြစ် ချမှတ်ထားပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တင် ကာချုပ်နဲ့ ဆွေးနွေးနေတာ မဟုတ်ပဲ NLD ပါတီ မှ ကိုယ်စားလှယ်တွေကလည်း တပ်မတော် အရာရှိများနဲ့ တပါတ်ကို အနည်းဆုံး နှစ်ကြိမ် သုံးကြိမ် မက ဆွေးနွေးနေကြပါတယ်။ စိုးရိမ် မကင်း ရှိပုံရတဲ့ စစ်တပ်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တင်မက ကျန်တဲ့ သူတွေကပါ ဘယ်လို သဘောထား ရှိသလဲဆိုတာ တီးခေါက် ချင်တဲ့ အနေအထား ရှိနေတာ တွေ့ရပါတယ်။ ဒါတွေအားလုံး ခြုံကြည်ရင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလို့ သမ္မတရုံးမှ ဦးဇော်ဌေးက ဆိုနေပါတယ်။ ကိုးကား၊ ၊ Strait Times (Reuters) HSW

“ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာတာ မဟုတ်ဘူး။ စံသတ်မှတ်ချက် မရှိခင်က ထွက်ခဲ့တာ”

(Alpha Info-Tech ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း) “ဇော်ဂျီကို Upgrade လုပ်လိုက်ရုံပါပဲ။ အင်ဂျင်ကျလာတဲ့ကားကို ပြင်ပြီးသုံးမှ ကားစီးသူတွေ ခရီးရောက်မှာပါ” ( Myanmar’s Net ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ထွဋ် တွေ့ဆုံခြင်း)) မြန်မာနိုင်ငံတွင် စံမြန်မာစာစနစ် ရှိလာရေးအတွက် ဆောင်ရွက်လျက် ရှိနေသည်။ သို့သော်လည်း တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး စံသတ်မှတ်ချက်ရှိသည့် မြန်မာစာစနစ်ကို ပြောင်းလဲအသုံးပြုရန် အတွက် နှောင့်နှေးနေရသည်။ စံမြန်မာစာစနစ် တစ်ခုတည်း ဖြစ်ရေးအတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ဩဂုတ် ၁ ရက်တွင် ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ယင်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ယင်းကြောင့် လက်ရှိ အသုံးပြုမှုများနေသည့် ဇော်ဂျီ မြန်မာစာစနစ်နှင့် စံသတ်မှတ်ချက် ရှိသည်ဟု ဆိုထားသည့် ယူနီကုတ်စနစ်တို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရှင်များကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြအပ်ပါသည်။ “ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာတာ မဟုတ်ဘူး။ စံသတ်မှတ်ချက် မရှိခင်က ထွက်ခဲ့တာ” --------------------------------------------- (Alpha Info-Tech ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း) Voice : စံသတ်မှတ်ချက်ဆိုတာ ဘာလဲ။ ဘယ်လို တိုင်းတာတာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။ UYMT : ယူနီကုတ်လို အဖွဲ့အစည်းကနေ စံသတ်မှတ်ချက်တွေ သတ်မှတ်ထားတယ်။ ဘယ်နိုင်ငံက ဆိုရင် ဘယ်စာလုံးကို ဘယ်နေရာမှာ ထည့်ပေးမယ် ဆိုပြီးတော့ စံနှုန်းတွေ သတ်မှတ်ထားတာရှိတယ်။ တကယ်တမ်းကျတော့ ယူနီကုတ် ဗားရှင်း ၃ လောက် ကတည်းက ဗမာစာကို အခြားနိုင်ငံခြားသားတွေက ထည့်ထားတာတွေ ရှိတယ်။ အဲ့ဒီ စံသတ်မှတ်ချက်တွေမှာ မတူတဲ့ဟာတွေကို ပြင်လာခဲ့ကြတာတွေ ရှိတယ်။ အရင်တုန်းက သတ်မှတ်ထားတဲ့စံက အင်္ဂလိပ်စာ အတွက်ကနေ တဖြည်းဖြည်းနဲ့ အခြားနိုင်ငံတွေရဲ့ စံတွေပါ ပါလာအောင် လုပ်ရတယ်။ အဲ့ဒီအထဲမှာ မြန်မာစာ အတွက်ကို နေရာတွေ တောင်းရတယ်။ သတ်မှတ်ထားတဲ့ ပမာဏထဲမှာ ဘယ်စာလုံးတွေ ထည့်ရမယ် ဆိုတာကို တင်ရတယ်။ အဲ့ဒါကို စံသတ်မှတ်ချက်လို့ ခေါ်တာ။ သူတို့အခေါ်ကတော့ ISO 10646 လို့ခေါ်တယ်။ Voice : ဇော်ဂျီအနေနဲ့ရော စံဖြစ်အောင်သွားမယ် ဆိုရင် ဘယ်လိုလုပ်လို့ရမလဲ။ UYMT : ဇော်ဂျီကနေ စံဖြစ်အောင်သွားမယ် ဆိုရင် ဇော်ဂျီက စံမဖြစ်ဘူး၊ ဖြစ်တယ်ဆိုတာကို အရင်ရှင်းမှ ရမယ်။ ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာဘူးလား ဆိုတော့ အခုအချိန်ကျမှ ဇော်ဂျီထွက်လာတာ ဆိုရင်တော့ မလိုက်နာဘူး။ ဒါပေမဲ့ အခုရှိတဲ့ စံသတ်မှတ်ချက်က ၂၀၀၈ မှ ပေါ်လာတာ။ ၂၀၀၈ မှ ထွက်လာတဲ့ စံသတ်မှတ်ချက်ကြီးကို ၂၀၀၄ မှာ ထွက်ခဲ့တဲ့စနစ်က ဘယ်လိုလိုက်နာရမလဲ။ မြန်မာစာက စံသတ်မှတ်ချက်ဖြစ်အောင် သွားတဲ့အခါကျတော့ ယူနီကုတ် 4.1 မှာ မြန်မာစာက တော်တော်များများ ပါလာတယ်။ အဲ့ဒီထဲမှာ မပါလာတာက ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး ပါမလာဘူး။ အဲ့ဒါတွေကို အရင်တုန်းက ပေးမထည့်ဘူး။ အဲ့ဒီလို သတ်မှတ်ထားတာနဲ့ စံသတ်မှတ်ချက်ကြီး ထွက်လာတယ်။ အဲ့ဒါက ၂၀၀၄ လောက်က။ မပါဘဲ လိုနေတဲ့ အောက်က တဝမ်းပူတို့၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးတို့ကို ဘယ်မှာသွားထည့်လိုက်လဲ ဆိုတော့ လွတ်တဲ့နေရာတွေမှာ ထည့်လိုက်တယ်။ အဲ့တော့ သုံးလို့ရသွားတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီဇော်ဂျီကို သုံးခဲ့တာ။ ၂၀၀၈ လောက်မှာမှ ထွက်လာတဲ့ စံသတ်မှတ်ချက် ဆိုတာကြီးနဲ့ ပြောလို့မရဘူး။ ကျွန်တော့်ဘက်က ပြောချင်တာက ဇော်ဂျီက စံသတ်မှတ်ချက်ကို မလိုက်နာတာမဟုတ်ဘူး။ စံသတ်မှတ်ချက် မရှိခင်က ထွက်ခဲ့တာ။ Voice : ဇော်ဂျီမြန်မာစာစနစ်နဲ့ ယူနီကုတ်စနစ်ကြား ကွာဟတာက ဘာဖြစ်မလဲ။ UYMT : ၂၀၀၈ မှာ Zawgyi 2008 ဆိုပြီးတော့ အသစ်တစ်ခု လုပ်ခဲ့သေးတယ်။ အဲ့ဒါက အခု ယူနီကုတ်လိုပဲ။ ကကြီး ရရစ်ဆိုရင် ရရစ်က တစ်လုံးတည်း သိမ်းသွားတယ်။ သုညကို တစ်ချောင်းငင် လိုက်တာနဲ့ သုညကနေ ဝလုံး ပြောင်းပေးတယ်။ အဲ့ဒါမျိုးပါတဲ့ ဇော်ဂျီစနစ်ကို လုပ်တယ်။ တိုင်းရင်းသား ဘာသာစကားမှာ ယူသုံးထားတဲ့ နေရာတွေကို ဖယ်ပေးတယ်။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးကလွဲလို့ ယူနီကုတ်အတိုင်း လုပ်ပေးတယ်။ ယူနီကုတ်ရဲ့စံနှုန်းကို လိုက်နာတဲ့ ဇော်ဂျီ ဆန်ဆန်တော့ ဖြစ်တာပေါ့။ တကယ့်ယူနီကုတ်နဲ့ ဘာကွာလဲဆိုတော့ 4.1 မှာ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး မပါခဲ့ရာကနေ 5.1 ကို ရောက်တဲ့အခါ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး ပါလာတယ်။ ကျွန်တော်တို့က ဇော်ဂျီက ၂၀၀၄ ကတည်းက သုံးထားတာ။ သူတို့က ၂၀၀၈ လောက်ကျတော့ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုး ထည့်တဲ့အခါကျတော့ ကျွန်တော်တို့နဲ့ မတူအောင် ထည့်လိုက်တယ်။ တကယ်လို့သာ လူတွေ ဇော်ဂျီသုံးနေတာကို အသိအမှတ် ပြုပြီးတော့ ဂရုစိုက်ပြီး ထည့်မှာချင်းတူတူ ဇော်ဂျီနဲ့ တူအောင်ထည့်လိုက်ရင် အခုအချိန်မှာ လွယ်လွယ်လေး ဖြစ်သွားမယ်။ အခုတော့ နေရာရွှေ့လိုက်တော့ အဲ့လိုမဖြစ်ဘဲ ဖြစ်သွားတယ်။ သူက အဲ့တုန်းက အဲ့လိုမလုပ်ခဲ့ဘူး။ ဇော်ဂျီကို နေရာဖယ်ပြီး ယူနီကုတ်က နေရာယူတဲ့ ဆန်ဆန်လုပ်ခဲ့တယ်။ နေရာတူအောင်သာ လုပ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ ဇော်ဂျီက ရှိချင်မှတောင် ရှိတော့မှာ။ လွယ်လွယ်ကူကူ ပြောင်းသွားမှာ။ Voice : အသုံးပြုသူတွေက ယူနီကုတ်ကို ပြောင်းသုံးဖို့ ဝန်လေးနေသလို ဖြစ်နေတယ်။ အဲ့ဒါဘာကြောင့်လို့ မြင်သလဲ။ UYMT : အဓိကကတော့ ပြောင်းသုံးလို့ ကုန်သွားမယ့် အချိန်တို့၊ ငွေတို့ စတာတွေနဲ့ ပြန်ရလာမယ့် နည်းပညာတွေကို တန်တယ်လို့ မထင်ရင် ပြောင်းမသုံးဘူး။ တန်တယ်လို့ထင်ရင် ပြောင်းသုံးမှာလေ။ ဝင်းဒိုးအသစ်တွေ ပြောင်းသုံးတယ်ဆိုတဲ့ ကိစ္စက ပိုကောင်းတယ်လို့ စဉ်းစားလို့လေ။ ဗားရှင်းတွေ ပြောင်းသုံးတယ်ဆိုတဲ့ အဓိကအချက်က လုပ်ဆောင်ချက်တွေ ပိုကောင်းလာတာကို မက်လို့လေ။ အခုအချိန်မှာ Zawgyi 2016 ဗားရှင်း ထုတ်တယ်ဆိုရင် ကျွန်တော့်ကို ဆဲ။ ရတယ်။ လက်ခံတယ်။ ဘာဖြစ်လို့ ယူနီကုတ်နဲ့ စံမကိုက်တာကြီး ထုတ်တာလဲဆိုပြီး ပြောလို့ရတယ်။ ဒါပေမဲ့ အဲ့ဒီ အချိန်ကဟာကြီးကို သုံးနေတာကျတော့ ကျွန်တော်နဲ့မဆိုင်ဘူး။ သူတို့နဲ့လည်း မဆိုင်ဘူး။ အသုံးပြုသူနဲ့ပဲ ဆိုင်တယ်။ သူ့ထက်ပိုပြီး အကျိုးရတယ်လို့ ပြနိုင်တဲ့ ထုတ်ကုန်ကို ထွင်နိုင်ရင် လူတွေက မသုံးနဲ့လို့တောင် ပြောလို့ရမှာ မဟုတ်ဘူး။ ပိုက်ဆံပေးရရင်တောင် ဝယ်မှာ။ Voice : ဇော်ဂျီရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်တာမဟုတ်ဘဲ အဆင်ပြေပြေဖြစ်အောင် ဘယ်လို လုပ်လို့ရမလဲ။ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘာတွေလိုမလဲ။ UYMT : ဇော်ဂျီကို ယူနီကုတ်ရဲ့ စံနှုန်းအတိုင်းဖြစ်အောင် ယူနီကုတ်အတိုင်း ထားမယ်။ ယူနီကုတ်ရဲ့ သဘောက ဒီစာလုံးတွေ ပါရမယ်ဆိုတာပဲ ပြောတာလေ။ ဘယ်နေရာမှာ ထားရမယ်ဆိုတာ မပါဘူး။ အဲ့တော့ လက်ရှိယူနီကုတ်ကို ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးကို နဂိုဇော်ဂျီနဲ့ တူအောင်ထားမယ်။ အဲ့ဒါကို ISO တင်လိုက်ရင် ယူနီကုတ်စံနှုန်းနဲ့လည်း ကိုက်သွားမယ်။ ဇော်ဂျီလည်း အသစ်ဖြစ်သွားမယ်။ ဇော်ဂျီအဟောင်းကိုလည်း အသစ်မှာ မြင်ရသွားမယ်။ အဲ့ဒီစနစ်သာ ပေါ်ခဲ့ရင် ဇော်ဂျီအဟောင်းတွေက မြင်ရမယ်။ အသစ်က ယူနီကုတ်အတိုင်း ဖြစ်သွားမယ်။ လူတွေက ရိုက်ရင်း ရိုက်ရင်းကနေ ယူနီကုတ်တွေ ဖြစ်သွားမယ်။ သူတို့ဘက်က အဲ့ဒီ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ရှေ့ထိုးကို ပေးမပြောင်းဘူး။ ============================= “ဇော်ဂျီကို Upgrade လုပ်လိုက်ရုံပါပဲ။ အင်ဂျင်ကျလာတဲ့ကားကို ပြင်ပြီးသုံးမှ ကားစီးသူတွေ ခရီးရောက်မှာပါ” ----------------------------------------------- (Myanmar’s Net ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ထွဋ်နှင့် တွေ့ဆုံခြင်း) Voice : မြန်မာစာ စံသတ်မှတ်ချက်က ဘာလဲ။ ဘယ်လိုတိုင်းတာတာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။ UZH : မြန်မာနိုင်ငံမှာ အသုံးများတဲ့ (ကျွန်တော် မှတ်မိသလောက် လူဦးရေ ၅ သန်းကျော်က ပြောဆိုအသုံးပြုတဲ့) တိုင်းရင်းသား ဘာသာစကားတွေ အားလုံးကို Universal Code ခေါ် Unicode Standard ထဲ ထည့်ပါတယ်။ Unicode Standard ကို ISO-10646 စံအဖြစ် ထည့်သွင်းသတ်မှတ်ပါတယ်။ အဲဒီစံစနစ်ကိုသုံးရင် မြန်မာစာကို အင်္ဂလိပ်စာ သုံးသလို လိုသလို ရှာနိုင်မယ်၊ အက္ခရာ စီနိုင်မယ်၊ တွက်ချက်နိုင်ပါမယ်။ (စံသတ်မှတ်ချက် အသေးစိတ်ကို www.unicode.org မှာ ကြည့်ရှုနိုင်ပါတယ်။) အဲဒီစံနှုန်းထား စည်းကမ်းတွေနဲ့ ကိုက်ညီရင် စံမီပါတယ်။ မတူရင် မမီပါဘူးလို့ဘဲ သတ်မှတ်ပါတယ်။ ဒီလိုစံသတ်မှတ်ထားတဲ့ အတွက် တစ်ကမ္ဘာလုံး ဘယ်နေရာရောက်ရောက် Font မရှိလို့ မမြင်ရဘူးဆိုတဲ့ခေတ် နောင်မှာ ရှိတော့မှာ မဟုတ်ပါဘူး။ Voice : လက်ရှိအသုံးများနေတဲ့ မြန်မာစာစနစ်ရဲ့ အားနည်းချက်က ဘာတွေဖြစ်မလဲ။ ယူနီကုတ်လို့ ပြောတဲ့စနစ်တွေရဲ့ အားသာချက်တွေကရော ဘာတွေဖြစ်မလဲ။ UZH : လက်ရှိအသုံးများနေတဲ့ စနစ်တွေဟာ ဒုတိယမျိုးဆက် မြန်မာစာစနစ်တွေပဲ ဖြစ်ပါသေးတယ်။ မြန်မာစာလုံး တစ်လုံးကို ရှာရင် တွေ့တဲ့အခါ တွေ့၊ မတွေ့တဲ့အခါ မတွေ့ဖြစ်တာဟာ အသိသာဆုံး အချက်ပါပဲ။ ယူနီကုတ်ကို မသုံးဖြစ်သေးတဲ့ သူတွေဟာ မြန်မာစာ Data နဲ့ ကွန်ပျူတာရဲ့ စွမ်းရည် အပြည့်အဝ အသုံးမချနိုင်လို့ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေတာ တွေ့ရပါတယ်။ အံ့ဩရလောက်အောင်ကောင်းတဲ့ ကွန်ပျူတာစနစ်တွေကို အခမဲ့သုံးလို့ ရနေရဲ့သားနဲ့ ယူနီကုတ် မသုံးတဲ့စက်တွေ ဖုန်းတွေမှာ အသုံးမပြုနိုင်တော့ မြန်မာနိုင်ငံသားတွေ အရမ်းနစ်နာနေပါတယ်။ Voice : ဇော်ဂျီအနေနဲ့ ၂၀၀၅ လောက်မှာ လုပ်ခဲ့တယ်။ ၂၀၀၈ မှာ စပြီးထွက်လာတဲ့ စံသတ်မှတ်ချက်မှာ မဝင်ဘူးပေါ့။ အငြင်းပွားမှုတွေ ရှိတယ်။ ဒါက ဘယ်လိုရှိသလဲ။ UZH : မြန်မာယူနီကုတ်ကို Unicode Standard Version 3 မှာ မြန်မာစာ ပထမဆုံး စပါခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ကတည်းကပါ။ ၂၀၀၅ မှာ မြန်မာယူနီကုတ် အပြည့်အစုံကို Unicode Version 4.1 ထဲမှာ ၂၀၀၅ ခုနှစ် ကတည်းက ထွက်ခဲ့တာ ဖြစ်ပါတယ်။ Voice : မြန်မာစာစနစ်ကို ပြောင်းတဲ့နေရာမှာ အသုံးပြုသူက ပြောင်းပြီးအသုံးပြုမှလား။ နည်းပညာအရ အဆင်ပြေပြေဖြစ်အောင် ဘယ်လိုလုပ်လို့ ရဦးမလဲ။ UZH : မြန်မာစာစနစ်ကို ပြောင်းသုံးဖို့က ဖုန်း Handset တွေ၊ Hardware, Software တွေ ထုတ်လုပ်သူတွေနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ မီဒီယာတွေက တစ်ပြိုင်တည်းမှာ ပြောင်းသုံးဖို့ လိုပါတယ်။ Visionary Leadership ရှိတဲ့ ခေါင်းဆောင်တွေ ဦးဆောင်ပြောင်းလဲရမယ့် အလုပ်ပါ။ User တွေက အလိုအလျောက် လိုက်လာပါလိမ့်မယ်။ ဒီပြောင်းလဲရေးကိုလည်း တာဝန်ရှိတဲ့ အစိုးရပိုင်းက ဦးဆောင်မလုပ်လို့ NGO တွေ၊ Civil Organization တွေက ထလုပ်နေရတာပါ။ ကျွန်တော်တို့ မြန်မာတွေ ကမ္ဘာ့မိသားစုက ခွဲထွက်ပြီး ငါ့မြင်းငါစိုင်း လုပ်ကြတဲ့ခေတ်ကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပါပြီ။ Voice : ယူနီကုတ် စံသတ်မှတ်ချက်ကို မလိုက်နာတဲ့ စနစ်ကြောင့် ဘယ်လိုထိခိုက်မှု ရှိနိုင်လဲ။ UZH : မြန်မာဘာသာနဲ့ Database အပြည့်အဝ မသုံးနိုင်တာဟာ တိုင်းပြည်ကို တိုးတက်သင့်သလောက် တိုးတက်မလာအောင် အတားအဆီးကြီးတစ်ခု ဖြစ်နေပါတယ်။ ကွန်ပျူတာကို ဘုရားစူးစေ့ စာစီစာရိုက်အတွက်ပဲ သုံးတဲ့ခေတ်ထက် ပိုတိုးတက်ဖို့ လိုနေပါပြီ။ Voice : ဇော်ဂျီရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားမှ ယူနီကုတ်စနစ် အသက်ဝင်မှာလား။ ဒါမှမဟုတ် ဇော်ဂျီပါ လိုက်ပါနိုင်မယ့် အဖြေတစ်ခု ရှိနိုင်လား။ UZH : လွယ်လွယ်လေးပါ။ ဝင်းမြန်မာစာ စနစ်ကို Upgrade လုပ်လိုက်တော့ ယူနီကုတ်အဖြစ်နဲ့ Database သုံးလို့ ရသွားတယ်။ ဇော်ဂျီကို Upgrade လုပ်လိုက်ရုံပါပဲ။ အင်ဂျင်ကျလာတဲ့ကားကို ပြင်ပြီးသုံးမှ ကားစီးသူတွေ ခရီးရောက်မှာပါ။ မီးခိုးတလူလူနဲ့ ဆီအရမ်းစားနေတဲ့ကားကို ပြည်သူတွေကို အတင်းမသုံးခိုင်းသင့်ပါဘူး။ Voice : တိုင်းရင်းသား ဘာသာစကားတွေ အတွက် ယူနီကုတ်စနစ်က ဘယ်လိုအထောက်အပံ့ပေးလဲ။ လက်ရှိပေးထားတဲ့ အထောက်အပံ့ကရော ပြည့်စုံနေပြီလား။ လိုအပ်တာတွေရှိမယ် ဆိုရင် ဘယ်လိုဖြည့်စွက်မလဲ။ UZH : ရှမ်း၊ မွန်၊ ကရင်ဘာသာတွေ ရနေပါပြီ။ ရှားပါးရှေးစာလုံးတွေလို အချို့စာလုံးတွေ ထပ်ဖြည့်ဖို့ လိုကောင်းလိုပါမယ်။ မြန်မာစာအဖွဲ့ ဦးစီးဌာနကို အခြားတိုင်းရင်းသားဘာသာတွေ အတွက်ပါ တာဝန်ယူ လုပ်ပေးနိုင်အောင် ပြင်ဆင်ဖွဲ့စည်းထားတာ သိရပါတယ်။ ဘာသာဗေဒ ပညာရှင်တွေ ပေါင်းပြီး ထပ်ဖြည့်လို့ ရပါတယ်။ Voice : မြန်မာစာ စနစ်တစ်ခုတည်း ဖြစ်သွားတဲ့ အခါမှာ ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်သလဲ။ UZH : ဘယ်နေရာရောက်ရောက် ဘယ်ကွန်ပျူတာ ဘယ်ဖုန်းမှာကြည့်ကြည့် မြန်မာစာမပေါ်လို့ ဆိုတဲ့ ပြဿနာ ရှိတော့မှာ မဟုတ်ပါဘူး။ Voice : တစ်ချိန်မှာ မဖြစ်မနေ ပြောင်းရမယ်လို့ ယူဆကြတယ်။ လက်ရှိမှာက တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုတွေ ရှိနေတယ်။ ဒီအချိန်မှာ ပြောင်းလိုက်ပြီး နောက်ထပ် ထပ်ပြောင်းဖို့ လိုဦးမှာလား။ UZH : မော်တော်ကား စပေါ်ခါစက ဒီဇယ်အင်ဂျင်ကားပဲ ရှိခဲ့ပါတယ်။ ဓာတ်ဆီကားတွေ ပေါ်လာပြီး၊ အခု Gasohol အရက်နဲ့ မောင်းတဲ့ကားတွေ၊ ဆိုလာနဲ့ မောင်းတဲ့ကားတွေ ရှိလာပါပြီ။ ခေတ်အလိုက် အသုံးများလာရင် တဖြည်းဖြည်းချင်း ပြောင်းသုံးသွားကြရမှာ ဓမ္မတာပါ။ ကမ္ဘာ့ရေစီးကြောင်းပါ။ Voice : ဖြည့်စွက်ပြီး ဘာများပြောချင်သေးသလဲ။ UZH : ယူနီကုတ် မသုံးကြလို့ ပြည်သူအများစုက နောက်ဆုံးပေါ် နည်းပညာတွေ မသုံးနိုင်ဘဲ ဖြစ်မှန်းမသိ ဖြစ်နေပါတယ်။ စနစ်ဟောင်းကို သုံးနေလို့ တိုင်းရင်းသား ဘာသာစကားတွေကို ကွန်ပျူတာတွေ၊ ဖုန်းတွေမှာ အမှန်မပေါ်ဘဲ ဖြစ်နေတယ်။ ပြောင်းသုံးဖို့ ယူနီကုတ်သုံးတဲ့ မြန်မာစာစနစ် ၁၀၀ လောက်တောင် ရှိနေပါပြီ။ တာဝန်ရှိသူတွေက မကြာခင် တစ်ပြိုင်နက်တည်း ပြောင်းမယ့်ရက် ကြေညာပါလိမ့်မယ်။ ပြောင်းဖို့အသင့်ဖြစ်ဖို့ ယူနီကုတ်ဆော့ဝဲတွေ ထည့်ထားနှင့်ဖို့ လိုနေပါပြီ။ နောက်ဖုန်းအသစ်ဝယ်တဲ့အခါ မြန်မာယူနီကုတ် ထည့်လို့ရမရ မေးပြီးမှ ဝယ်ပါ။ (မောင်မန်း)