Wednesday 23 March 2016

အင်ဂျင်နီယာလောကကို တုန်လှုပ်သွားစေသော ဇာတ်လမ်းတစ်ပုဒ်

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လေးနှစ်ကျော်ကြာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူသည် ဆယ်တန်းပင် မအောင်သူဖြစ်နေသောအခါ... အင်ဂျင်နီယာလောကအတွင်း အံ့သြစရာသတင်းတစ်ခု ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အောင်မြင်ခဲ့သော နာမည်ကျော်မင်းသား လီယိုနာဒိုသရုပ်ဆောင်ခဲ့သော Catch Me If You Can ဟောလိဝုဒ်ဇာတ်လမ်းကဲ့သို့ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နှင့်ဖြစ်သည်။ Catch Me If You Can ဇာတ်ကားထဲမှ လီယိုနာဒိုဇာတ်ရုပ်က ဆေးကျောင်း၊ လေယာဉ်မှူးသင်တန်း၊ ဥပဒေကျောင်းများ မတက်ခဲ့ပါဘဲ ဆရာဝန်၊ လေယာဉ်မှူး၊ ရှေ့နေအဖြစ် တစ်လျှောက်လုံး ဟန်ဆောင်လိမ်လည်ခဲ့သည်။ ယခုဇာတ်လမ်းက စိတ်ကူးယဉ်ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းမဟုတ်ဘဲ သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ၌ ဖြစ်ပွားခဲ့ပါသည်။ YTU တွင် ဧည့်ပါမောက္ခအဖြစ် လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ တင်ထွန်း၏ ပညာအရည်အချင်း အစစ်အမှန်မှာ ဒသမတန်းပင် မအောင်မြင်ခဲ့ကြောင်း သိလိုက်ရသောအခါ အားလုံးအံ့သြမှင်တက်သွားသည်။ ၁၉၈၁ တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မြို့ပြဘာသာရပ်ဖြင့် BE ဘွဲ့ရပြီးနောက် M.Sc, Ph.D (Project Management) NTU ဘွဲ့ရရှိထားသည်ဟု ဦးတင်ထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် မော်လမြိုင်မြို့ အထက(၅)တွင် နဝမတန်း တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့၌ ဒသမတန်းလာရောက်ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၈၁ မှစကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများကပြောသည်။ ထို့အပြင် ၎င်းသည် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအပြင် နိုင်ငံရပ်ခြားသို့ပါ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ငန်းအတွေ့အကြုံရှိသူ တစ်ဦးဖြစ်သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၂၀၁၂ အတွင်း ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုသို့ လာရောက်ခဲ့ပြီးနောက် ဧည့်ပါမောက္ခအဖြစ် လျှောက်ထားခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုအချိန်က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အနယ်နယ်အရပ်ရပ်မှ ထင်ရှားသည့် အင်ဂျင်နီယာပညာရှင်များအား ဧည့်ပါမောက္ခအဖြစ် လက်ခံသင်ကြားစေခဲ့ပြီး အစဉ်အလာအရ ဧည့်ပါမောက္ခ လျှောက်ထားသူကို ၎င်း၏ကိုယ်ရေးရာဇဝင်ကိုသာ ကြည့်၍ ခန့်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ကိုယ်ရေးရာဇဝင်စစ်ဆေးခဲ့သူသည် ဦးတင်ထွန်းအား ဘွဲ့လက်မှတ်တောင်းခံရာ အင်ဂျင်နီယာကောင်စီ၌ PE (Professional Engineer) လျှောက်ထားနေသောကြောင့်ဟု အကြောင်းပြခဲ့၍ ကိုယ်ရေးရာဇဝင်တွင် ပါဝင်သည့် ၁၉၈၁ RIT BE အောင်စာရင်းကို သွားရောက်စစ်ဆေးရာ ခုံနံပါတ် ၁၁၃ တွင် တင်ထွန်းဟူသောနာမည်ကို တွေ့ရှိရ၍ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် လက်ခံခဲ့သည်။ သို့သော် အမှန်တွင် ၎င်းမဟုတ်ဘဲ အမည်တူတစ်ဦး ရှိနေခြင်းဖြစ်သည်။ ဦးတင်ထွန်းအား ရန်ကုန်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ မဟာတန်း (ME) ကျောင်းသူ၊ ကျောင်းသားများအား Construction Project Manage-ment ဘာသာရပ်နှင့်ပတ်သက်၍ ဧည့်ပါမောက္ခအဖြစ် ၂၀၁၃ မေလတွင် စတင်သင်ကြားစေခဲ့သည်။ ဦးတင်ထွန်း၏ နှစ် ၃၀ ကျော်ရှိသည့် လုပ်ငန်းအတွေ့အကြုံနှင့် လေ့လာမှုများအရ မြို့ပြအင်ဂျင်နီယာ မဟာတန်းကျောင်းသူ၊ ကျောင်းသားများအား အခက်အခဲမရှိ သင်ကြာပေးနိုင်ခဲ့ပြီး ကျောင်းသားများ၏ လေးစားမှုကို ရရှိခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် အင် ဂျင်နီယာတစ်ဦးက ပြောသည်။ ဦးတင်ထွန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ အသင်းဝင်အဖြစ် လျှောက်ထားခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ (Myanmar Engi-neering Council) က ၂၀၁၄ ဧပြီတွင် အသိအမှတ်ပြုအင်ဂျင်နီယာလက်မှတ် (PE-Professional Engineer) နှင့် အာဆီယံအသိအမှတ်ပြု PE (ACPE) လက်မှတ်ရရှိထားသူတစ်ဦးဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်း၏လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်တစ်ဦးက ပြောသည်။ ဦးတင်ထွန်းသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ပေးအပ်သည့် PE(Professional Engineer) နှင့် RSE (Registered Senior Engineer) များ စိစစ်ရေးတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများက ဆိုသည်။ ဦးတင်ထွန်းသည် ဆရာကန်တော့ပွဲများသို့ တက်ရောက်လေ့ရှိသူမဟုတ်ဘဲ ကျောင်းပြီးသည့် နှစ်တူကျောင်းသားဟောင်းများနှင့် တွေ့ဆုံပါက ရှောင်ရှားလေ့ရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။ ၎င်း၏ အကြံအစည်သည် အင်ဂျင်နီယာအသင်းနှင့်ကောင်စီတွင် နေရာရယူ၍ ပြင်ပလုပ်ငန်းရှင်များထံမှ လုပ်ငန်းများရယူရန် ဖြစ်နိုင်ကြောင်း အင်ဂျင်နီယာအများစုက သုံးသပ်ကြသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ဗဟိုကောင်စီဝင်ဖြစ်ရန် ၂၀၁၅ ဇန်နဝါရီအတွင်း လျှောက်လွှာတင်ခဲ့ရာမှ ဘွဲ့လက်မှတ်မူရင်း တင်ပြနိုင်ခြင်းမရှိသောကြောင့် လေ့လာစုံစမ်းရင်း စက်မှုတက္ကသိုလ် (RIT) တွင် ၁၉၈၁ ၌ BE ဘွဲ့ ရရှိခဲ့သည်မှာ မဟုတ်မှန်ကြောင်း တွေ့ရှိခဲ့ရသောကြောင့် အသင်းကထုတ်ပယ်ခဲ့ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ သိရသည်။ ‘‘အသင်းအနေနဲ့ သူ့ကို အသင်းသားတစ်ယောက်မှာရှိရမယ့် ကျင့်ဝတ်နဲ့မညီလို့ ထုတ်ပယ်လိုက်တာပါ။ အင်ဂျင်နီယာတစ်ယောက်မှာ ရှိရမယ့် ကျင့်ဝတ်နဲ့ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ ထုတ်ပယ်ထားတာပါ’’ ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။ ထို့အပြင် ၂၀၁၅ အတွင်းက ၎င်း၏ဇာတိမြေဖြစ်သည့် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခု၌ ဦးတင်ထွန်းအား ဒသမတန်းမအောင်မြင်ဘဲ ဟောပြောသည်ဟု ဝိုင်းဝန်းကန့်ကွက်မှုများရှိခဲ့ပြီးနောက် ၎င်းကိုသတိထားမိ၍ စုံစမ်းမှုများ စတင်ပြုလုပ်ခဲ့ကာ ယခုကဲ့သို့ အဖြစ်မှန်ပေါ် ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများက ဆိုသည်။ ‘‘သတင်းကြားပြီး စိစစ်ဆက်သွယ်တဲ့အခါ ဦးတင်ထွန်းအား အဆက်အသွယ်မရခဲ့ပါ။ ၎င်းကို ၂၀၁၅ အောက်တိုဘာတွင် ထုတ်ပယ်ခဲ့ပြီးဖြစ်ပြီး သတင်းစာတွင် ဖော်ပြရာ၌ မပါဝင်ပါ။ လက်ရှိ MEngC က ယခင်က ဦးသန်းမြင့် ထုတ်ပေးထားတဲ့ PE လက်မှတ်ကို တစ်လအတွင်း ပြန်အပ်ခိုင်းထား၊ မအပ်လျှင် တရားစွဲအရေးယူသွားရန် ဆောင်ရွက်လျက်ရှိ၊ ရန်ကုန်မြို့တွင် လက်မှတ်အတု၊ နိုတြီအတုများ အစစ်နဲ့မခြားအောင် လုပ်ဆောင်နေသော ဆိုင်များလည်း ရှိနေတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ဦးတင်ထွန်းကို 7Day News သတင်းဂျာနယ်က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ဘဲ ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Tin Tun) တွင် ‘‘ဖေ့စ်ဘွတ်ခ်မှာ ရေးနေတာကြောင့် ပိုစိတ်ဆင်းရဲရတယ်။ Engg လောကကို ကျွန်တော် ကောင်းအောင်သာ လုပ်ခဲ့တာ ဆရာအသိဆုံးပါ’’ဟု မှတ်ချက်ရေးသားခဲ့ပြီး ယခုထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ပြန်လာလျှင် စာပြန်သင်ကြားမည့်အကြောင်းရေးသားခဲ့သည်။ အဆိုပါ လိမ်လည်မှုသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ တာဝန်ရှိသူများ၏ စိစစ်မှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး နောင်လာမည့် ကာလများတွင် ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် သတိထား ဆောင်ရွက်သင့်ကြောင်း ပြည်တွင်းရှိ အင်ဂျင်နီယာများက အကြံပြုထားသည်။ ဘွဲ့လက်မှတ်အတု၊ စာရွက်စာတမ်းအတုဖြင့် လိမ်လည်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၂၀ (လိမ်လည်ခြင်း)/၄၆၈ (စာ ရွက်စာတမ်းအတုပြုလုပ်ခြင်း)/ ၄၇၁ (စာရွက်စာတမ်းအတုဖြင့် အသုံးပြုခြင်း) တို့ဖြင့် တရားစွဲဆိုနိုင်ပြီး အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်အထိချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောကြားသည်။ မြန်မာနိုင်ငံ၌ လက်ရှိတွင် အဆင့်မြှင့်တင်ထားသည့် ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ် အပါအဝင် နည်းပညာတက္ကသိုလ်များ ဖွင့်လှစ်ထားပြီး အင်ဂျင်နီယာများစွာ မွေးထုတ်ပေးလျက်ရှိပြီး ထိုစဉ်က တစ်နိုင်ငံလုံးတွင် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) တစ်ခုတည်းသာရှိသည့် အချိန်တွင် ယခုကဲ့သို့ ဘွဲ့လက်မှတ်လိမ်လည်မှုရှိခဲ့သောကြောင့် နောက်နောင်တွင် အလားတူ လိမ်လည်မှုများစွာ ပေါ်ပေါက်လာနိုင်သဖြင့် ယခုလိမ်လည်မှုကို တရားစွဲဆို အရေးယူဆောင်ရွက်မှုများပြုလုပ်၍ ထပ်မံမဖြစ်ပွားစေရန် စီမံ ဆောင်ရွက်သင့်ကြောင်း အင်ဂျင်နီယာအများစုက ဆန္ဒပြုထားကြသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၃ နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ သိရသည်။ အဆိုပါ အင်ဂျင်နီယာကောင်စီဥပဒေပုဒ်မ ၃၇ တွင် ‘‘အစိုး ရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာဝန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ’’ နှင့် ပုဒ်မ ၄၀ တွင် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ၂ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအများစုသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသို့ လာရောက်၍ RE,RSE,PE တို့ကို လျှောက်ထားမှု များပြားခဲ့သည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာလောကအတွင်း ယခုကဲ့သို့ လိမ်လည်မှု ပေါ်ပေါက်လာပြီး အင်ဂျင်နီယာအသိုင်းအ၀ိုင်းအတွက် အရှက်ရစရာဖြစ်ကြောင်း အင်ဂျင်နီယာများက သုံးသပ်ကြသည်။ ဇော်မျိုးလှိုင် - 7day

Saturday 19 March 2016

အစိုးရသစ် တာထွက်ချိန် | ဖေမြင့် |

ဒီဗွီဘီ 17 March 2016 အစိုးရသစ် အာဏာလွှဲပြောင်းရယူရန် ရက်သတ်္တသုံးပတ်မျှ ကြာမြင့်ဦးမည် ဖြစ်သော်လည်း အစိုးရသစ်ကို အကဲခတ်မည့် သူများကတော့ တပြင်ပြင် ရှိနေကြပြီ။ ထုံးစံအားဖြင့်တော့ ပထမဆုံး ရက် ၁၀၀ မှာ ဘာတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ဆိုတာ ကို ကြည့်ကာ၊ သူ့သက်တမ်းအတွင်း ဘာတွေ ဘယ်လောက် ဖြစ်မြောက်မည် မဖြစ်မြောက်မည် ဆိုတာ အကဲဖြတ် မှတ်ချက်ချလေ့ ရှိကြသည်။ ရက် ၁၀၀ စိစစ်ချက်တွေသည် သက်တမ်း ၄-၅ နှစ် ဆောင်ရွက်မည့် အစိုးရတွေကို ဘယ်လောက် နီးစပ် မှန်ကန်စွာ အကဲဖြတ်နိုင်မလဲ မသေချာသော်လည်း သည်အကဲဖြတ်ချက်တွေက အစိုးရတစ်ရပ်အပေါ် အများပြည်သူ၏ အထင်အမြင်များ၊ အားပေးမှု အားမပေးမှုများအပေါ် သက်ရောက်နိုင်သဖြင့် အစိုးရသစ်တို့ကတော့ အဆိုပါ ရက် ၁၀၀ ကာလအတွင်း စွမ်းဆောင်ရည် များ ထင်သာမြင်သာ ပြနိုင်အောင် သတိထား ဆောင်ရွက်လေ့ ရှိကြသည်။ အန်အယ်လ်ဒီအစိုးရက မတ်လကုန်တွင်မှ တာဝန်များ လွှဲပြောင်းယူရမည်ဖြစ်ပြီး၊ ကနဦး အစ ဧပြီလမှာကလည်း ရုံးပိတ်ရက်ရှည်ကြီးက လတစ်ဝက်စာ နေရာယူထားသည် ဖြစ်ရာ၊ ပြင်ရင်းဆင်ရင်းနှင့်ပင် ဧပြီတလ ကုန်သွားလိမ့်မည် ထင်သည်။ သို့သော် ပြင်ဆင်သည့် ကိစ်္စတွေ ဧပြီထဲမှာ ပီပီသသ လုပ်နိုင်လျှင် အစိုးရသစ် လက်ထက်မှာ ဘာတွေ ပြောင်းလဲမည်၊ သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အသီးသီးမှာ အသစ်ဖြစ်ပေါ်လာမည့် အရာတွေက ဘယ်လိုဘယ်ပုံရှိမည် ဆိုတာကို အများပြည်သူ မြင်ယောင်နိုင် အကဲဖြတ် နိုင်လောက်အောင်တော့ နောက် နှစ်လအတွင်းလောက် မှာပင် အစပျိုး အစီအစဉ်တွေ လုပ်ပြနိုင်လိမ့်မည်ဟု ယူဆသည်။ လောလောဆယ်မှာပဲ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီစီးပွားရေး ကော်မတီဝင် များ တွေ့ဆုံကာ ရက် ၁၀၀ အတွင်း စီးပွားရေးနှင့် စပ်လျဉ်းသည့် မည်သည့်ကိစ္စရပ်များ မည်သို့မည်ပုံ ဆောင်ရွက်မည်ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထွက်ပေါ်လာသည်။ ဒါက ရက် ၁၀၀ အတွက် ကြိုတင် ပြင်ဆင်မှုတခု ဖြစ်သလို ရှည်ကြာသော အလွှဲအပြောင်းကာလကြီးကို တနည်းတဖုံ အကျိုးရှိအောင် အသုံးချနေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ တစ်ဖက်မှာတော့ ရက် ၁၀၀ တွေ ဘာတွေတွက်သည်ဖြစ်စေ မတွက်သည်ဖြစ်စေ၊ အစိုးရသစ် လက်ထက်မှာ မိမိတို့ စိတ်ဝင်စားသည့် မည်သည့်ကိစ္စတွေကို မည်သို့ ဆောင်ရွက်လေမည်လဲဟု စောင့်မျှော်နေသူတွေလည်း အများအပြား ရှိနေသည်။ ပထမ ထင်ထင်ရှားရှားကတော့ မြစ်ဆုံကိစ္စ။ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံပြဿနာဖိုင်တွဲကို ကြိုးနှင့်ချည်၊ ဆိုင်းငံ့ဟု စာတန်းထိုးကာ ဗီရိုထဲ သော့ခတ် ထားခဲ့သည်။ အာဏာလွှဲသည့်အခါ သည်ဖိုင်တွဲသည် အစိုးရသစ်လက်ထဲ ရောက်လာ မည်။ ယခုပင်လျှင် တရုတ်သံအမတ်က မြစ်ဆုံကိစ္စကို အန်အယ်လ်ဒီအစိုးရနှင့် ဆွေးနွေးအဖြေရှာ မည့်အကြောင်း စတင်ပြောဆိုနေပြီး၊ မြစ်ဆုံကို လက်မခံနိုင်သည့် ပုဂ်္ဂိုလ်အဖွဲ့အစည်းများထံမှ လည်း ကန့်ကွက်သံများ ထွက်ပေါ်လာပြီ။ သည်ပြဿနာက သယံဇာတ ထုတ်ယူသုံးစွဲမှု (စီးပွားရေး) နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား အငြင်းပွားမှု ပြဿနာသာမက နိုင်ငံရေး လူမှုရေး ပြဿနာလည်း ဖြစ်သည်။ သည်အထဲမှာ နိုင်ငံတွင်း သယံဇာတ ခွဲဝေမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ ဆက်ဆံရေး၊ နယ်စပ်ဒေသအရေး၊ လက်နက်ကိုင်သော လက်နက် မကိုင်သော လူမျိုးစု တိုင်းရင်းသားများအရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးတို့အထိ ဆက်စပ် ပတ်သက်မှု ရှိနေသည်။ မြစ်ဆုံနှင့်တကွ အလားတူ ပြဿနာများကို အန်အယ်လ်ဒီက ဘယ်နည်းဘယ်ပုံ ကိုင်တွယ်သလဲ ဟူသည် အစိုးရသစ်ကို အကဲဖြတ်ရာမှာ အသုံးပြုမည့် အရေးပါသော ပေတံတစ်ချောင်း ဖြစ်လိမ့် မည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ပါတီ၏ မူဝါဒများ၊ ပါတီက ဆောင်ရွက် မည့် အစီအစဉ်များသည်လည်း တိုင်းပြည်သို့ အန်အယ်လ်ဒီ က ပေးခဲ့သည့် ရွေးကောက်ပွဲအကြို ကတိက၀တ်များဖြစ်ရာ၊ အဲသည် ကတိက၀တ်များအတိုင်း မည်မျှ ဆောင်ရွက် မဆောင်ရွက်ဟူသည်ကိုလည်း အကဲဖြတ်သူတို့ စောင့်ကြည့် တိုင်းတာကြလိမ့်မည် ဖြစ်သည်။ ကြေညာစာတမ်းပါ ဖော်ပြချက်များအရ အန်အယ်လ်ဒီသည် တိုင်းရင်းသားအားလုံးတို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တန်းတူညီမျှရှိသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်မည်၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ် ပြဿနာများကို ဖြေရှင်းရန်အတွက် ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်လိမ့်မည်ဟု အများနားလည်ထားကြရာ ပြီးခဲ့သည့် သုံးလေးနှစ်တာ ကာလ ပတ်လုံး ပြည်သူလူထု ကြားသိ နေရသည့် မအောင်မြင် မပြီးစီးသေးသော အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အန်အယ်လ်ဒီက မည်သို့သော ပုံသဏ္ဌာန်ဖြင့် ကိုင်တွယ်ဆောင်ရွက် သွားမည် ဟူသည်မှာလည်း ပြည်တွင်းရော ပြည်ပကပါ စောင့်ကြည့်ကြမည့် အရေးကြီးသော ကိစ္စရပ်တခု ဖြစ်သည်။ အန်အယ်လ်ဒီ၏ မူဝါဒများထဲတွင် အရေးပါသော အရာတခုက တရားဥပဒေစိုးမိုးရေး (rule of law) ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြီးခဲ့သည့် နှစ်ကာလများအတွင်း စတင်ကိုင်တွယ်ခဲ့၍ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း ပြည်သူ လူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ ပြည်သူလူထုအကျိုးကို ရှေးရှုသည့်ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းရေး၊ တရားမျှတပြီး ဘက်လိုက်မှု ကင်းသည့် တရားစီရင်ရေး စနစ် ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးအောက်တွင် ဥပဒေများနှင့် အညီ ဆောင်ရွက်သော လွတ်လပ်သော ရဲတပ်ဖွဲ့ဖြစ်ရေး စသည်ဖြင့် ပြည့်စုံစွာ ဖော်ပြထားရာ၊ လက်ရှိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အပေါ် ကျေနပ်မှု မရှိကြသူတို့အနေဖြင့် အစိုးရသစ် လက်ထက်၌ သည်ကဏ္ဍများ ပြုပြင်ပြောင်းလဲရေးအတွက် မည်မျှမြန်ဆန်စွာ ဆောင်ရွက်နိုင် မည်လဲ ဟူသည်ကို စောင့်ကြည့်ကြမည် ဖြစ်ပြီး၊ အထူးသဖြင့် လောလောဆယ်တွင် ငြိမ်းစုစီ ပုဒ်မ ၁၈ အပါအ၀င် အငြင်းပွားဖွယ် ဥပဒေများ လုပ်ထုံးလုပ်နည်း များဖြင့် အရေးယူခြင်း ခံနေရသည့် ကျောင်းသား ကျောင်းသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ၎င်းတို့အား ထောက်ခံ အားပေး သူများထံမှ တောင်းဆိုသံ မေးမြန်းသံများ မကြာမတင်ပင် ထွက်ပေါ်လာကြမည် ဖြစ်သည်။ သည့်နောက်တော့ ပြီးခဲ့သော နှစ်များအတွင်း တောက်လျှောက် ပေါ်ပေါက်ခဲ့သည့် မြေယာသိမ်းယူမှုများ၊ ယင်းနှင့် ဆက်စပ် ဖြစ်ပေါ်သည့် ပြဿနာများ။ အန်အယ်လ်ဒီ ကြေညာစာတမ်းတွင် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ လွတ်လပ် လုံခြုံမှုရှိရေးနှင့် ယင်းအတွက် တောင်သူလယ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်ရေး၊ လယ်ယာမြေကို ဥပဒေနှင့် အညီ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခွင့်၊ ဥပဒေမဲ့ ဆုံးရှုံးသော လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျော်ကြေး နစ်နာကြေးများ ရရှိရေး၊ ခေတ်ကာလနှင့် လျော်ညီမှု မရှိသည့် လယ်ယာမြေ ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းရေး စသည်တို့ကိုပါ ဖော်ပြထားရာ၊ ဘယ်ဖော်ပြချက် တွေကို ဘယ်အချိန်အခါ စတင်ကာ ဘယ်လိုအကောင်အထည်ဖော်မလဲဟူသည်လည်း အရေးကြီး သော တိုင်းတာ အကဲဖြတ်စရာ တခု ဖြစ်လိမ့်မည်။ အန်အယ်လ်ဒီအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများစွာအနက် ယခု နောက်ဆုံးတွင်မှ ဖော်ပြရ သော်လည်း အရေးကြီးဆုံး တခုဟု ဆိုရမည့်အရာက တပ်မတော်နှင့် မည်မျှအဆင်ပြေစွာ ပူးတွဲ ဆောင်ရွက်နိုင်မည်လဲ ဟူသော အချက်ဖြစ်၏။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် တိုးတက်ရန်အတွက် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက် နိုင်ရေးသည် အန်အယ်လ်ဒီအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်၏။ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်၊ “တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေး ယန္တရားတရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက် မည်” ဟု ဖော်ပြထားရာ၊ ဤသည်ကမူ ရက် ၁၀၀ နှင့် အကဲဖြတ်၍ မရနိုင်ဘဲ ရေရှည် စောင့်ကြည့် ရမည့် ဒီမိုကရေစီရေး ရည်မှန်းချက်တရပ် ဖြစ်သည်ဟု ရှုမြင်ကြောင်း တင်ပြအပ်ပါသည်။ ဖေမြင့်

Wednesday 16 March 2016

မြန်မာသမ္မတသစ် နိုင်ငံတကာကြိုဆို

Wednesday, March 16, 2016 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်အားထားရသူ ဦးထင်ကျော်ကို ထောက်ခံမဲအများဆုံးနဲ့ ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အရပ်သားသမ္မတတယောက် ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေ အပါအ၀င် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေအကြောင်း ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် သမ္မတရွေးချယ်မှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ နောက်ထပ် ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းနိုင်ရေးအတွက် လက်တွဲ ဆောင်ရွက်နေကြသူတွေနဲ့ အဖွဲ့အစည်းတွေကို ကြိုဆိုတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဒီကြေညာချက်ပါ တချက်တချို့ကို ဖတ်ပြပါတယ်။ “ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်လာဖို့နဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံ သမိုင်းအတွက် အရေးကြီးတဲ့ ဖြစ်ရပ်တွေပါ။ မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးတက်အောင် ဆောင်ရွက်မှုတွေမှာ ကျနော်တို့ ဆက်ပြီး လက်တွဲ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။” မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက် ပံ့ပိုးထောက်ခံဖို့ သန္ဓိဌာန်ချထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကလည်း ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်ကို သမ္မတတဖြစ် ရွေးချယ်မှုအပေါ် ၀မ်းသာကြိုဆိုတဲ့အကြောင်း ပြောဆိုပါတယ်။ “ကျနော်တို့အနေနဲ့ မြန်မာပြည်သူတွေ၊ မြန်မာအစိုးရသစ်နဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ထားပါတယ်။ နောက်ထပ် ဒီမိုကရေစီရေး အပြောင်းအလဲ ထပ်ပြီး လုပ်ဆောင်တာတွေ အပါအ၀င် ကိစ္စရပ် တော်တော်များများမှာလည်း ကျနော်တို့အနေနဲ့ ဆက်ပြီး ပံ့ပိုးသွားမှာပါ၊ ဒီကိစ္စကို သမ္မတအိုဘားမား မြန်မာနိုင်ငံမှာ ရောက်ခဲ့တဲ့ အချိန်ကလည်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တိုးတက်မှုတွေ ရှိလာခဲ့တယ်ဆိုတာကို ငြင်းပယ်စမရာ မရှိပါဘူး။ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ဖို့တွေ လိုအပ်နေတယ်ဆိုတာ ယုံကြည်ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရက နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာလည်း ကျနော်တို့က ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။” အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး Ben Rhodes ကလည်း ဗွီအိုအေအမေရိကန်အသံ သတင်းဌာနက တင်ထားတဲ့ ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကိုးကားပြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အနီးကပ် ထောက်ခံပံ့ပိုး ပေးသူတဦး ဖြစ်တဲ့အပြင် တက်ကြွလှုပ်ရှားသူ တဦးတယောက်အဖြစ်ကနေ အကျဉ်းသား တယောက်ဖြစ်ခဲ့ဖူးတဲ့အကြောင်း အဲဒီကမှ သမ္မတယောက်ဖြစ်လာခဲ့တယ်ဆိုတာကို Twitter လူမှုကွန်ယက်ကနေ ထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း Twitter လူမှုကွန်ယက်မှာ Ben Rhodes ရေးသားထားပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပူးတွဲ ပြောရေးဆိုခွင့်ရှိသူ Faran Haq ကတော့ အရပ်သားအစိုးရသစ်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒါဟာ တိုးတက်မှု ခြေလှမ်းဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောဆိုပါတယ်။ “ဦးထင်ကျော် သမ္မတအဖြစ် စတင်တာဝန်ယူတဲ့အခါ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ သ၀ဏ်လွှာပေးပို့မယ့်အကြောင်း” - လည်း Faran Haq က ဗွီအိုအေကို ပြောဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုတဲ့အထဲမှာ အမေရိကန်အရာရှိတွေတင် မဟုတ်ပါဘူး။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang ကလည်း သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ၀မ်းသာကြိုဆိုကြောင်း ပြောဆိုသွားပါတယ်။ “တရုတ်နဲ့ မြန်မာနိုင်ငံတွေဟာ အစဉ်အလာအရ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေပါ။ နှစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ရေရှည်၊ အခြေခံ အကျိုးစီးပွားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအောင် တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာပြည်တွင်း တည်ငြိမ်ရေး၊ ဖွံ့ဖြိုးမှု အရှိန်မြင့်လာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်က မိတ်ဆွေနိုင်ငံ ပီသတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးပြီး ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။” အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကလည်း အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဦးထင်ကျော်ကို ရွေးချယ်လိုက်တဲ့အပေါ် ၀မ်းသာကြိုဆိုတဲ့အကြောင်း Twitter လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull ကလည်း ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုတဲ့အကြောင်းနဲ့၊ မြန်မာပြည် ဒီမိုကရေစီအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ် ပြုတဲ့အကြောင်းနဲ့၊ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေအတွက် ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဆက်လက် လက်တွဲ ဆောင်ရွက်သွားမယ့်အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။ voa

Friday 11 March 2016

သမ္မတ ဘယ်လိုရွေးမှာလဲ ... (ဆောင်းပါး)

မိတ်ဆွေအချို့ ကျွန်တော့်ကို မေးလာကြတယ်။ သမ္မတ က ဘယ်သူလဲတဲ့ ... ဒုသမ္မတ ၁ ကရော ဘယ်သူလဲတဲ့ ... ဒုသမ္မတ ၂ ကရော ဘယ်သူလဲတဲ့ ... သမ္မတကို ဘယ်လို ရွေးမှာလဲတဲ့ ... အားလုံးကိုပေါင်းပြီး အတတ်နိုင်ဆုံး ကျွန်တော် နားလည်သလောက် ရှင်းပြပေးပါ့မယ်။ ကျွန်တော် မှားခဲ့ရင်လည်း ထောက်ပြပေးပါ။ ဒုသမ္မတကို ဘယ်လိုရွေးကောက်တင်မြှောက်မလဲ ============================ ယနေ့ လွှတ်တော်မှာ ဒုသမ္မတစာရင်း ထွက်လာပါတယ်။ ပြည်သူ့လွှတ်တော်ကတင်တဲ့ ဦးထင်ကျော်နဲ့ ဦးစိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော်က အမည်စာရင်းတင်တဲ့ ဦးဟင်နရီဗန်ထီးယူ နဲ့ ဦးခင်အောင်မြင့် တို့ ၄ ယောက်ဖြစ်ပါတယ်။ ဒုသမ္မတကို ပြည်သူ့လွှတ်တော်က တစ်ယောက်၊ အမျိုးသားလွှတ်တော်က တစ်ယောက်သာ ရွေးချယ်တင်မြှောက်ခွင့်ရှိပါတယ်။ လက်ရှိမှာ လွှတ်တော်နှစ်ရပ်လုံး အမည်စာရင်း တစ်ယောက်ထက်ပိုနေတဲ့အတွက် ၁၁.၃.၂၀၁၆ မနက်ဖြန် သောကြာနေ့မှာ လွှတ်တော်အသီသီးမှာ မဲခွဲဆုံးဖြတ်ပြီး မဲအများဆုံး ရတဲ့သူနှစ်ယောက်ကို ဒုသမ္မတတွေအဖြစ် တင်မြှောက်ပါမယ်။ ပြည်သူ့လွှတ်တော်မှာ ဦးထင်ကျော်သာ မဲအများဆုံး ရမှာဖြစ်ပြီး အမျိုးသားလွှတ်တော်မှာတော့ ဦးဟင်နရီဗန်ထီးယူ က မဲအများဆုံးနဲ့ ဒုသမ္မတတွေ ဖြစ်ကြပါလိမ့်မယ်။ နောက်ထပ် တပ်မတော်က အမည်စာရင်း တင်သွင်းတဲ့သူက ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘဲ အလိုအလျှောက် ဒုသမ္မတ ထပ်ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ဒုသမ္မတ ၃ ယောက် ရပါပြီ။ အဲဒီနောက်မှာ ဒုသမ္မတတွေရဲ့ အရည်အချင်းကို ယနေ့ဖွဲ့စည်းလိုက်တဲ့ ဒေါက်တာမြင့်အောင်တို့ ပါဝင်တဲ့ သမ္မတအရည်အချင်းစစ်အဖွဲ့ ထံတင်ရပါမယ်။ သမ္မတအရည်အချင်းစစ်အဖွဲ့က သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိမရှိကို စစ်ဆေးလက်ခံပြီဆိုတာနဲ့ ပြည်ထောင်စု လွှတ်တော်ကို ပြန်တင်ရပါ့မယ်။ သမ္မတကို ဘယ်လိုရွေးချယ်မလဲ =================== လာမယ့် ၁၇.၃.၃၀၁၆ ပြည်ထောင်စု လွှတ်တော်မှာ တစ်ခါ တပ်မတော်သား လွှတ်တော်ကိုစားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးက ဒုသမ္မတလောင်း အမည်စာရင်း ၃ ယောက်ထဲက ကိုယ်သမ္မတ ဖြစ်စေချင်တဲ့သူကို လျို့ဝှက်မဲပေး ရွေးချယ်ရပြီး မဲအနည်းအများအလိုက် သမ္မတ၊ ဒုသမ္မတ ၁၊ ဒုသမ္မတ ၂ တို့ကို ရွေးချယ်တင်မြှောက်မှာပဲ ဖြစ်ပါတယ်။ မဲပေးရွေးချယ်တဲ့အခါမှာ သမ္မတနေရာအတွက် ပူစရာမလိုပေမယ့် ဒုသမ္မတ ၁ နေရာအတွက်တော့ NLD က ဒုသမ္မတနဲ့ တပ်မတော်က တင်မြှောက်တဲ့ ဒုသမ္မတတို့ လုရမှာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦးမှာ အရပ်သား ကိုယ်စားလှယ် ၄၉၈ ယောက် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက် ရှိပါတယ်။ တပ်မတော်သား ၁၆၆ ယောက် + ကြံ့ဖွံ့ကိုယ်စားလှယ် + မဟာမိတ် ပါတီကိုယ်စားလှယ်ပေါင်းလိုက်ရင် မဲအရေအတွက် ၂၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။ သမ္မတနေရာနဲ့ ဒုသမ္မတ နေရာအတွက် NLD နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲပေးမှုပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတော် သမ္မတကြီးနေရာကို NLD က ရမှာ သေချာနေပေမယ့် ဒုသမ္မတ ၁ နေရာကို တပ်မတော်က တင်မြှောက်တဲ့ ဒုသမ္မတ က ရသွားနိုင်ပါတယ်။ NLD ရွေးချယ်ထားတဲ့ ဒုသမ္မတ နှစ်ယောက်လုံး သမ္မတနဲ့ ဒုသမ္မတ ၁ နေရာတွေ ရနိုင်ဖို့အတွက် တစ်ဦးလျှင် အနဲဆုံး မဲ ၂၃၀ နဲ့ အထက်ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ . ဒုတိသမ္မ-၁ နဲ့ ဒုတိယသမ္မတ ၂ ဘယ်သူက ပါဝါပိုကြီးသလဲ ============= ၂၀၀၈ ဖွဲ့စည်းပုံမှာ သမ္မတဟာ နိုင်ငံသားအားလုံးရဲ့အထွဋ် အထိပ်နေရာရရှိသူလို့ဖော်ပြထားပေမယ့် ဒုတိသမ္မ-၁ နဲ့ ဒုတိယသမ္မတ ၂ -တို့ရဲ့ လုပ်ပိုင်ခွင့်၊နေရာသတ်မှတ်ချက်ကို ဖွဲ့စည်းဖော်ပြထားတာမရှိပါဘူး။ ဆိုတော့ ဒုသမ္မတ၁ နဲ့ ၂ ဘယ်သူပါဝါပိုကြီးတယ်။လုပ်ပိုင်ခွင့်ပိုရှိတယ်ဆိုတာတော့ပြောလို့မရပါဘူး၊ ဒါပေမယ့် သမ္မတခရီးထွက်ရင်၊ နေမကောင်းရင် ၊ဆေးရုံတက်ရင်စတဲ့အကြောင်းတွေ ပေါ်လာရင်တော့ ဒုတိယသမ္မတ-၁ကသမ္မတရဲ့တာဝန်ကိုယူရပါတယ်။ သမ္မတ အနားယူရင်၊ ကွယ်လွန်လျင် ဒုတိယသမ္မ-၁ က အလိုလို သမ္မတမဖြစ်ပါဘူး။ ဒုတိယသမ္မတက ယာယီ သမ္မတပဲဖြစ်မှာပါ။ သူက သမ္မတ တစ်ဦးကို ( ၇) ၇က် အတွင်းရွေးချယ်ပေးပို့ ပြည်ထောင်စုလွှတ်တော် ကို အကြောင်းကြားရမှာပါ၊ (ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပရင်နေရင်ပေါ့)။ ဒီလိုအကြောင်းကြားတဲ့အခါ ကွယ်လွန်၊ ဒါမှမဟုတ် အနားယူသွားတဲ့ သမ္မတကို ဒုတိယသမ္မတလောင်းအဖြစ်ရွေးချယ်ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကပဲ ဒုသမ္မတတစ်ယောက်ပြန်ရွေးပေးရမှာပါ။ ဒီလိုဆိုရင် ဒု သမ္မတ ( ၃) ဦးပြန်ဖြစ်သွားပါပြီ။ ဒီထဲက မှ သမ္မတတစ်ဦးကိုပြန်ရွေးရမှာပါ။ ပြည်ထောင်စုလွှတ်တော်ကပဲပြန်ရွေးရမှာပါ။ လွှတ်တော် အစည်းအဝေးရပ်နားထားတယ်ဆိုရင်တော့ လွှတ်တော် အစည်းအဝေး ပြန်ခေါ်ပြီး ၂၁ ရက် အတွင်းသမ္မတသစ်ကို ပြန်ရွေးပေးရမှာပါ။ သမ္မတရာထူးလစ်လပ်သွားရင် အထက်ပါ လမ်းစဉ်အတိုင်း သမ္မတပြန်ရွေးရမှာဖြစ်ပြီး၊ ဒီလိုရွေးဖို့ အမြန်ဆုံး ( ၇) ၇က်၊ အကြာဆုံး ၂၁ ၇က်သာကြာမှာဖြစ်ပါတယ်။ သမ္မတ အနားယူရင်ဒါမှမဟုတ် ကွယ်လွန်ရင် ဒုသမ္မတ ၁က ၊ အနည်းဆုံး (၇) ၇က်ကနေ အများဆုံး( ၂၁)ရက် အထိ ယာယီသမ္မတရာထူးကို ထမ်းဆောင်ခွင့်ရမယ်ဆိုတဲ့ အားသာချက်ကတော့သေချာပေါက်ရှိနေပါပြီ။ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ခဲ့ရင်တော့ သူဟာသမ္မတဖြစ်လာနိုင်စရာရှိပါတယ်။ သမ္မတရာထူးကိုတော့ ဒုတိယသမ္မတ-၁၊ရော ၂ ရော၊ အသစ်ရွေးချယ်ပေးလိုက်တဲ့ ဒုတိယသမ္မတပါ ရရှိနိုင်တဲ့အခွင့်အလမ်းတွေရှိကြောင်းတင်ပြလိုက်ရပါတယ်။ ===== ဇာနည်ထိုက် ၁၀-၃-၂၀၁၆။

Tuesday 8 March 2016

#‎ခေါင်မိုးပြင်ဆင်ခြင်း‬ ‪#‎အောင်ဆန်းစုကြည်‬

"ခေါင်မလုံလို့ရှိရင် တစ်အိမ်လုံး မိုးယိုတတ်တယ်"ဆိုတဲ့ ကျွန်မတို့မြန်မာဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဆိုလိုရင်းက ထိပ်ပိုင်းမှာ ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း မရှိဘူးဆိုရင် ပြဿနာတွေ ဟာ အောက်ခြေ အထိ တောက်လျှောက်ပေါ်ပေါက်လာပါလိမ့်မယ် ဆိုတာ ဖြစ်ပါတယ်။ မုတ်သုံရာသီများစွာကို ကြုံတွေ့ဖူးတဲ့ ကျွန်မရဲ့အတွေ့အကြုံအရ ဆိုရင် ခေါင်မိုးမလုံလို့ မိုးရေစိမ့်ရင် အိမ်အတွင်းမှာ အပျက်အစီးတွေ များပြားလာတတ်ပါတယ်။ အိမ်မှာရှိသမျှ ဇလုံတွေ၊ ပုံးတွေ၊ ဒယ်အိုးတွေ ဟာ နေရာအနှံ့ကနေ စီးဆင်းယိုကျလာတဲ့ မိုးရေတွေကို ခံဖို့ ဖြစ်လာ ပါတော့တယ်။ မိုးအကြီးအကျယ် ရွာလို့ကတော့ အိမ်မှာရှိသမျှ ထည့်စရာတွေဟာ မလောက်တော့ပါဘူး။ နည်းနည်း၊ နည်းနည်းလေးစီ စိမ့်ကျနေတဲ့ မိုးရေတွေဟာ ရုတ်တရက်ဆိုသလိုပဲ မမျှော်လင့် တဲ့ နေရာတွေ ကနေ ကျလာပါတယ်။ မိုးရေခံစရာတွေကလည်း မရှိတော့ဘူးဆိုတော့ အားလုံးကိုလိုက်ပြီး သုတ်ရပါတော့တယ်။ အိမ်အတွင်းမှာ စိုနေတဲ့မိုးရေတွေကိုခြောက်အောင် အ၀တ်စုတ်နဲ့ သုတ်လိုက်၊ ဇလုံထဲညှစ်ထည့်လိုက်နဲ့ လက်မလည်ပါဘူး။ ကျွန်မလည်း တစိမ့်စိမ့်ယိုကျနေတဲ့ မိုးရေတွေကို ပလတ်စတစ် အကာတွေ၊ ရေစိုခံတဲ့ ပလာစတာတွေ၊ ပွဲ့လျက်(ပွေးညှက်) စတာတွေနဲ့ ဖာထေးပြီး အမျိုးမျိုးကြိုးစားလဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ယာယီပါပဲ။ နှစ်တွေကြာ ရှည်လာတော့ ဆေးတွေ၊ အင်္ဂတေနံရံတွေ၊ ထုပ်၊ လျောက်တန်းတွေလည်း တဖြည်းဖြည်း ပျက်စီးလာပါတော့တယ်။ ဒါကြောင့်ပဲ ဒီခြောက်သွေ့ရာသီမှာ မဖြစ်မနေပြုပြင်ရမယ့်အထဲ မှာ ခေါင်မိုးကို ဦးစားပေးပြုပြင်ရမယ်လို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြပါ တယ်။ ခေါင်မိုးသာ လုံလုံခြုံခြုံနဲ့ တောင့်တောင့်တင်းတင်းရှိမယ်ဆိုရင် ဆယ်စုနှစ်အတော်ကြာ ဆေးမသုတ်နိုင်ဘဲ ပစ်ထားခဲ့ရတဲ့အိမ် ကို ဆေးအသစ်ပြန်သုတ်နိုင်ပြီး အိမ်လည်းပိုပြီး သပ်သပ်ရပ်ရပ်နဲ့ သစ်သစ်လွင်လွင် ဖြစ်သွားမှာပါ။ တချို့တွေက မူလအုတ်ကြွပ်မိုးတွေနေရာမှာ သွပ်ပြားအမိုးကို အစားထိုးဖို့ လုပ်ကြပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒါဟာတော်တော့်ကို ဆိုးတဲ့ စဉ်းစားမှုပဲလို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်မဟာ အုတ်ကြွပ်မိုး အဟောင်းတွေကို ပြန်သုံးဖို့၊ မကောင်းတဲ့ အုတ်ကြွပ်မိုးတွေကို အစားထိုး လဲပစ်ဖို့ ပြောပါတယ်။ အုတ်ကြွပ်အမိုးတိုင်းဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ သပ်သပ်ရပ်ရပ် ပြုလုပ် ထားပြီး ထုတ်လုပ်တဲ့ကုမ္ပဏီနာမည်၊ ရက်စွဲနဲ့ နံပါတ်တို့ကို တွေ့ရပါတယ်။ (၁၉၃၆ခုနှစ်ဆိုတာကို တွေ့ရတဲ့အတွက် ဒီအိမ်ဟာ အဲဒီနှစ်မှာဆောက်တယ်လို့ ယူဆရပါတယ်။) အုတ်ကြွပ်တွေဟာ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျရှိလှပြီး တဲ့နောက် ပေါ်ထွက်လာတဲ့ အုတ်ကြွပ်တန်း၊ ထုပ်တန်းတွေ ဟာ ဆွေးမြည့်နေပေမယ့်လည်း အုတ်ကြွပ်ပြားတွေဟာ အပိုအလိုမရှိ တိတိကျကျ ခိုင်ခိုင်မာမာဆက်နေတာကို တွေ့ရပါတယ်။ အုတ်ကြွပ် အမိုးပြားတွေကို ဆေးကြောပြီးတဲ့အခါ အနီရောင်ဖျော့ဖျော့နဲ့ တကယ့် အသစ်အတိုင်း ထွက်ပေါ်လာပါတော့တယ်။ ကျွန်မတို့အထဲက တစ်ယောက်ယောက်ဟာ အုတ်ကြွပ်မိုးတွေကို လှလှပပဖြစ်လာအောင်နဲ့ ကြာရှည်ခံအောင် အရောင်တင်လိုက်တာပဲ ဖြစ်ပါလိမ့်မယ်။ အမှန်တော့ အုတ်ကြွပ်မိုးတော်တော်များများဟာ ပျက်စီးနေပြီး တချို့ဆိုရင် ပြန်သုံးလို့ မဖြစ်လောက်အောင် အက်ကွဲနေပါတယ်။ ကျွန်မတို့လည်း အဲဒါတွေကို အစားထိုးဖို့ ဖြိုဖျက်လိုက်တဲ့ အဆောက်အဦဟောင်းတွေကထွက်လာတဲ့ ပစ္စည်းဟောင်းတွေကိုရောင်းတဲ့ ဆိုင်တွေက၀ယ်ဖို့ လုပ်ပါတော့တယ်။ အဲဒီဆိုင်တွေကနေ ကျွန်မတို့ရခဲ့တဲ့ အမိုးပြားတွေဟာ ကျွန်မတို့ရဲ့ မူလအမိုးပြားတွေနဲ့ နည်းနည်းလေးပဲ ကွာပေမယ့်လည်း ကျစ်ကျစ်လျစ်လျစ်ရှိကာ ကောင်းကောင်းမွန်မွန် လုပ်ထားပြီး အချပ်တိုင်းမှာ ၁၈၆၅ ခုနှစ်ဆိုတဲ့ စာတန်းပါပါတယ်။ ကျွန်မတို့လည်း အံ့သြကြီးစွာကြည့်ရင်း ဒီအုတ်ကြွပ်ပြားတွေကို ကြာရှည်ခံအောင်လုပ်ဆောင်နိုင်ရုံတင်မကတဲ့ လူသားတွေရဲ့စွမ်းအား၊ တိုးတက်အောင်မြင်မှုတွေအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်မတို့လည်း မြေစေးနဲ့ပတ်သက်ပြီး လူသားတွေ လုပ်ကိုင်ကြတဲ့ အကြောင်းပြောနေရင်းကနေ တဖြည်းဖြည်း သစ်အကြောင်းကို ရောက် သွားပါတယ်။ အိမ်ခေါင်မိုးမှာ သုံးထားတဲ့သစ်တွေဟာ ကျွန်းတွေဖြစ်ပေ မယ့်လည်း အတော်များများဟာ ရာသီဥတုဒဏ်ကြောင့် ယိုယွင်းနေပါတယ်။ ဒီကနေ့ ခေါင်ခိုက်နေတဲ့ သစ်ဈေးကြောင့် ကျွန်းသစ်တွေဝယ်ပြီး အစားထိုးပြုပြင်ဖို့ ဘယ်သူမှ မပြောကြပါဘူး။ ကျွန်မတို့လိုတဲ့ သစ် အရေအတွက်အတိုင်း ကျွန်းကိုပဲ ၀ယ်ရင်တောင် ကျွန်းသစ်အဟောင်းဈေး ကကြီးလွန်းတော့ ကျွန်မတို့ ပျဉ်းကတိုးအဟောင်းကိုပဲဝယ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အဲဒီပျဉ်းကတိုးကလည်း (၁၉)ရာစုက အိမ်မိုးအုတ်ကြွပ်ပြားလိုပဲ မကြာသေးတဲ့ နှစ်အနည်းငယ်အတွင်းက ဖြိုလှဲပစ်လိုက်တဲ့ အဆောက်အဦ အဟောင်းက ထွက်လာတဲ့သစ်ပဲ ဖြစ်ပါတယ်။ အိမ်ပြင်တဲ့လက်သမားတွေ က ကောင်းကောင်းပြုပြင်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဒီသစ်အဟောင်းတွေ ဟာ နောက်အနှစ်(၆၀)လောက် ကောင်းကောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ အိမ်ခေါင်မိုးကိုပြုပြင်တော့ တစ်အိမ်လုံးကိုပါပြန်ပြီး အသစ် တစ်ဖန်ဖြစ်အောင် စီစဉ်ပြုလုပ်ရပါတယ်။ လက်သမားတွေ ခေါင်မိုးက အုတ်ကြွပ်တွေကို တစ်နေရာပြီးတစ်နေရာခွာသလို ကျွန်မလည်း တစ်ခန်းပြီး တစ်ခန်း ပြောင်းရပါတယ်။ ပထမဦးဆုံး အုတ်ကြွပ်တွေခွာပြီးတဲ့နေ့မှာပဲ မိုးရွာပါတော့တယ်။ ဒီတစ်ခါတော့ ဇလုံတွေ၊ ပုံးတွေ၊ အိုးတွေ၊ ဒယ်အိုးတွေ တင်မကတော့ပါဘူး။ ဖန်ခွက်တွေပါသုံးပြီး ကျလာတဲ့ မိုးရေစက်တွေကို ခံရပါတော့တယ်။ မှတ်မှတ်ရရ ကျန်ခဲ့တာကတော့ ကျွန်မနဲ့အတူ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေရောက်လာပြီး ဒီလိုအခြေအနေ မျိုးမှာမှ အချိန်အခါမဟုတ် မိုးကလည်း ရွာနိုင်ရန်ကောဆိုကာပြောပြောပြီး ရယ်ကြတာပဲဖြစ်ပါတယ်။ တကယ် လိုအပ်နေတဲ့သူတွေရဲ့ဘ၀မှာ ဒီလိုမိုးမျိုးရွာလိုက်ရင် ဘယ်လောက် များကောင်းလိုက်မလဲ။ ကျွန်မ အတွက်ကတော့ အထူးဆုရလိုက်သလိုပါပဲ။ စားပွဲကုလားထိုင်တွေ နဲ့အတူ ကျွန်မအိမ်ရဲ့ အပူဆုံးဆိုတဲ့ အခန်းကို ပြောင်းပြီးနေရတဲ့ အချိန်မျိုးမှာ မိုးရွာချလိုက်တော့ တကယ့်ကိုအေးသွားပြီး ကျွန်မလည်း တစ်ချိန်လုံးနီးပါး အဲဒီမှာပဲ နေပါတော့တယ်။ အိမ်ပြင်နေတဲ့အချိန်မှာ ကျွန်မရဲ့နေ့စဉ်ပုံမှန်နိုင်ငံရေးအလုပ်တွေကို ပြီးအောင်လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ပူပန်ရတဲ့အပြင် ပစ္စည်းတွေကို ထုပ်ပိုးလိုက်၊ ပြန်ဖြည်လိုက်၊ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်၊ စားပွဲကုလားထိုင်တွေကို နေရာပြန်ချလိုက်နဲ့ဆိုတော့ စိတ်မောလူမောဖြစ် ရပါတယ်။ ဒီလိုကြုံရပြန်တော့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေရဲ့ ဇနီးသည်တွေဟာ ဘယ်လောက်အရေးပါတဲ့ အခန်းကနေ ပါဝင်နေတယ် ဆိုတာ တစ်ခါထပ်ပြီး သိလာရပြန်ပါတယ်။ အိမ်မှုကိစ္စ အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်ရှင်ခင်ပွန်းသည်တွေ ကိုလည်း အမြဲကူညီအားပေးနေတဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ပိုင်ရှင် ဒီအမျိုးသမီးတွေဟာ ကျွန်မတို့နိုင်ငံရဲ့ ခေါင်မိုးပြုပြင်ဖို့ ကြိုးပမ်းမှုတွေမှာ အဓိကအခန်းကနေပါဝင်နေတော့ ကမ္ဘာ့သတင်းလောကကလည်း အထူးအာရုံစိုက်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။ #အောင်ဆန်းစုကြည် (ဒေါ်အောင်ဆန်းစုကြည်ရေးသားပြီး Eternal Light Magazine Oct 2012 တွင် ပါဝင်ခဲ့သောဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)

Monday 7 March 2016

အမှားပြင် စလုံးရေမစနိုင်သေးတဲ့ ပုဒ်မငါးဆယ့်ကိုးစ

|| ရီနေနိုင် || ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက် ထောက်ခံမဲ ထည့်ခဲ့ရုံမဟုတ်ဘဲ မဲရေတွက်တာ မှန်ဖို့နဲ့ ရွေးကောက်ပွဲ အဖြေထွက်ချိန် အေးချမ်း တည်ငြိမ်ရေးအထိ တညီတညွတ် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာ ပြည်သူတွေခမျာ ရွေးကောက်ပွဲပြီးလို့ သုံးလကြာအထိ ရင်တမမနဲ့ သတင်းနားစွင့်ရင်း လည်ပင်းရှည် နေခဲ့ကြရပါတယ်။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင် တိုင်းပြည်ကြီးမှာ နေရတာဆိုတော့ ကိုယ်မဲထည့်ခဲ့တဲ့ ပါတီနိုင်တာတောင် ဂုဏ်ပြုပွဲတို့ အောင်ပွဲတို့ လူသိရှင်ကြားလုပ်ဖို့ အောင့်ထား ခဲ့ကြရရှာတာလေ။ အခုတော့ ဒါတင်မကဘဲ တခြားနိုင်ငံတွေမှာဆို ရွေးကောက်ပွဲနိုင် ပါတီခေါင်းဆောင်ဟာ အလိုအလျောက် နိုင်ငံခေါင်းဆောင် ဖြစ်လာမှာပေမယ့် ဒီမှာတော့ ဒီလိုမဖြစ်ရအောင် နှစ်ပေါင်းများစွာ တွက်ချက်ကြံစည် ညစ်ပတ်ထားတဲ့အတိုင်း ဥပဒေနဲ့ တားဆီး ကန့်သတ် ထားတာကို ခံနေရတာ မဟုတ်လား။ ပြီးတော့ ၈၀ ရာခိုင်နှုန်းကျော်သော မြန်မာပြည်သူ ပြည်သားများရဲ့ ဆန္ဒကို ပိတ်ဆို့ထားတဲ့ အဲဒီဥပဒေကလည်း ၉၀ ရာခိုင်နှုန်းကျော်သော ပြည်သူတွေ ထောက်ခံထားတဲ့ ဟာပဲဟာပဲဆိုတဲ့ အခြေခံ ဥပဒေကြီးရဲ့ အစိတ်အပိုင်း ဖြစ်နေတာလေ။ ဒီဥပဒေကြီးကို ဘယ်လို လိမ်လည် အတည်ပြုခဲ့တယ် ဆိုတာကိုက တိုင်းသိပြည်သိ နိုင်ငံတကာသိ သမိုင်းဆိုးကြီး ဖြစ်နေပြီး ဒါကို နောင်များမကြာမီ ကာလမှာ ဒီလို လိမ်လည် အတည်ပြုခဲ့ကြသူများ ကိုယ်တိုင် ဒါကြီးကတော့ အဲဒီတုန်းက ဒီလိုပဲ လိမ်ခဲ့ရပါတယ်၊ “ခိုင်းလို့ပေါ့ခင်ဗျ”လို့ ပြောမယ့်ကာလတောင် ဝေးကောင်းမှ ဝေးပါတော့မယ်။ ဒါပေမဲ့ ငြိမ်းကာနီးဆီမီး ပိုတောက်တယ် ဆိုတာလို ဒါကြီးက ဥပဒေကြီးမို့ ဒါကြီးကို လိုက်နာမှပဲ ဥပဒေလိုက်နာတဲ့ “နိုင်ငံသားခေါင်း” အဲလေ၊ “နိုင်ငံသားကောင်” အဲလေ (မှားပြန်ပြီဗျာ)၊ “နိုင်ငံသားကောင်း” ဖြစ်မယ်ဆိုတာမျိုး ပြောပြောနေသေးတာမျိုး တွေကိုလည်း ခုနက ၈၀ ရာခိုင်နှုန်းသော ပြည်သူများခမျာ အောင့်အည်း သည်းခံပြီး နားထောင် နေရရှာဆဲပေါ့ခင်ဗျာ။ ဒီနေရာမှာ မဆီမဆိုင် ဖြစ်နိုင်ပေမယ့် ၁၉၈၈ အရေးအခင်းကြီး မဖြစ်မီ သုံးလေးနှစ်မှာ ကျွန်တော်က မြို့ပတ်ရထားနဲ့ ရုံးကပြန်နေကျ အတိုင်း ပြန်ဖြစ်တဲ့ တစ်ညနေကို သတိရမိတယ်။ အဲဒီညနေက ပြန်နေကျ ဘူတာကြီးထက် ဗိုလ်ချုပ်ဈေး နောက်ဘက်က ဘုရားလမ်းဘူတာနား ရောက်သွားမိလို့ အဲဒီကနေ ရထားကို စောင့်စီးမိပါတယ်။ ခရီးသည်အများထဲမှာ ကိုယ်လိုပဲ အရာရှိ အိတ်ကလေးဆွဲပြီး ရထားစောင့်နေရှာတဲ့ လူတစ်ယောက်ကိုလည်း ဘုရားလမ်းဘူတာမှာ တွေ့ရပါတယ်။ ကျွန်တော်တို့ စောင့်ပြီး ၁၅ မိနစ်လောက် ကြာတော့ ရန်ကုန်ဘူတာကြီးကို မြို့ပတ်ရထား တစ်စီး မီးထိုးပြီး ၀င်လာတာကို ဘုရားလမ်းဘူတာကနေ လှမ်းမြင်ရလို့ ကျွန်တော်တို့ ပျော်သွားပါတယ်။ ဘူတာကြီးနဲ့ ဘုရားလမ်းဟာ ငါးမိနစ်လောက်သာ မောင်းရတာမို့ မကြာမတင် ဒီရထားဟာ ဒီဘူတာကို ရောက်လာတော့မယ်ပေါ့။ ဒါပေမဲ့ အဲဒီခေါင်းတွဲ မီးကြီး ထိန်လင်းနေတာ လှမ်းမြင်ရတဲ့ ရထားကြီးဟာ ကျွန်တော်တို့ ဘူတာကို နောက်နာရီဝက်နဲ့ ရောက်မလာပါဘူး။ ခေါင်းတွဲမီးကြီးကတော့ လင်းရက်နဲ့ပဲ “လာတော့မှာနော်” လို့ လှမ်းပြောနေသလိုပေမယ့် ၄၅ မိနစ်ကျော် ကြာသွားတဲ့တိုင် ရထားက ဘူတာကြီးက လုံးဝ ထွက်မလာပါဘူး။ ဒီတော့ အခု လာနိုးစောင့်နေတဲ့ ရထားစောင့်ဖော် အရာရှိက ဒေါသအတော်ထွက်လာပုံနဲ့ တောက်တစ်ချက်ခေါက်ရင်း သူနဲ့လုံးဝ မသိကျွမ်းတဲ့ ကျွန်တော့်ကို လှမ်းပြောလိုက်ပါတယ်။ “တောက်၊ ကျွန်တော်တို့ တစ်သက်လုံး ဒီလိုပဲခံလာရတာ များပြီဗျ၊ ဒီလောက် အောင့်အည်း သည်းခံနေရတာတောင် ကျွန်တော်တို့မှာ ရဟန္တာလည်းမဖြစ်၊ သူပုန်လည်းမဖြစ် အတော် ညံ့တာပါပဲဗျာ” တဲ့။ သူပြောတာ မှတ်သားလောက်စရာမို့ ကျွန်တော့်မှာ မမေ့နိုင်ဘဲ အောင့်အည်း သည်းခံရတာတွေ ကြုံတိုင်း ပြန်ပြန်သတိရနေမိပါတယ်။ (ရဟန္တာ မဖြစ်နိုင်ပေမယ့် ၁၉၈၈ ကျတော့ ကျွန်တော်ဟာ ဆက်မအောင့်အည်း နိုင်တော့လို့ သူပုန်စာရင်း အသွင်းခံရပြီး အလုပ်ပြုတ်သွားခဲ့တာ ပဲလေ)။ အခုတော့ ရွေးကောက်ပွဲ အဖြေထွက်ပြီး ကတည်းက အောင့်ခဲ့ရသမျှရဲ့ အသီးအပွင့်အဖြစ် လွှတ်တော်ကြီးတွေထဲ ကိုယ့်လူတွေရောက်၊ ရေးရာကော်မတီတွေဖွဲ့၊ ကိုယ့်ခေါင်းဆောင်ကိုလည်း အာဏာရ ပုဂ်္ဂိုလ်အသီးသီးက တွေ့ဆုံဆွေးနွေးနဲ့ ခရီးရောက်သင့်သလောက် ရောက်ခဲ့တာမို့ “ကဲ၊ ဆက်အောင့် လိုက်ကြဦးစို့” လို့ အဖော်ညှိနေကြရသပေါ့။ အောင့်သင့်တာတော့ အောင့်ရမှာ မှန်တယ်။ ပြောသင့်တာ ဝေဖန်သင့်တာကိုလည်း မပြောရင် မဖြစ်ပြန်ဘူး။ ဒီနှစ်ခုကိုတော့ ဘယ်ဘက်ကိုမှ မလွန်မကျွံရအောင် သတိတမံ ဥာဏ်မြေကတုတ် ပညာစွမ်း ချွန်းကဲ့သို့ အုပ်ရမယ် ဆိုတာလို သတိရော ဥာဏ်ရော ပညာရောနဲ့ ဆင်ခြင်ကြဖို့ လိုပါလိမ့်မယ်။ နဂိုက ရမယ်ရှာနေတဲ့သူကို သွားမဆွနဲ့ ဆိုတာမျိုးက မှန်သလို အတိုင်းအတာမဲ့ အောင့်အည်းကြရင်း ငါးပုံတစ်ပုံလောက် လူတစ်စု လုပ်ချင်ရာ လုပ်နေတာကို ကုန်ကုန်ခန်းခန်း ကျန်ငါးပုံလေးပုံက မျက်နှာလွှဲ နေကြစို့ ဆိုရင်လည်း မဟုတ်သေးဘူးပေါ့။ ဒါကြောင့် ပုဒ်မ ၅၉ ဆိုတဲ့ ဇွတ်အဓမ္မ ဥပဒေ၊ လူစင်မမီ ပုဒ်မ၊ ငါ့ စကားနွားရ ကန့်သတ်ပိတ်ဆို့မှုမျိုးနဲ့ ပတ်သက်ရင်လည်း ပြောသင့်တာတွေ မပြောချင်ဘဲ ပြောရပြန်ဦးမှာပဲလေ။ ဒါပေမဲ့ အခုတော့ ရင်ထဲရှိသမျှ အကုန် ထုတ်ပြောရမယ့် အချိန် မဟုတ်သေးပြန်ဘူးလို့ ကိုယ့်ဘာသာ ဆုံးမနေရပြန်ပါတယ်။ ဒီကာလမှာ ဒီပုဒ်မပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်က တောင်းဆိုမှုတချို့နဲ့ အပေးအယူ လုပ်ခဲ့တယ်ဆိုတာမျိုး တရားမ၀င် သတင်းများလည်း မီဒီယာလောကမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဟုတ်မဟုတ် မသေချာပေမယ့် တပ်မတော်နဲ့ နီးစပ်တဲ့ မီဒီယာ အသိုင်းအ၀ိုင်းက အတည်ပြုချက်တွေအရ တပ်မတော်က အရေးကြီး ပြည်နယ် လေးငါးခုမှာ ပြည်နယ်ဝန်ကြီးချုပ် ရယူခွင့်ကို စလုံးရေစ ပြင်ဆင်ခွင့်နဲ့ တွဲချိတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကလည်း ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။ ဒါကလည်း ၁၉၆၂ ကတည်းက သတင်း အတည်ပြုလို့ မရတတ်တဲ့ ရွှေနိုင်ငံတော်ကြီးရဲ့ အစဉ်အလာပဲဟာ။ ဒါပေမဲ့ ဒါက ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးသိပ်လုပ်စရာ မဖြစ် တော့ပါဘူးး။ ဘာကြောင့်ဆိုတော့ သမ္မတရွေးချယ်မယ့် ရက်အမီ ၅၉(စ)ကို ပြင်ဆင်ဖို့ မဖြစ်နိုင်တော့လို့ပါပဲ။ တစ်ဖက်မှာလည်း ပြည်နယ် နဲ့ တိုင်းလွှတ်တော် အားလုံးမှာ အယ်န်အယ်လ်ဒီကပဲ ၀န်ကြီးချုပ်များ ရွေးချယ်ခန့်ထားတော့မယ် ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ ဒီတော့ အပေးအယူ ရှိခဲ့သည်ဖြစ်စေ၊ မရှိဖူးသည်ဖြစ်စေ၊ အဖြေကတော့ “ကိုယ်အတွက်လည်း အကျယ်အကျယ် အငြင်းမပွားတော့၊ မင်းတို့အတွက်လည်း တကယ်တကယ် မစဉ်းစားတော့” လို့ ဆုံးဖြတ်လိုက်ပြီလို့ပဲ ဆိုကြစို့ပေါ့ခင်ဗျာ။ တကယ်တော့ ဒီပုဒ်မက ကြံ့ခိုင်ရေးနဲ့ တပ်မတော်က ဘယ်လိုပဲ လှည့်ပတ်ငြင်းငြင်း၊ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် တမင် လုပ်ထားတာဆိုတာ ပြည်တွင်းကရော နိုင်ငံတကာ အနှံ့ကပါ အကွင်းအကွင်း မုန့်တီဟင်းလို ရှင်းရှင်းကြီး မြင်ပြီးသိပြီးသားပါ။ ဒါက ၁၉၄၇ မှာ သူ့အဖေကိုယ်တိုင် ရေးဆွဲခဲ့တဲ့မူအတိုင်းပဲလို့ အရှက်မရှိ ပြောဆိုနေကြတဲ့ဟာတွေ ကိုယ်တိုင်လည်း ၁၉၄၇ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့ အခုပြဋ္ဌာန်းချက်က ဘာမှမဆိုင်အောင် ကွာခြားတယ်ဆိုတာ သိရက်သားနဲ့ မျက်စိမှိတ် ငြင်းနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဒီဥပဒေကို ကျော်လွှားဖို့ သူ့သားနှစ်ယောက်ကို မူလကအတိုင်း နိုင်ငံသားပြန်ဖြစ်ခွင့် ရယူလိုက်ရုံနဲ့ ဖြစ်နိုင်ပေမယ့် ဒီလို မျှတမှုလူစင်မမီတဲ့ ပုဒ်မ၊ မတရားကန့်သတ် ချုပ်ချယ်တဲ့ ဥပဒေမျိုးဟာ ရှိကိုမရှိသင့်လို့ ပြင်ရမှာဖြစ်တဲ့အတွက် ပြင်ဖို့ကြိုးစားတာ ဆိုတဲ့သဘောကို ရှင်းပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ဥပဒေကြီးကိုပဲ အမျိုးသားရေး တံဆိပ်ကပ်ပြီး ဒါပြင်ဖို့ လုပ်ရင်ပဲ သတ်ရဖြတ်ရမယ် ဆိုတဲ့အထိ ဥပဒေမဲ့စကားမျိုး လူသိရှင်ကြားပေါရဲတဲ့ အဲလေ ပြောရဲတဲ့ “လူတွေနဲ့ မတူကွဲပြားသူများ”ကလည်း ရှိသေးခင်ဗျ။ ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာဖြစ်ပြီး နိုင်ငံရေးသမားလို့ ကိုယ့်ဘာသာ တံဆိပ်ကပ်ထားသူများဟာ ကိုယ့် တံဆိပ်မှာ လူဆိုးသူခိုးလို တံဆိပ်မျိုး၊ အနိုင်ကျင့် မိုက်မဲတတ်သူဆိုတဲ့ ပင်လယ်ဓားပြလို တံဆိပ်မျိုးကိုပါ ထပ်ကပ်မိရက်သားမျိုး လုပ်မိမမှားရေး သမိုင်းသတိထားဖို့ လိုပါလိမ့်မယ်။ ပြည်သူနဲ့ အာဏာရှင်မှာ အာဏာရှင်ကို ရွေးသူ၊ အမှားနဲ့ အမှန်မှာ အမှားကို ဖက်တွယ်သူ၊ ဓမ္မနဲ့ အဓမ္မမှာ အဓမ္မကို မြိန်ရှက်စွာ ကျင့်သုံးတတ်သူမျိုးဟာ ဘယ်လိုလုပ်ပြီး နိုင်ငံရေးစင်မြင့်မှာ အရှည်သဖြင့် ရပ်တည်ခွင့် ရနိုင်ပါ့မလဲ။ ဘာပဲဖြစ်ဖြစ် မကြာလှမီကာလမှာ အနိုင်ရပါတီက ရွေးချယ်တဲ့ သမ္မတလောင်းနဲ့အတူ အစိုးရ အဖွဲ့စာရင်းပါ လူသိရှင်ကြား ထွက်ပေါ်လာပါတော့မယ်။ လူထုချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ “လူထုခေါင်းဆောင်” ဆိုတဲ့ ရှိပြီးနေရာကနေ ဘယ်ဥပဒေ ဘယ်ပုဒ်မကမှ ဖယ်ချလို့ ရတာ မဟုတ်တော့ အနိုင်ရပါတီက ရွေးချယ်တဲ့ အစိုးရအဖွဲ့ကိုပဲ ပဲ့ကိုင်ဦးဆောင်ရင်း မိမိပါတီကိုလည်း ခေါင်းဆောင်အဖြစ် ဆက်လက် ထိန်းသိမ်းကွပ်ကဲခွင့်ကို ဒီနေ့ သမိုင်းဖြစ်ရပ်တွေက ဖန်တီးပုံဖော်ပေးလိုက်ပြီ ဖြစ်ပါတယ်။ နောင်မှာ အတိတ်ဖြစ်လာမယ့် ဒီနေ့ သမိုင်းဖြစ်ရပ်များဟာ နောင်အနာဂတ်ကျရင် ကျေးဇူးတင်စရာတွေ ဖြစ်ချင်တောင် ဖြစ်လာဦးမှာပါ။ ဘာပဲဖြစ်ဖြစ် သမ္မတဖြစ်ပြီဆိုရင် ဥပဒေနဲ့အညီ ပါတီနဲ့ဝေးဝေးနေရမယ့် အနေအထားကနေ ရင်အုပ်မကွာ ဆက်နေခွင့်ရတာကလည်း ၀မ်းသာစရာပဲ မဟုတ်လားခင်ဗျ။ ဒါပေမဲ့ ၅၉ ( စ ) ပြင်ဆင်ခွင့် ဆိုတာကတော့ မကြာမတင် စလုံးရေစရမယ့် ကိစ္စပါပဲ။ ဘာကြောင့်ဆိုတော့ ဒီအမှားပြင်ချက်ကနေ အမျိုးသား ရင်ကြားစေ့ရေးကိုလည်း စလုံးရေစ၊ တပ်မတော်ရဲ့ သဘောထားကြီးမှုကိုလည်း စလုံးရေစ၊ ပြည်သူက တပ်မတော်အပေါ် ပြန်လည် ကြည်ညို အားကိုးမှုကိုလည်း စလုံးရေစရမှာ မို့ပါ။ ဒါကို စလုံးရေစခြင်းအားဖြင့် နိုင်ငံရဲ့ အုပ်ချုပ်ရေး စစ်တလင်းမှာ တပ်ကျွံနေတဲ့ အနေအထားကနေ လှလှပပ ဆုတ်ခွာနိုင်မှာလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အတ္တကတုတ်ကျင်းများဆီကနေ ပြည်သူများနဲ့ ရဲရဲဝံ့ဝံ့ မျက်နှာချင်းဆိုင် ရင်ချင်းအပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်မျက်နှာချင်း ဆိုင်နေရတဲ့ ပြည်သူဆိုတာ ရန်သူမဟုတ်ကြောင်း သဘောပေါက် နားလည်လာတဲ့ စလုံးရေစလည်း ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးမှာ ထာဝရရန်သူ၊ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူးလို့ အဆိုရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့ အဏုမြူ ဗုံးကြဲခံရပြီး မရှုမလှ လက်နက်ချခဲ့ရတဲ့ ဂျပန်ဟာ အမေရိကန်ကို မဟာမိတ်ပြုပြီး ဒီနေ့ အတိုးတက် အဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ် အမေရိကန်ကိုပဲ ပြန်ပခုံးချင်းယှဉ်နိုင်တာဟာ သင်ခန်းစာကောင်းပါပဲ။ ကျွန်တော်တို့တစ်တွေဟာ သူတို့တွေလို တစ်ပြည်စီခြား၊ တိုင်းတစ်ပါးသားတွေ မဟုတ်ဘဲ သွေးသားရင်းချာတွေပါ။ ဒီတော့ “ရှေးကတော့ ပိုချစ်ကြတယ်”ဆိုတဲ့ သီချင်းကို “ရှေးကထက် ပိုချစ်ကြတယ်”လို့ ပြောင်းဆို နိုင်အောင် ကျွန်တော်တို့တစ်တွေ တပ်နဲ့ပြည်သူ ကြည်ဖြူလက်တွဲမယ့် ချစ်ကြည်ရေးလမ်းဆီ စလုံးရေစလှမ်းရမယ့် အချိန်ရောက်ပြီလို့ တိုက်တွန်း နှိုးဆော် လိုက်ချင်ပါတယ် ခင်ဗျား။ ရီနေနိုင် The Ladies News

ပါတီရဲ့ အလံအောက်မှာ နေမယ်ဆိုရင်တော့ ပါတီရဲ့ မူဝါဒကို လေးစားပါ၊ ကိုယ့်ဘာသာ ကိုယ်လုပ်ချင်တယ် ဆိုရင် တသီးပုဂ္ဂလအရွေးခံပါဟု NLD ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Breaking News ............................. ------ ------ ------ ------ ----- ၁-၃-၂၀၁၆ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရီခန်းမတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ “လွှတ်တော်မှာ အဆိုတွေတင်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တင်ကြပါ။ လွှတ်တော်အတွင်း မေးခွန်းမေးတဲ့အခါ ရှင်းရှင်းလင်းလင်း မေးပါ။ အဖွဲ့ချုပ်အပေါ်မှာ သစ္စာရှိပါ။ အဆိုတွေ မေးခွန်းတွေကို တင်တော့မယ်ဆိုရင် စိစစ်ရေးအဖွဲ့ကို တင်ပါလို့ ပြောထားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်တွေဟာ ပါတီအတွက်၊ လွှတ်တော်အတွက်၊ နိုင်ငံအတွက် လိုအပ်တဲ့ကိစ္စတွေကိုလုပ်တဲ့အခါမှာ တဦးကောင်း တယောက်ကောင်း မလုပ်စေချင်ပါဘူး`` “အဆိုတွေ တင်သွင်းချင်တယ်။ မေးခွန်းတွေ တင်သွင်းချင်တယ်ဆိုရင် ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းတွေကို တင်ပြပါ။ တင်သွင်းမယ့်သူတွေဟာ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်ရပါမယ်။ ဖွဲ့ထားတဲ့အဖွဲ့ အစည်းထဲမှာ ပါဝင်တဲ့သူတွေဟာ လွှတ်တော်ရဲ့ စည်းကမ်းနဲ့ပတ်သက်ပြီး အင်မတန် ကျွမ်းကျင်တဲ့သူတွေဖြစ်ကြပါတယ်။ ဒီလိုတော့ တင်လို့မဖြစ်ဘူး။ ဘယ်လိုတင်ရင်တော့ ဖြစ်နိုင်တယ်ဆိုတာ နားလည်တယ်။ နောက်တခုက အချို့ကိစ္စတွေမှာ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီလားဆိုတာ နားလည်ရမယ်။ ကိုယ်ဘာသာ ကိုယ်လုပ်ချင်တယ် ဆိုရင်တော့ ဒါဟာ ဘယ်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့မှ ရွေးချယ်ခံစရာ မလိုဘူး။ တသီးပုဂ္ဂလအနေနဲ့ပဲ အရွေးခံပါ။ ပါတီရဲ့ အလံအောက်မှာ နေမယ်ဆိုရင်တော့ ပါတီရဲ့ မူဝါဒကို လေးစားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့မူပဲ။ အရင်လွှတ်တော်တုန်းကလည်း ဒီအတိုင်းပဲပြောခဲ့ပါတယ်။ မူနဲ့မဆိုင်တဲ့ ကိစ္စ သိပ်ပြီးတော့ အရေးမကြီးတဲ့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်၊ ကိုယ့်ဟာကိုယ် အတည်ပြု၊ မူဝါဒနဲ့မဆိုင်ရင် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရ တယ်။ ခွင့်ပေးတယ်။ ဒါပေမဲ့ မူဝါဒနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ အဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်းပဲလုပ်ပါ။” “မတ်လမှာ အစိုးရဖွဲ့ခွင့်ရတော့မယ်။ ဘယ်လိုမှ မကြုံဖူးတဲ့နှစ် (၅၀) အတွင်းမှာ ပြည်သူလူထုကိ တင်တဲ့၊ ရွေးချယ်တဲ့ အစိုးရသစ်ကို ပထမ ဦးဆုံးအကြိမ်အဖြစ်မြင်ရတော့မှာ။ ကျွန်မတို့ ဒီကိစ္စအတွက် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ဒီလို လုပ်ငန်းမျိုးဟာ မလွယ်ပါဘူး။ မလွယ်လို့ကို ကျွန်မတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ သေသေချာချာ လုပ်နေပါတယ်။ ကိုယ့်ရဲ့ အပြောအဆိုကို ဆင်ခြင်ရပါမယ်။ တချို့က မီဒီယာနဲ့တွေ့ပြီး ပြောချင်နေကြတယ်။ ပြောကြတယ်။ မီဒီယာတွေ့ရတာ စကားပြောရတဲ့နေရာမှာ တာဝန်ယူရပါတယ်။ ကိုယ့်စကားနဲ့ မှားသွားရင် တယောက်တည်းထိမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ထိခိုက်နိုင် ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကာလအတွင်းမှာ ဆင်ဆင်ခြင်ခြင်နေကြပါ။ ကိုယ့်စည်းကိုစောင့်ကြပါ။ ကိုယ့်ရဲ့တာဝန်ဟာ ဘာလဲဆိုတာကို သိကြပါ။ အားလုံး ညီညွတ်ရမယ်။” “လွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ လွှတ်တော်ပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ လွှတ်တော်ကြီး မဟုတ်ပါဘူး။ တချို့တွေက ဒီလွှတ်တော်ကြီးကို ကိုယ်ပိုင်လွှတ်တော်လို့ ထင်နေကြတယ်။ ဒီလွှတ်တော်ဟာ ကိုယ်ပိုင်မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ပဲ ဆိုင်ပါတယ်။ ဒီ လွှတ်တော်ဟာ ကျွန်မတို့ လွှတ်တော်မဟုတ်ပါဘူး။ မနေ့က တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုမှာ တအာင်း(ပလောင်) အမျိုးသမီးတဦးပြောတာကို ကျွန်မ သဘောကျပါတယ်။ ဘာလဲဆိုတော့ ကျွန်မတို့ ပါတီဝင်တွေဟာ ခွဲခြားမှုမရှိပါဘူးတဲ့။ ကိုယ်က လူများစုဖြစ်တာကြောင့် ယဉ်ကျေးရမယ်။ သဘောထားကြီးရမယ်။ သိမ်မွေ့ရမယ်။ ဒါပေမဲ့ တချို့တွေဟာ ဒီလွှတ်တော်ဟာ ငါတို့လွှတ်တော် ငါတို့ပုံစံနဲ့ ငါတို့လုပ်နိုင်တယ်ဆိုတဲ့စိတ် တွေရှိနေပါတယ်။ အဲဒီစိတ်တွေ ဖျောက်ပါလို့ ပြောချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီကိုယ်စားလှယ်များ လိုက်နာစောင့်ထိန်းရမည့်အချက်များကို အသေးစိတ်ပြောကြားသွားခဲ့ပြီး “တနင်္ဂနွေလုပ်တဲ့ CEC အစည်းအဝေးမှာ တချို့အပြောင်းအလဲတွေ ရှိပါတယ်။ တလအတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ တိုင်စာတွေ တက်လာပါတယ်။ တက်လာတဲ့ တိုင်ချက်တွေကို စိစစ်ပြီးတော့ အရေးယူပါမယ်”ဟု ပြောကြားခဲ့သည်။ credit to ထွန်း(နေပြည်တော်) ‪#‎နည်းစနစ်ကျကျအတွေးအခေါ်‬

Sunday 6 March 2016

အရေးပါသည့် အန်အယ်လ်ဒီထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေး ယနေ့ ကျင်းပမည်

၆.၃.၂၀၁၆ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရေးပါတဲ့ ပါတီထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်မယ့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ မွန်းလွဲပိုင်း နေပြည်တော်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီနေအိမ်မှာ ကျင်းပမယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ဒီဗွီဘီကို ပြောပါတယ်။ လာမယ့် သီတင်းပတ် မတ် ၁၀ ရက်နေ့ အန်အယ်လ်ဒီပါတီအမတ်တွေ အများစုပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတလောင်းတွေကို အမည်စာရင်း တင်သွင်းဖို့ ရှိနေချိန်မှာ ခုလို ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူကျင်းပတာဖြစ်ပါတယ်။ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ ဒီအစည်းအဝေးအပြီးမှာ အန်အယ်လ်ဒီက ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်ကိစ္စတွေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ ခန့်အပ်မယ့် ကိစ္စတွေ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းနိုင်တယ်လို့လည်း မီဒီယာတွေကို ပြောထားပါတယ်။ မနေ့ကတော့ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အန်အယ်လ်ဒီ စီးပွားရေးကော်မတီဝင် ၈ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာပါဝင်တဲ့ အန်အယ်လ်ဒီ စီးပွားရေးကော်မတီဝင် ပြည်တွင်းအခွန် လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဝင်းက “ကျနော်တို့ အဓိကတော့ လောလောဆယ် နောက်အစိုးရသစ်တက်လာတဲ့ အခါကျရင် ပြည်သူလူထုနဲ့ တိုင်းပြည်ကို ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် အကျိုးပြုနိုင်မယ့် ကိစ္စတွေကို ပိုပြီးတော့ဆွေးနွေးတာပါ၊ အခက်အခဲဖြစ်နိုင်တဲ့၊ အကျပ်အတည်းဖြစ်နိုင်တဲ့ကိစ္စတွေကတော့ တဖြည်းဖြည်းနဲ့ မျှမျှတတနဲ့ ပြည်သူတွေအတွက်လည်း အကျိုးရှိ တိုင်းပြည်အတွက်လည်း အကျိုးရှိအောင် ဒါတွေက ရေရှည်စဉ်းစားသွားရမှာပါ။ လောလောဆယ်က ရက် ၁၀၀ အတွင်းမှာ ဘာတွေလုပ်မယ်ဆိုတာ အဓိက ဆွေးနွေးကြတာပါ” လို့ပြောပါတယ်။ ဒီကနေ့ခေါ်ယူကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးဟာ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ တိုးချဲ့ဖွဲ့စည်းပြီးနောက် ပထမဆုံးကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးလည်းဖြစ်ပါတယ်။ DVB