Monday 29 February 2016

တိုင်းရင်းသားများအကြား စေတနာနှင့် အပြန်အလှန်ယုံကြည်မှုရှိရန်သာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

------ ----- ----- နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေး ဦးတည်၍ ဆောင်ရွက်နေစဉ် မတူကွဲပြားမှုများရှိနေသော်လည်း မတူကွဲပြားမှုကို ကြောက်စရာမလိုအပ်ပဲ သွေးစည်းညီညွတ်စွာဖြင့် နိုင်ငံအား တိုးတက်အောင် ပူးပေါင်းဆောင် ရွက်နိုင်သည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ကျွန်မတို့ အချင်းချင်းပေါ်မှာ မေတ္တာရှိရမယ်၊ ကျွန်မတို့တိုင်းရင်းသားတွေကြားထဲမှာ စေတနာနဲ့ အပြန်အလှန် ယုံကြည်မှုရှိဖို့လိုပါတယ်၊ ကျွန်မတို့ ဒီလိုမှမလုပ်လို့ရှိရင်တော့ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ပေါ်လာမှာ မဟုတ်ဘူး” ဟု ၄င်းကဆိုသည်။ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပါတီအသီးသီးရှိ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ပြောခြင်းဖြစ်သည်။ “ကျွန်မတို့နဲ့အတူ နှစ်ပေါင်းများစွာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့တာပါ၊ အဲ့တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိက မဟာမိတ်တွေဟာ တိုင်းရင်းသားအဖွဲ့တွေပဲဖြစ်ပါတယ်၊ ဒီကျေးဇူးတွေကိုလည်း ကျွန်မတို့ ဘယ်တော့မှမမေ့ပါဘူးဆိုတာလည်း ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။ ပြည်ထောင်စုခိုင်မာစေရေးနှင့် တိုးတက်စေရေးအတွက် တိုင်းရင်းသားများ၏ အကူအညီများစွာလိုအပ်ပြီး တစ်ဦးနှင့်တစ်ဦး ခိုင်ခိုင်မာမာ၊ သစ္စာရှိရှိ၊ နားလည်မှု၊ လေးစားမှုတိုဖြင့် လုပ်ဆောင်သွားမည်ဆိုပါက ဖက်ဒရယ် ပြည်ထောင်စုထူထောင်နိုင်မည်ကို ယုံကြည်သည်ဟု ၄င်းကဆိုသည်။ “ပြည်ထောင်စုလို့ ပြောတဲ့အခါကြရင် ပြည်ထောင်စုစကားကို မပြောခင်မှာ ကိုယ့်ရဲ့ နောင်လာနောက်သားတွေ၊ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေကို ဘယ်လိုနိုင်ငံမျိုးမှာ ကြီးပြင်းလာစေခြင်သလည်း ဆိုတာစဉ်းစားကြည့်ပါ” ဟု ၄င်းက ထပ်လောင်းပြောသည်။ ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားများ စိတ်ချမ်းသာရေး၊ စိတ်လုံခြုံရေးအတွက် လူမှုရေးစံ နှုန်း များစွာလိုအပ်ကြောင်းလည်း ၄င်းကပြောသည်။ ကိုပေါက် The Ladies News

Sunday 21 February 2016

အသွင်ကူးပြောင်းရေး ပထမ အဆင့် အောင်မြင်မှာလား

Monday, February 22, 2016 လာမယ့် မတ်လ ၁၇ ရက်နေ့ကျရင် လွှတ်တော် အသီးသီးကနေ ဒုသမ္မတ၊ သမ္မတ လောင်း ရွေးချယ် တင်မြှောက်ပွဲတွေ စ ပြီး လုပ်ပါတော့မယ်။ ခုအချိန်ကနေ စ တွက်ရင် ၂၅ ရက်မြောက်နေ့မှာ စ ပြီး အကောင်အထည် ဖော်မယ့် လွှတ်တော်ရဲ့ အရေးကြီး လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ သမ္မတသစ် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် စ ပြီးတာဝန်ယူနိုင်မယ့် နေ့နဲ့ တွက်ရင်တော့ ရက်ပေါင်း ၄၀ နီးပါးလိုပါသေးတယ်။ ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့် ပြီးမြောက်ဖို့ လိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ဒီ အသွင်ကူးပြောင်းရေး အချိန်ကာလကို အေးအေးချမ်းချမ်းပဲ ဖြတ်ကျော်နိုင်ကြမလား၊ ပြသနာ အခက် အခဲ တစ်စုံတစ်ရာ ကြုံရနိုင်သေးသလား ဆိုတာ အားလုံးက ရင်တမမ နဲ့ စောင့်ကြည့်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ အဲဒီလို စိတ်တ၀င်စား စောင့်ကြည့်နေကြသူတွေထဲမှာ မြန်မာနိုင်ငံသားတွေတင်ကမ နိုင်ငံတကာ အသိုင်းအ၀ိုင်းလည်း ပါဝင်ပါတယ်။ မြန်မာ့ အသွင်ကူးပြောင်းရေး ပထမ အဆင့် အဆင်ပြေ ချောမွေ့နိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ သွားရာလမ်းမှာ အသွင်ကူးပြောင်းရေး ဆိုတဲ့ ကာလကို နှစ်အတော်ကြာ ဖြတ်သန်းရပါဦးမယ်။ ဒီမိုကရေစီ စနစ် ဆိုတာဟာ တိုင်းပြည်ရဲ့ အရေးအရာ အရပ်ရပ်ကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သူတွေက အပြည့်အ၀ စီမံခန့်ခွဲ၊ အုပ်ချုပ်ခွင့် ရှိတဲ့ အခြေအနေကို ခေါ်ဆိုတာမို့၊ စစ်တပ်ဟာ အရပ်ဘက် အုပ်ချုပ်ရေး အောက် လုံးလုံးလျားလျား ရောက်သွားချိန်၊ တပ်မတော်ဟာ အရပ်သား အစိုးရ လက်အောက်မှာ ကာကွယ်ရေး တာဝန်ကိုပဲ ပရော်ဖက်ရှင်နယ် ပီပီသသ ထမ်းဆောင်ချိန် ရောက်မှ ခေါ်နိုင်တာမို့ အချိန် စောင့်ကို စောင့်ရပါလိမ့်မယ်။ သိပ်မကြာခင် ပေါ်ပေါက်လာမယ့် အသွင်ကူးပြောင်းရေးကို ပထမ အဆင့် ခေါ်ရတာကတိုင်းပြည်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရ တစ်ရပ်ရော၊ သူ့ဖာသာသူ သီးခြား ရပ်တည်နေတဲ့ တပ်မတော် တစ်ရပ်ကပါ အပြိုင် တည်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ ပြောင်းလဲသွားတဲ့ နိုင်ငံပေါင်းများစွာ ရှိပါတယ်။ အသွင်ကူးပြောင်းကြပုံတွေကလည်း အမျိုးမျိုး ရှိနေပါတယ်။ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားပြီးမှ ပြောင်းလဲသွားတဲ့ နိုင်ငံတွေ ရှိသလို၊ လူထု အုံကြွမှုကြီးတွေ ဖြစ်ပွားပြီးမှ ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ အလားတူ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်သံယိုမှုလည်း မဖြစ်၊ ကြီးကျယ်တဲ့ လူထု ဆန္ဒပြမှုကြီးတွေလည်း မဖြစ်ခဲ့ပါပဲနဲ့ ပြောင်းလဲမှုကို စတင်လိုက်နိုင်တာတွေလည်း ရှိခဲ့တာပါပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး ပုံစံလိုမျိုးဟာ ကမ္ဘာမှာ ပထမ ဦးဆုံး ဖြစ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေးကို အောင်မြင် ဆုံးခန်းတိုင်တဲ့အထိ သွားဖို့ ဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး ပထမ အဆင့် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ပေါ်ဖို့ လိုပါတယ်။ လက်ရှိ အသွင်ကူးပြောင်းရေး ပထမ အဆင့်ဟာ ကျေနပ်နိုင်ဖွယ်ရာ ရှိပါသလား ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ် အမျိုးမျိုးအောက်မှာ ရာစုနှစ် တစ်ဝက်ကျော် နေခဲ့ရတဲ့ တိုင်းပြည် တစ်ပြည်ပါ။ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးမှာ ပြည်သူ့ဆန္ဒ လုံးဝ ပါဝင်ခွင့် မရခဲ့တာလည်း ရာစုနှစ် တစ်ဝက်ကျော်ပါ။ အခု အသွင်ကူးပြောင်းရေး ပထမ အဆင့် အောင်မြင်သွားရင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အမတ်တွေက ဥပဒေပြုရေးကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ကြပါလိမ့်မယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတ၊ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်း အစိုးရတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ အရင်အာဏာရှင်တွေ ပြဌာန်းပေးသွားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အသီးသီးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ ရွေးကောက်လိုက်တဲ့ အမတ်တွေဟာ တပ်မတော်က သဘောမတူပဲ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ကြဦးမှာ မဟုတ်ပါဘူး။ တပ်မတော်ဟာ သီးခြား အဖွဲ့အစည်းအနေနဲ့ ရပ်တည်နေမှာ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ရဲချုပ်တွေကို သမ္မတ ခန့်အပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အတွေ့အကြုံအရ ပြောရရင် လက်ခံနိုင်လောက်တဲ့ အသွင်ကူးပြောင်းရေး အစ ပါ။ နိုင်ငံတကာကို လေ့လာကြည့်ရင် ခုလို အသွင်ကူးပြောင်းရေး ပုံစံမျိုး တောင်အမေရိကတိုက်က ချီလီနိုင်ငံမှာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေေးကာက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ကို အပြတ်အသတ် မဲပေးပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ ကို ပယ်ချလိုက်သလို၊ ၁၉၈၈ တုန်းက ချီလီမှာ အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးကို သမ္မတ တင်မြှောက်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ချလိုက်တာနဲ့ အတူ အသွင်ကူးပြောင်းရေးကို အစ ပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ အဲဒီ အချိန်တုန်းက ချီလီမှာ သူ့ဖာသာသူ ရပ်တည်တဲ့ စစ်တပ် ရှိနေပြီး အာဏာရှင် ပီနိုချေးဟာ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူထားပါတယ်။ လက်ရှိ ဖွဲ့စည်းပုံကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရသလိုပဲ အဲဒီအချိန်တုန်းက သမ္မတ ဖြစ်နိုင်ချေ အရှိဆုံး ရီကာဒို လာဂို့စ် ကလည်း စစ်တပ်က အာဏာပြန်သိမ်းနိုင်ခြေကို ချင့်တွက်ပြီး သမ္မတ ရွေးကောက်ပွဲ မ၀င်ခဲ့ပါဘူး။ မြန်မာ့လွှတ်တော်မှာလိုပဲ အဲဒီအချိန် ချီလီ အထက်လွှတ်တော်မှာလည်း ရွေးကောက်ခံ မဟုတ်သူတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ချီလီ အတိုက်အခံတွေဟာ ဗိုလ်ချုပ်ကြီး ပီနိုချေးရဲ့ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။ အသွင်ကူးပြောင်းမှု စတင်ပြီး နောင် ၁၀ နှစ်ကြာမှ ရီကာဒို လာဂို့စ် သမ္မတ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းပြီး ၁၅ နှစ်အကြာမှာ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေကို ဖယ်ရှားလိုက်နိုင်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ ရဲချုပ်တွေကိုလည်း သမ္မတ က ရာထူးကနေ ဖယ်ရှားခွင့် ရှိလာပါတယ်။ ပြောရရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်နိုင်ငံ တစ်ခုခုနဲ့မှ လုံးဝ ထပ်တူ တူညီတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်တူတာတွေ၊ လေ့လာ အတုယူစရာ နိုင်ငံတွေတော့ ရှိပါတယ်။ အဲဒီထဲမှာ ချီလီ အသွင်ကူးပြောင်းရေးကနေ သင်ခန်းစာ ယူနိုင်တာ ဖြစ်ပါတယ်။ ချီလီသင်ခန်းစာ အရ အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ လိုပါတယ်။ ချီလီထက် ကံကောင်းတာက မြန်မာနိုင်ငံမှာ ပီနိုချေးလို စစ်အာဏာရှင် တစ်ယောက်ယောက် ဆက်ပြီး အာဏာရှိမနေတာပါပဲ။ ဒီအတွက် လက်ရှိ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကရော၊ တပ်မတော်ဘက်ကပါ နှစ်ဖက်စလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာပြီး အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှသာလျင် ဒီမိုကရေစီ ပန်းတိုင်ဆီ သွားရာလမ်း ဖြောင့်ဖြူးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ voa သတင်းမော်ကွန်း's photo.

Saturday 20 February 2016

ပုဒ်မ၅၉(စ)ကို ခေတ္တရပ်ဆိုင်းဖို့

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်ဖို့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာ မြန်မာ့သမိုင်းရော ကမ္ဘာ့သမိုင်းမှာပါ မော်ကွန်းတင်ရမယ့် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ ပါတီပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုပေမယ့် အဓိကယှဉ်ပြိုင်တဲ့ ပါတီကြီးကနှစ်ခုပဲရှိပါတယ်။လက်ရှိအာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင် ပြိုကမ်းပြိုနိုင်ခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တစ်ခဲနက်ထောက်ခံမဲ ပေးခဲ့ကြတယ်။ ဒါကြောင့်အများရဲ့ထောက်ခံမှုအရ ရရှိတဲ့ လုပ်ပိုင်ခွင့်အာဏာ (Mandate) ကို ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့ပါ တယ်။ သာမန်အားဖြင့်ကြည့်ရင်တော့ အနိုင်ရပါတီရဲ့ ခေါင်းဆောင်က တိုင်းပြည်ရဲ့အထွတ်အထိပ် အုပ် ချုပ်ရေးအာဏာကိုယူရမယ်။ သမ္မတဖြစ်ရမယ်။ ဒါပေမဲ့ သူ့ရှေ့မှာ သမ္မတမဖြစ်အောင် ကာဆီးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဆိုတာကြီးက ရှိနေတယ်။ ပုဒ်မ(၅၉)မှာ ပုဒ်မခွဲ (၆)ခုရှိတယ်။ ၅၉(က) ကနေ ၅၉(င)အထိက ပြဿနာမရှိပါဘူး။ ပြဿနာ က ၅၉(စ)ပါ။ ပုဒ်မ ၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်းများမှာ အောက်ပါ အတိုင်း ဖြစ်သည်- (က) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာ ရှိသူ ဖြစ်ရမည်၊ (ခ) မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊ (ဂ) ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့် ပြီးသူ ဖြစ်ရမည်၊ (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ် ရေး (ကာကွယ်ရေးအမြင်) စသည့် အမြင် များရှိရမည်၊ (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရ သည့်အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံးအနှစ် (၂ဝ) နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သူဖြစ်ရမည်၊ အဲဒီအထိကတော့ ပြောစရာမရှိပါဘူး။ ပြော စရာရှိတာက ပုဒ်မ ၅၉(စ)ပါ။ ၅၉ (စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး ၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစား နိုင်ခွင့်ရှိသူများ မဖြစ်စေရလို့ ပြဋ္ဌာန်းထားတယ်။ ဒီပုဒ်မကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တမင်ရေးသလိုနဲ့တောင် တူနေ တယ်။ သမ္မတရဲ့ခင်ပွန်းနဲ့သားသမီး တွေဟာ နိုင်ငံခြားသားများမဖြစ်စေရလို့ ကန့်သတ်ထားတာကိုး။ ၅၉(စ)ကို ပြင်ဆင်ဖို့ ၅၉(စ)ကို ပြင်ဆင်ဖို့ကလည်း မလွယ်ပါ ဘူး။ ပြင်ချင်ရင် အခြေခံဥပဒေပုဒ်မ ၄၃၆ နဲ့အညီ ပြင်ရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ မှာ အခန်း(၃) ပုဒ်မ (၅၃)၊ (၆ဝ) တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်း ကျော်ကပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ...လို့ ပြဋ္ဌာန်းထားတယ်။ ပြင်လို့မရအောင် ပြဋ္ဌာန်းထားသလိုပါပဲ။ လွှတ်တော်ထဲမှာ (၂၅)ရာခိုင်နှုန်းကတပ်မတော်သားကိုယ်စားလှယ်တွေဖြစ်တယ်။ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်အမတ်တွေ (၇၅)ရာခိုင်နှုန်းကပြင်ဖို့ သဘောတူတယ်ထားဦး တပ်မတော်သားကိုယ်စားလှယ်တွေ သဘောမတူရင် ပြင်လို့မရပါဘူး။ တပ်မတော်သားကိုယ်စားလှယ်တွေ သဘောတူတယ်ထားဦး၊ နောက်တစ်ဆင့် ကျန်သေးတယ်။ " ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။" ဆိုတော့ မဲပေးပိုင်ခွင့်ရှိသူဆိုတာနဲ့ မဲပေးသူ ဆိုတာမတူပါဘူး။ မြန်မာတစ်ပြည်လုံးမှာ အသက်(၁၈)နှစ်ပြည့်ရင် မဲပေးပိုင်ခွင့်ရှိပါတယ်။ မဲပေးပိုင်ခွင့်ရှိသူက သန်း(၂ဝ)ရှိတယ်ဆိုပါတော့ (၁ဝ) သန်းကျော်က သဘောတူမှပြင်လို့ရမယ်။ ဒါပေမဲ့ သန်း(၂ဝ)လုံး ဘယ်တော့မှ မဲအပြည့်အဝပေးမှာ မဟုတ်ပါဘူး။ တောထဲတောင်ထဲရောက်နေသူတွေ ဝေးသီခေါင်ဖျားမှာ အလုပ်လုပ်နေသူတွေ မငြိမ်ချမ်းတဲ့၊ စစ်ဖြစ်နေတဲ့၊ ပြည်နယ်တွေမှာ နေသူတွေက ဘယ်မှာ မဲပေးမှာလဲ၊ ဒီတော့ မဲပေးသူက (၁၅)သန်းပဲ ရှိတယ်ဆိုပါစို့၊ မဲပေးသူရဲ့ ထက်ဝက်ကျော် (၇)သန်းခွဲကျော်က သဘောတူရင် ပြင်ခွင့်ရှိ တယ်လို့ ပြဋ္ဌာန်းထားတာမှ မဟုတ်ပဲ။ မဲပေးပိုင်ခွင့် ရှိသူရဲ့ ထက်ဝက်ကျော်လို့ ပြဋ္ဌာန်းထားတာပဲ။ ကျွန်တော်တစ်ယောက်တည်း အတွေးနက်နေတုန်း ကျွန်တော့်တပည့်ကျော် မောင်စပ်စု ရောက်ရှိလာပါတယ်။ ခရီးရောက်မဆိုက်ဆိုသလိုပဲ ကျွန်တော်ဘာတွေ တွေးနေကြောင်း သူ့ကို ပြောပြလိုက်တယ်။ စပ်စု ။ ။ ဒီလိုဆိုရင်ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့ ဘူးလားဆရာ။ ပြည်သူလူထုတစ်ရပ်လုံးက လူထုခေါင်းဆောင်အဖြစ် တင်မြှောက်တယ်။ တရားဝင်ရွေးကောက်ပွဲမှာလည်း လျှို့ဝှက်မဲဆန္ဒနဲ့ ပြည်သူ့သဘောထားကိုတင်ပြခဲ့တယ်။ ပြည်သူတစ်ရပ်လုံးရဲ့ သဘောထားက အရေးကြီးသလား။ ပုဒ်မ ၅၉(စ)က အရေးကြီးသလား ဆရာ။ ဖြေ ။ ။ ပြည်သူလူထုရဲ့ဆန္ဒက အရေး အကြီးဆုံးပေါ့ကွာ ...။ ၂ဝဝ၈ အခြေခံဥပဒေ နိုင်ငံ တော်အခြေခံမူများ ပုဒ်မ(၄)မှာ- 'နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်' လို့ ဖော်ပြထား ပြီးသားပဲ။ စပ်စု ။ ။ဒါပေမဲ့ ဆရာရယ် အခြေခံ ဥပဒေက တားမြစ်ထားတော့ အဲဒါကိုကျော်လွှားဖို့ အခြားနည်းလမ်းမရှိဘူးလား။ ဖြေ ။ ။ အလားတူ ကိစ္စမျိုး အရင်က ဖြစ်ခဲ့ဖူးတယ်ကွ ...။ ၁၉၅၈ ခုနှစ်ကပေါ့။ စပ်စု ။ ။ ကျွန်တော်တောင် မမွေးသေးတဲ့ နှစ်ပဲ။ ကျွန်တော့်လိုပဲ အခြားလူငယ်တွေလည်း သိမှာမဟုတ်ဘူးဆရာ...။ ဆရာတို့ အသက်ကြီး တဲ့လူတွေပြောပြမှ ကျွန်တော်တို့လည်း သိရမှာပေါ့။ အခြေခံဥပဒေပုဒ်မတစ်ခုကို ခေတ္တရပ်ဆိုင်းခြင်း ဖြေ ။ ။ တို့တိုင်းပြည်က အင်္ဂလိပ် လက် အောက်ကနေ ကျွန်သဘောက်အဖြစ်နဲ့ နှစ်ပေါင်း (၁ဝဝ) ကျော်နေထိုင်ခဲ့ရတာမင်းလည်း အသိပဲ။ ဒီကြားတည်း ဂျပန်တွေက တမှောင့်ဒုက္ခပေးသေးတယ်။ အဲဒါကို နှစ်ပေါင်းများစွာကြာအောင် မြန်မာ မျိုးချစ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းညီညာတော်လှန်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့ တယ်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်မှုအောက်မှာ ဖ၊ဆ၊ပ၊လ အဖွဲ့ကြီးက တိုင်းပြည်အကျိုးသယ်ပိုး ဆောင်ရွက်ခဲ့တယ်။ လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတယ်။ ဒါပေမဲ့ ဦးနုဦးဆောင်တဲ့ ဖ၊ဆ၊ပ၊လအဖွဲ့က လွတ် လပ်ရေးရအောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်။ ဒီအထိတော့ မင်းတို့ လူငယ်တွေ သိပြီးသားပဲ။ လွတ်လပ်ရေးရပြီးတဲ့အခါ လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်အဖြစ် ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ တယ်။ အခုထိလည်း မပြီးသေးဘူး။ ဒါပေမဲ့ ဖ၊ဆ၊ပ၊လ ခေါင်းဆောင်တွေ ညီညီ ညွတ်ညွတ်နဲ့ ကိုင်တွယ်အုပ်ချုပ်ခဲ့လို့ တိုင်းပြည်တိုး တက်ခဲ့တယ်။ အရှေ့တောင်အာရှမှာ အချမ်းသာ ဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ ၁၉၅၈ ခုနှစ်ကျတော့ ခေါင်း ဆောင်အချင်းချင်းကွဲပါလေရော။ ဦးနုနဲ့ သခင်တင် ဦးဆောင်တဲ့ သန့်ရှင်း ဖ၊ဆ၊ပ၊လ နဲ့ ဦးဘဆွေနဲ့ ဦးကျော်ငြိမ်းခေါင်းဆောင်တဲ့ တည်မြဲဖဆပလဆိုပြီး (၂)ပိုင်းကွဲသွားတယ်။ စစ်တပ်ထဲမှာရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့က တည်မြဲဖဆပလကို ထောက်ခံတယ်။ အဲဒီအချိန်မှာ ဝန်ကြီးချုပ်ဦးနုက ဘတ်ဂျက်ကို လွှတ်တော်ကိုမတင်ဘဲ အထူးအာဏာနဲ့ အတည်ပြု တယ်။ ဒါဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တယ် ဆိုပြီး တည်မြဲ ဖ၊ဆ၊ပ၊လ က ကန့်ကွက်တယ်။ စစ်တပ်ကလည်း အာဏာသိမ်းဖို့ ကြံစည် တယ်။ ဒါကို ဝန်ကြီးချုပ်ဦးနုက သိသွားတယ်။ ဒါကြောင့် ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်ချုပ်မောင်မောင်ကို ခေါ်တွေ့တယ်။ စစ်တပ်ကအာဏာသိမ်းရင် စစ်တပ်လည်းနာမည်ပျက်မယ်။ တိုင်းပြည်လည်း နစ်နာမယ်။ ဒါကြောင့် အာဏာမသိမ်းနဲ့ လွှတ်တော် ကနေ အာဏာကို စနစ်တကျလွှဲပေးမယ်။ ဒါပေမဲ့ (၆)လအတွင်း တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ ပေးရမယ်လို့ ညှိနှိုင်းကြတယ်။ တပ်မတော်ကလည်း သဘောတူတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ၂၆၊ ၉၊ ၁၉၅၈ ခုနှစ်က ဝန်ကြီးချုပ်ဦးနုထံ စာပြန်တဲ့အခါ - "ပြည်သူ့လွှတ်တော်က ကျွန်တော့်အား ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ပါလျှင် ၁၉၅၉ ခု၊ ဧပြီလမကုန်ခင် လွတ်လပ်၍ တရား မျှတသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရန်အတွက် လိုအပ်သော အစီအစဉ် များကို အစွမ်းကုန်ဆောင်ရွက်ပေးပါမည်ဟု ကျွန်တော်ကတိပြုပါသည်။" လို့ ဝန်ခံကတိပြုခဲ့တယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ ၁ အရ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်ရန် နိုင်ငံတော်သမ္မတထံ ပြည်သူ့လွှတ်တော်က အမည်တင်သွင်းခဲ့တယ်။ ဒီလိုနဲ့ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ ပြည်သူ့လွှတ်တော်အစည်းအဝေး ကို ၁၉၅၈ ခု၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဆက်လက်ကျင်းပတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်သွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကမိန့်ခွန်း ပြောတယ်။ အဲဒီမိန့် ခွန်းမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်တာဝန်ကို လက်မခံဘဲနေ၍မဖြစ်လောက်အောင် အခြေအနေအမျိုးများ ပေါ်လာကြောင်း နိုင်ငံရေးပြိုကွဲမှုကြောင့် ၁၉၄၈၊ ၁၉၄၉ ခုနှစ်က အခြေအနေမျိုးကို ရှေး ရှုလာကြောင်း၊ ဒီအခြေအနေမျိုးကို ဘယ်လိုနည်းနဲ့ မှထပ်လောင်းခွင့်မပြုနိုင်ကြောင်း၊ ပြည်ထောင်စုကြီး ရေတိမ်မနစ်ရအောင် အချိန်မီထိန်းသိမ်းပေးရန် အိမ်စောင့်အစိုးရတစ်ခုဖွဲ့ရန် ဦးနုက တာဝန်ပေးကြောင်း ဒီတာဝန်ကိုခေါင်းမရှောင်လိုသောကြောင့် ဒီမိုကရေစီနည်းကျကျ ပါလီမန်ကအာဏာပေးအပ်ခြင်းကို လက်ခံရကြောင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ဒီမိုကရေစီကို ပြည်ထောင်စုသားတစ်ယောက်အနေနှင့်လည်းကောင်း၊ ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့လည်းကောင်း၊ စစ်သားတစ်ယောက် အနေနဲ့ လည်းကောင်း၊ရောက်ရာအရပ်တွင်အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ရန်တာဝန်ယူကြောင်း ပြောကြားသွားခဲ့တယ်။ စပ်စု ။ ။ အဲဒီကိစ္စတွေကို သာမန်တိုင်း သူပြည်သားတွေက မသိကြဘူးထင်တယ်နော် ဆရာ။ ဖြေ ။ ။ အေးပေါ့ကွာ၊ တော်တော်များများ က မသိကြပေမယ့် တချို့ကတော့သိကြပါတယ်။ အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့် ရှိတယ်လေ။ ၁၉၅၈ ခု၊ စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် နေးရှင်း (The Nation) သတင်းစာအယ်ဒီတာ့အာဘော်အခန်းမှာ အစိုးရအာဏာ လွှဲပြောင်းရေးအစီအစဉ်ကို ဦးနုသာအမှန်တကယ် စတင်အကြံပြုသည် မှန်ပါကဦးနုအား တကယ့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက နိုင်ငံရေးလောကသည် အာဏာသိမ်းခြင်း (coup d’etat) ဟူသော ဝေါဟာရတစ်ခုကို အောင်မြင်စွာဖယ်ရှားပြစ် နိုင်လောက်အောင် ကျွမ်းကျင်လိမ္မာသူအဖြစ် သတ်မှတ်နိုင်ကြောင်းလို့ ဝေဖန်ရေးသားထားတယ်။ စပ်စု ။ ။ အခြား ဝေဖန်သုံးသပ်မှုတွေရော မရှိဘူးလားဆရာ။ အဖြေ ။ ။ ရှိတာပေါ့ကွာ၊ အတိုက်ခံ ပ၊မ၊ည၊တ ပါတီက ဒီကိစ္စကို ကန့်ကွက်ခဲ့တယ်။ ၂၇ .၂ .၅၉ နေ့ထုတ် ကြေးမုံသတင်းစာမှာ ' စစ်အာဏာရှင်စနစ်ထူထောင်လိမ့်မည်' လို့ ကြိုတင်ဟောကိန်းထုတ် ဝေဖန်ကန့်ကွက်ခဲ့တယ်။ စပ်စု ။ ။ မှန်လိုက်တာနော်ဆရာ။ နောက် ပိုင်းဖြစ်ရပ်တွေနဲ့ ကွက်တိပဲနော်။ ဖြေ ။ ။ အေးပေါ့ကွ၊ ရှေးကနိုင်ငံရေး၊ ပညာရှင်တွေဟာ အမြော်အမြင်ကြီးမားတယ်။ ဦးနုကိုယ်တိုင်ရေးတဲ့ သူ့ရဲ့အတ္ထုပ္ပတ္တိလို့ ဆိုရမယ်ဖြစ်တဲ့ ' တာတေစနေသား' ဆိုတဲ့စာအုပ်မှာ 'ဒီလူတွေ (ဦးဗဆွေ၊ ဦးကျော်ငြိမ်းဦးဆောင်တဲ့ တည်မြဲ ဖ၊ဆ၊ပ၊လ) ဟာ နိုင်ငံရေးဆက်မလုပ်တော့ဘူး လား မသိ၊ စစ်တပ်ကို အာဏာပေးတာဟာ၊ ဒီမို ကရေစီနိုင်ငံရေးကို ဆွဲကြိုးချသတ်လိုက်တာပဲလို့ ဖော်ပြခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းကဆိုရင်..အမှန်မှာဦးနုက လွှဲမပေးသော်လည်း စစ်တပ်ကအာဏာသိမ်းတော့မည်ဖြစ်ပါသည်။ ထိုအခြေအနေကိုမြင်သော အကင်းပါးလှသည့်ဦးနုသည် မိမိသဘော အလျောက်လွှဲပေးလေဟန် တိုင်းပြည်ကိုကြေညာပါသည်။ ထိုသို့ အသာတကြည်လွှဲပေးလိုက်ခြင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပါလီမန်ကိုဖျက်သိမ်းရန်မလိုဘဲ တည်ဆဲဥပဒေများလည်း ဆက်လက် တည်မြဲပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည်လည်း စစ်အာဏာရှင် သဘောမျိုးဖြစ်မလာဘဲ ဥပဒေအရ ပါလီမန်က တင်မြှောက်သော ဝန်ကြီးချုပ်ဖြစ်လာပါသည်။ တစ် နည်းအားဖြင့်ဆိုလျှင် ဗိုလ်ချုပ်နေဝင်း အစိုးရသည် ဥပဒေသဘောအရ ' ပါလီမန်အစိုးရသာ' ဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းသည်ဟု မခေါ်နိုင်တော့ပါ။ ... စစ်တပ်က အာဏာသိမ်းခြင်းကို မိမိ ဖြစ်စေလိုသည့်ပုံစံသို့ ရောက်လာအောင်လုပ်ပေးသည့် ဦးနု၏ဥာဏ်စွမ်းကို ချီးကျူးရမည်သာဖြစ်ပါသည်' လို့ ဝေဖန်ပြခဲ့တယ်။ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမောင်ကလည်း ဗိုလ်ချုပ်နေဝင်းအစိုးရဖွဲ့ ဆောင်ရွက်ရမည့် အဓိကတာဝန်ဝတ္တရားတွေဟာ - (၁) ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး (၂) တရားမျှတသော ရွေးကောက်ပွဲဖြစ် မြောက်ရေး (၃) ဒီမိုကရေစီအခွင့်အရေးများ တင်းပြည့်ကျပ်ပြည့် ရရှိရေးတို့ ဖြစ်တယ်လို့မိန့်ကြားခဲ့ပါတယ်။ တာဝန်ယူပြီး (၆) လ မပြည့်မီ တာဝန်ယူပြီးလို့ ၂ လ၊ ၃ လကြာတဲ့အခါမှာ မူလကတိအတိုင်း (၆) လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်မယ့် အလားအလာက နည်းလာတယ်၊ သန့်ရှင်း ဖ၊ဆ၊ပ၊လ ကလည်း သူ့ပါတီဝင်တွေကို ဗိုလ်ချုပ်နေဝင်းအစိုးရက ဖမ်းဆီးထိန်းသိမ်းနေတယ်လို့စွပ်စွဲတယ်။ သန့်ရှင်း ဖ၊ဆ၊ပ၊လနဲ့ ကျန်အဖွဲ့ အစည်းတွေက ရွေးကောက်ပွဲကို မူလသတ်မှတ်ရက်အတိုင်း ကျင်းပပေးဖို့တောင်းဆိုတယ်။ တည်မြဲ ဖ၊ဆ၊ပ၊လ ကတော့ နိုင်ငံတော်ပြည်တွင်းစစ်နေ အထားအရ မကျင်းပသေးသင့်ဟု ကန့်ကွက်တယ်၊ အဲဒီမှာ အယူအဆကွဲလွဲမှုတွေ၊ ဝိရောဒိတွေပေါ် လာတော့တာပဲ။ ရွေးကောက်ပွဲကလည်း ဗိုလ်ချုပ်နေဝင်း မူလကတိပေးထားတဲ့အတိုင်း ကျင်းပပေးဖို့ မဖြစ်နိုင်တဲ့အနေအထားကို ရောက်ရှိလာတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၁၆ အရ ကလည်း ပြည်သူလူထုက ရွေးကောက်တင် မြှောက်ထားသူမဟုတ်ရင် (၆) လ ထက်ပိုပြီး အစိုးရအဖွဲ့ဝင်လူကြီး (သို့) ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခွင့်မရှိဘူး၊ ပုဒ်မ ၁၁၆ က ဒီလိုဆိုတယ်။ ဒီတော့ " နိုင်ငံရဲ့အခြေအနေအရ ဗိုလ်ချုပ် နေဝင်းအနေနဲ့ ဝန်ကြီးချုပ်အဖြစ်ဆက်လက်ပြီး တာဝန်မထမ်းဆောင်လို့ကလည်း မဖြစ်ဘူး၊ တာဝန်ထမ်းဆောင်ဖို့ကလည်း အခြေခံဥပဒေက ခွင့်မပြုဘူးဆိုတဲ့အနေအထားဖြစ်လာတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် တွေ့ကြုံနေ ရတဲ့ ပုဒ်မ ၅၇ (စ) နဲ့ ဗိုလ်ချုပ်နေဝင်းတွေ့ကြုံခဲ့ရ တဲ့ ပုဒ်မ ၁၁၆ ဟာ သဘောအားဖြင့် အတူတူပါပဲ။" စပ်စု ။ ။ တော်တော်စိတ်ဝင်စားဖို့ ကောင်း တာပဲ၊ ကျွန်တော်တောင် ဆရာပြောတဲ့ စကားထဲ မှာ နစ်မျောသွားမိတယ်။ သူတို့ ဘယ်လိုဖြေရှင်း သွားကြလဲဆရာ။ ဖြေ ။ ။ ၁၉၄၇ အခြေခံ ဥပဒေပုဒ်မ ၁၁၆ ကို မဖျက်သိမ်းဘူး၊ မပြင်ဆင်ဘူး၊ ဒါပေမဲ့ သတ်မှတ်တဲ့အချိန်ကာလတစ်ခုအထိ ယာယီဆိုင်းငံ့ပေးခဲ့တယ်။ အဲလိုဆိုင်းငံ့ဖို့အဆိုကို ဦးကျော်ငြိမ်းက တင်သွင်းတယ်၊ ပြည်သူ့လွှတ်တော်ထဲမှာ အဲဒီအဆိုဟာ ထောက်ခံမဲ များတဲ့အတွက်အတည်ဖြစ်ခဲ့တယ်။ အဲဒီအဆိုအောင်မြင်သွားတဲ့အတွက် နောက်တစ်ဆင့်အနေနဲ့ 'အခြေခံပြင်ဆင်မှုဥပဒေကိုရေးဆွဲပြီး လွှတ်တော်သို့ ထပ်မံတင်သွင်းရတယ်၊ အဲဒီပုဒ်မ ၁၁၆ ကို ပြင်ဆင်တာ မဟုတ်ဘူးနော်၊ ကာလအပိုင်း အခြားတစ်ခုအထိ ခေတ္တာယာယီ ဆိုင်းငံ့ (Temporary Stay) ပေးခဲ့တာဖြစ်တယ်။ အဲဒီလိုဆိုင်းငံ့ ပေးခဲ့လို့လည်း ၁၉၆ဝ ပြည့်နှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကြီးကို ဗိုလ်ချုပ်နေဝင်းကကျင်းပပေးနိုင်ခဲ့တယ်။ဦးနုရဲ့သန့်ရှင်း ဖ၊ဆ၊ပ၊လ က တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်။ ရွေးကောက်ပွဲမှာဘက်လိုက်တဲ့အပြစ်ရှိတဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေကိုလည်း အရေးယူခဲ့တယ်။ မူလရည်မှန်းချက်လည်း ပျောက်မသွားခဲ့ပါဘူး။ စပ်စု ။ ။ ဒါဆို ဆရာရယ်၊ စစ်ခေါင်းဆောင်တစ်ယောက်အတွက် တောင် အခြေခံဥပဒေပုဒ်မတစ်ခုကို ဆိုင်းငံ့ပေးနိုင်ခဲ့ရင် လူထုရဲ့ ခေါင်းဆောင်၊ ပြည်သူလူထုရဲ့ရင်ထဲက ရွေးကောက်တင် မြှောက်ခံရတဲ့သူ တစ်ယောက်အတွက် ဘာကြောင့် ဆိုင်းငံ့မပေးနိုင်ရမှာလည်း ဆရာ။ ချစ်ခင်လေးစားလျက် မောင်သိန်းလွင်

Thursday 18 February 2016

ဒေါ်အောင်ဆန်းစုကြည်ကြောင့် အောက်စ်ဖို့ တက္ကသိုလ်က မြန်မာနိုင်ငံကို အကူအညီများပေးအပ်ခဲ့

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက် ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်မြင် မှုကြောင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အထောက်အပံ့ အကူအညီ များ စွာ ရှိလာနိုင်တော့မည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၃ ခုနှစ်တွင် အောက်စ်ဖို့ တက္ကသိုလ်မှ ပေးအပ်ခဲ့သော ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူချိန်တွင် မြန်မာနိုင်ငံ၏ တက္ကသိုလ် ကျောင်း သားဘ၀ကို ဂုဏ်သိက္ခာနှင့်အညီ ပြန်လည်ရောက် ရှိနိုင်မည့် နေ့ရက်များ ကို ဆောင်ကျဉ်းပေးနိုင် ရန် အောက်စ်ဖို့တက္ကသိုလ် အနေဖြင့် ကူညီပေးနိုင်မည်ဟုဆိုလျှင် အလွန်ကျေးဇူးတင် မည် ဖြစ်ကြောင်း ပြော ကြား ဖူးသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အဆင့်မြင့်ပညာ သင်ကျောင်းဖြစ်သော ရန်ကုန်တက္ကသိုလ်နှင့် ကနဦး ပူးပေါင်းဆောင် ရွက်မှုများကို အောက်စ်ဖို့ တက္ကသိုလ်အနေဖြင့် အာရုံစိုက်လုပ်ဆောင်နေ သည်ဟု ဆိုသည်။ ဒုတိယပါမောက္ခချုပ်၊ စာကြည့်တိုက်မှူးနှင့် မြန်မာစာ၊ ဓာတုဗေဒ၊ သမိုင်း၊ ဥပဒေ၊ သတ္တဗေဒဌာနမှ ဌာနမှူးများအပါအ၀င် ရန်ကုန်တက္ကသိုလ်မှ အကြီးတန်း ၀န်ထမ်း ၁၂ ဦးသည် မဟာဗျူဟာရေးဆွဲခြင်း ၊ ကျောင်း သားထောက်ပံ့မှု၊ သင်ရိုးညွှန်းတမ်းနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးရန် ၂၀၁၄ ခုနှစ်တွင် နှစ်ပတ်ကြာ လာရောက်လည် ပတ်ခဲ့ကြဖူးသည်။ အောက်စ်ဖို့ တက္ကသိုလ်မှ အဖွဲ့ကို ဖွံ့ဖြိုးမှုနှင့် ကျောင်းပြင် ပရေး ရာ ဒုတိယအကြီးအကဲ နစ် ရောလင်က ဦးဆောင်ခဲ့ သည်။ မြန်မာနိုင် ငံ သစ်တောများထဲမှ အင်းကျားသစ်များကို ခြေရာခံရန် ကြိုးပမ်းအားထုတ် ရာ တွင် မြန်မာနိုင်ငံနှင့် အောက်စ်ဖို့မှ သတ္တဗေဒ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။ ယခုလက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြီးတန်းသုတေသန သူငယ်ချင်းဖြစ်သူ မက်သရူး ဝေါလ်တန် က ၂၀၁၃ ခုနှစ်ကတည်းက ဦးစီးခဲ့သည့် စိန့် အန်တိုနီကောလိပ်တွင် ခေတ်ပေါ် မြန်မာစာ လေ့လာရန် အစီအစဉ်တစ်ခုကို ပြုလုပ် လျှက်ရှိသည်။ ထို့နောက်တွင် လေဒီ မာဂရက် ခန်း မဆောင်ရှိ နိုင်ငံတကာ ကျား/မ လေ့လာရေးစင်တာ တွင် မြန်မာ ဘာသာ စကားကို သင်ကြားပို့ချရန် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင် ငံ သူ ဒေါ် ခင်မာမာကြည်ကို ခန့်အပ်ခဲ့သည်။ အင်္ဂလန်ဥပဒေပါမောက္ခ အန်ဒရူး ဗျူရိုးက မြန်မာနိုင်ငံကို စိတ်ဝင်စားသည့် အတွက် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်နှင့် ဒဂုံ တက္ကသိုလ်တို့ တွင် မူပိုင်ခွင့် နှင့် စာချုပ်စာတမ်းဥပဒေ တို့ကို တစ်ပတ်ကြာ ရှင်းလင်းပို့ချခဲ့သည်။ မတူညီသော ဥပဒေစနစ်များကြားမှ ပဋိပက္ခများကို အထူးပြုလေ့လာသောဘာသာရပ်ဖြစ်သည့် ပုဂ္ဂလိက နိုင်ငံတကာ ဥပဒေ ပါမောက္ခ အေ ဒရီ ရန် ဘရစ် က ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သင်ကြား ပို့ချရန် လာရောက်ခဲ့ဖူးသည်။ သို့သော် သူ၏ နယ်ပယ် အတွက် ပုံနှိပ်စာ အုပ် မရှိခဲ့ချေ။ Ref: www.timeshighereducation.com အင်တာနက်စာမျက်နှာ တွင် ဖော်ပြထားသော သတင်းဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။ WN post by-Democracy Today

Wednesday 17 February 2016

အမြန်ဆုံးငြိမ်းချမ်းပါစေ မြန်မာပြည်

ဖိနပ်အဟောင်း ရဖို့ အတွက် သေနတ်ပြောင်းဝရှေ့ သူတို့ကို နောက်တစ်ခါ ပြန်မရောက်စေချင်တော့ပါဘူး -------------------------------------------------------------------------- ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ ဒေသအတွင်းမှာ ရှိတဲ့ စစ်ပွဲတွေ အဲဒီက ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည် စခန်းတွေကို ကျွန်တော် ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလေးနဲ့ မိန်းမတွေက အများစု ဖြစ်နေတယ်။ သူတို့ ပြေးခဲ့ရတဲ့ ခရီးဟာ အနည်းဆုံး၊ အနီးဆုံး ရွာက မိုင် ၃၀ လောက် ရှိတယ်။ ကျန်တာတွေက သူ့ထက် ပိုဝေး တာပေါ့။ မိုင် လေးငါးခြောက်ဆယ်။ . အများစုက တော့ဆမ်အုပ်စု၊ မင်းကုန်းအုပ်စု၊ ပန်စမ် အုပ်စု၊ အဲဒီလို ကျေးရွာအုပ်စုပေါင်း များစွာကနေ ပြေးလာ ခဲ့ရတယ်။ အခု ကျွန်တော် ရောက်တဲ့ အချိန်ထိတော့ လူဦးရေ သုံးထောင်ကျော်လောက် ရှိနေပါပြီ။ ဒီမှာ ထူးခြားချက်ကတော့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ တော်တော်များများ ပါလာတယ်။ ကလေးတွေက စာမေးပွဲဖြေတဲ့ရက်ဆိုတော့ မူလတန်း၊ အလယ်တန်းတွေကလည်း တော်တော် များတယ်။ စာမေးပွဲရက် ဖြစ်နေတဲ့အခါကျတော့ သူတို့က အသက်လု ပြေးလာကြတော့ တချို့ဆိုရင် လွယ်အိတ်တောင် မပါကြဘူး။ . ကျောင်းသား တစ်ယောက်က စာမေးပွဲဖြေဖို့ အနီးကပ်တဲ့ ရက်တွေမှာ သူ့ရဲ့ ကိုင်တွယ် သုံးစွဲရမယ့် အရာ၊ သူတို့နဲ့ အတူ တိုက်ပွဲဝင်ရမယ့် အရာဟာ လွယ်အိတ်နဲ့ စာအုပ် တွေပါပဲ။ အဲဒါ မပါဘူးဆိုရင်တော့ စစ်မြေပြင်ကို ရဲဘော်တစ်ယောက်က လက်ဗလာနဲ့ ၀င်ရမလို ဖြစ်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့ သိပ်စိုးရိမ်တာပဲ။ ဒါကြောင့် ကျွန်တော်တို့တော့ ကျောင်းသုံးစာအုပ်တွေနဲ့ သူတို့ စာမေးပွဲ ဆိုတဲ့ တိုက်ပွဲကို ၀င်ကြဖို့ ၀ိုင်းဖြည့်ဖို့အတွက် နယ်ခံတွေနဲ့ ကြိုးစားနေတယ်။ . သူတို့မှာ ယူနီဖောင်းလည်း မရှိကြဘူး။ ဘာကြောင့်ဆို ဒရောသောပါး ထပြေးလာကြတာ ဆိုတော့ လွယ်အိတ်က အစ အဖြူအစိမ်းတွေပါ ၀ယ်ပေးကြရလိမ့်မယ်။သူတို့ ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ကျောင်းဆရာ၊ ဆရာမတွေလည်း လိုက်လာကြတယ်။ ဒီဘုရား ကုန်းပေါ်မှာပဲ ဇရပ်ပေါ်မှာ ဘုရားရင်ပြင်ပေါ် တွေမှာ စာတွေ သင်ပေးနေတယ်။ စာတွေ ကျက်နေကြတယ်။ . ဒီကလေးတွေကို သေသေချာချာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ ရည်ရွယ်ချက်ကလည်း တတ်နိုင် သမျှ ထောက်ပံ့ ကူညီဖို့ရယ်၊ သူတို့ကို စိတ်ဓာတ်ရေးရာအရ အားပေးဖို့ရယ် အဲဒီအတွက် ရောက်လာကြတာပဲ။ သူတို့ကတော့ တော်တော်ကြီးကို ချောက်ချားနေကြတယ်။ အသက်ဘေးက လွတ်အောင် ပြေးရတာလည်း ပါတယ်။ နောက်တစ်ခုက ကျောင်းသားဆိုတာ စာမေးပွဲ အောင်ချင်တာလည်း ပါတာပေါ့။ သူတို့ စာမေးပွဲကို ရင်ဆိုင်ရမယ့် အနေအထားကျတော့ မပြည့်မစုံနဲ့။ တဖက်ကလည်း အိမ်မက်ဆိုးကြီးထဲကနေ ပြီးတော့ ခြေထောက်တစ်ဖက် ကျန်သေးသလို ဖြစ်နေတယ်။ ဒါကြောင့် သူတို့ မနည်း ရုန်းကန်ပြီးတော့ ရင်ဆိုင်ရမယ့် စာမေးပွဲ။ . ကျွန်တော်တို့ သူတို့ကို စိတ်ဓာတ်ရေးရာအရ အားပေး ဖို့ အတွက် နောက်ဆုံး တစ်ခုကတော့ စစ်ပွဲကို ပြီးဆုံးအောင် မေတ္တာရပ်ခံဖို့၊ အားလုံးကို တိုက်တွန်းကြဖို့ ကျွန်တော်တို့ အလုပ် သုံးလုပ်ကို တစ်ပြိုင်နက် လုပ်ကြရမှာပါ။ ဒီမှာ ရောက်နေတဲ့ အထဲမှာ တချို့ဆို မိုင်းထိသွားလို့ ရွာသားသုံးယောက်ကို နောက်ဆုံးတော့ မန္တလေးအထိ ပို့လိုက်ရတာတွေမျိုးတွေ ရှိတယ်။ . တချို့ ရွာတွေမှာ တိုက်ပွဲကြားထဲမှာ ပိတ်မိနေသေးတာတွေ ရှိနေသေးတယ်။ အဲဒီ ပိတ်မိနေတဲ့သူတွေအတွက်လည်း အားလုံး စိုးရိမ်နေကြတယ်။ သူတို့ကို ဘယ်လို ကယ်တင် ရမလဲဆိုတဲ့ နည်းလမ်းတွေလည်း ကျွန်တော်တို့ ရှာဖွေ နေပါတယ်။ . ဇာလီတောင်ရွာက အဘွားနာမည်က ဒေါ်ခမ်းအောင် အသက်က ၇၅ နှစ် ထမင်း မစားရတာ ၈ ရက် ရှိပြီ။ ဒီနေ့ကျမှ ထမင်း စစားရပြီးတော့ စကားပြောနိုင်တယ်။ . နောက်တစ်ခါ စာပို့ရွာက ၃ တန်း ကျောင်းသူလေးနဲ့ တွေ့ရသေးတယ်။ သူက သူ့စာမေးပွဲအတွက်ပဲ မေး နေတယ်။ ဆရာမကလည်း မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာ ကနေ ဘယ်ရောက်သွားမှန်းမသိဘူး။ သူတို့ကတော့ ကျောက်မဲ ခရိုင် မိုင်းတင်းဆိုတဲ့ ရွာ ဒုက္ခသည်စခန်းမှာ ရောက်နေကြတာ။ အများစုဟာ စစ်ပွဲကနေ ထွက်ပြေး လာကြတဲ့အခါမှာ ညဘက်မှာ မြောင်းတွေထဲမှာလည်း အိပ်ခဲ့ရတယ်။ ထူးခြားတာကတော့ ညောင်ပင်လှရွာက ကိုယ်ဝန် အရင့်အမာနဲ့ ကိုယ်ဝန်သည် နှစ်ယောက်ဆိုရင် တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ပြေး လွှားရင်း ကံအားလျော်စွာပဲ ဖေဖော်ဝါရီ ၁၃ ရက်မှာ စစ်ပြေးလာတဲ့ကြားက ကလေး နှစ်ယောက်ကို မွေးတယ်။ ကူညီတဲ့သူတွေက ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ပဲလို့ ပြောကြတဲ့အခါမှာ ကလေး အမေတွေက ပြောတယ်။ အဲဒါဆိုလည်း သူတို့ကလေးတွေ ဗိုလ်ချုပ် မွေးနေ့မှာ မွေးတဲ့ ကလေးတွေ ဗိုလ်ချုပ်လိုပဲ ပြည်ထောင်စုကြီးကို အားလုံးကို စည်းရုံးအောင် လုပ်နိုင်ပါစေတဲ့။ အခုတော့ သူတို့ဘ၀တွေက အသက်ဘေးက လုပြေး နေရတာဖြစ်တဲ့အတွက် ဒီနေ့ မွေးတဲ့ ကလေးကို အမှတ်တရနဲ့ အားကိုးတကြီး မျှော်လင့်ကြပါတယ်။ . စစ်ပွဲ အတွင်းမှာ ပိတ်မိနေတဲ့ ညောင်မောင်းရွာသားတွေ ရှိနေသေးတယ်။ ဒီစာကို ရေးနေစဉ်မှာပဲ ကျောက်မဲမြို့နယ် ပန်မူးရွာကနေ စစ်ဘေးက ပြေးလာတဲ့ ဒုက္ခသည်ကလေး အများစု ပါလာတဲ့ ထော်လာဂျီ မှောက်ပြီးတော့ ကလေးငယ် သုံးဦးနဲ့ ဘုန်းကြီးတစ်ပါး ပွဲချင်းပြီး ဆုံးသွားတယ်။ ကား ဘာလို့ မှောက်ရလဲဆိုတော့ မီးထွန်းမောင်းရင် အပစ်ခံရမှာ စိုးလို့ မီးပိတ်မောင်းရာကနေ ကားတိမ်းမှောက်တာ ဖြစ်တယ်လို့ ဆိုတယ်။ . ဒီမှာ ဒုက္ခသည်ပေါင်း စခန်းပေါင်း ၁၅ ခု ရှိတဲ့ နေရာကို ကျွန်တော်တို့ တစ်ခုပြီးတစ်ခု သွားကြရဦးမှာပါ။ ဒီည ကျွန်တော်တို့ ကျောက်မဲမှာပဲ အိပ်ကြမယ်။ ဒုက္ခသည်စခန်းမှာ လက်လှမ်းမီသမျှ လိုက်ပြီးတော့ အားပေးမယ်။ လိုအပ်ချက်တွေကို စာရင်းပြုစုပြီးတော့ လူတွေ ဖြန့်ပြီး တာဝန်ခွဲကြရပါလိမ့်မယ်။ အဓိက ကတော့ စာမေးပွဲ ဖြေဖို့ရော၊ အသက်ဘေးလုပြီးတော့ ပြေးလာခဲ့ရတဲ့ ကလေးတွေ သွေးပျက်နေတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ ကြင်နာမှုများကို တတ်နိုင်သမျှ အားလုံး ကိုယ်စား ပေးခဲ့ပါတယ်။ မင်းတို့ချည်းပဲ မဟုတ်ဘူးလို့ ပြည်ထောင်စု တစ်ခုလုံးက အားလုံးက မင်းတို့ကို စာနာစိတ်နဲ့ စိုးရိမ်ပူပန်နေကြတယ်။ မေတ္တာ တရားတွေ ပို့ကြတယ်။ မင်းတို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နားစွင့် နေပါတယ်။ တို့တွေ အားလုံးက ပြန်ပြောပေးပါ့မယ်။ အမြန်ဆုံးနည်းနဲ့ ပြန်ပြောပေးပြီးတော့ သူတို့ရဲ့ ကူညီမှု တွေကို အမြန်ဆုံး ရောက်အောင် ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။ အဲဒီတော့ သူတို့က သူတို့တစ်ယောက်တည်း မဟုတ်ဘူး အားလုံးက ပြည်ထောင်စု တစ်ခုလုံးက သူတို့အပေါ် စာနာ ထောက်ထားတယ် ဆိုတဲ့ အခါမှာလည်း အားလုံးက မော့ကြည့်ပြီးတော့ မျက်လုံးလေးတွေ ၀ိုင်းသွားတယ်။ ဟုတ်ရဲ့လားဆိုတဲ့ အကြည့်တွေ ပြန်ကြည့်ကြပါတယ်။ ကျွန်တော်တို့ ထပ်ထပ်ခါခါ ကတိပေးခဲ့ပါတယ်။ တကယ်ပြည်ထောင်စုသားတွေ အားလုံးက ကိုယ့်ရဲ့ ရင်မှာ ထိတဲ့ အနာလိုပဲ နာကျင်ခံစားနေရတယ်၊ စာနာ နေတယ် ဆိုတာကို သေသေချာချာ ပြောပြခဲ့ပါတယ်။ သူတို့ အားတက် လာတဲ့ မျက်လုံးတွေ တောက်ပလာ တာကို ကျွန်တော်တို့ တွေ့ခဲ့ ရပါတယ်။ အပြန်မှာ သူတို့ရဲ့ လိုအပ်ချက်တွေကို စာရင်းပြုစုကြတဲ့ နေရာမှာ ကျောင်းသူလေး အတော်များများက ဖိနပ် မရှိကြတာတွေ များတယ်။ ပြေးလွှား လာကြတဲ့အခါကျတော့ ဖိနပ်ဆိုတာ ဘယ်ကျန် ခဲ့မှန်းလည်း မသိပါဘူး။ အဲဒါကို ဖိနပ်အသစ်တွေ ၀ယ်ပေးဖို့ စီစဉ်ကြတဲ့ အခါမှာ သူတို့က ငြင်းတယ်။ သူတို့ ဖိနပ် မရရင် နေပါစေ၊ ဖိနပ်အဟောင်းလေး သွားရှာချင် တယ်တဲ့။ ဖိနပ်အသစ် ၀ယ်ရင် ပိုက်ဆံကုန်မှာစိုးလို့ပါတဲ့။ တခြား ကလေးတွေကို အနွေးထည် ၀ယ်ပေးပါတဲ့။ သူတို့ ဖိနပ်အဟောင်းလေးတွေ သွားရှာမယ်တဲ့။ ဘယ်မှာ သွား ရှာမှာလဲ။ ပြေးလာတာ လမ်းတစ်လျှောက် ဒီလောက် ဝေးတာကို ဆိုတော့။ သူတို့က သေသေချာချာ မပြော တော့ဘူး။ ကျွန်တော် သူတို့အတွက် စိတ်ပူတယ်။ ဖိနပ်အဟောင်းကို ရဖို့အတွက် သေနတ် ပြောင်းဝရှေ့ သူတို့ကို နောက်တစ်ခါ ပြန်မရောက်စေချင်တော့ပါဘူး။ ကျွန်တော် တားနိုင်ပါ့မလား။ . ‪#‎မင်းကိုနိုင်‬ (ပြည်သူ့အရေးဂျာနယ်ဆောင်းပါးမှ )

Monday 15 February 2016

ဆင်ချည်တဲ့ကြိုးနဲ့ကြက်ကိုမချည်နဲ့ ကြက်ချည်တဲ့ကြိုးနဲ့ဆင်ကိုမချည်နဲ့

ငယ်ငယ်က စာသင်တိုက်ကြီးတွေ တစ်တိုက်ပြီးတစ်တိုက်ပြောင်းရင်း သာသနာ့တက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ် တက္ကသိုလ်ကြီးတွေ တစ်ခုပြီးတစ်ခုပြောင်းရင်း စာပေတွေကို လေ့လာသင်ယူ ဆည်းပူးခဲ့ပါတယ်။ နေ့တိုင်းနေ့စဉ် ဘုရားကန်တော့ ဝတ်ပြုရပါတယ်။ ...... ဘုရားကန်တော့ပြီးတိုင်း ဆရာတော်တွေက ဆုံးမသြဝါဒပေးလေ့ရှိပါတယ်။ ဆရာတော်တွေပေးတဲ့ သြဝါဒတွေကို မှတ်စုစာအုပ်လေးမှာ အမြဲရေးမှတ်ထားလေ့ရှိပါတယ်။ .. မှတ်စုစာအုပ်လေး ပြန်ဖတ်ကြည့်တော့ ဆင်ချည်တဲ့ကြိုးနဲ့ ကြက်ကို မချည်နဲ့။ ကြက်ချည်တဲ့ကြိုးနဲ့ ဆင်ကို မချည်နဲ့ဆိုတဲ့ ဆုံးမသြဝါဒလေးကို တွေ့မိပါတယ်။ ဆရာတော်က သာသနာပြုတဲ့အခါ ကိုယ့်ဝန်နဲ့ကိုယ့်အား ချိန်ဆဖို့ နေရာမှန်လူမှန်ဖြစ်ဖို့ အရည်အချင်းက နည်းနေပြီး နေရာကြီးကြီးယူထားရင်လည်း အဆင်မပြေသလို အရည်အချင်းရှိပြီး ဘာမှလုပ်ပိုင်ခွင့် အခွင့်အလမ်းမရှိရင်လည်း ဆုံးရှုံးပျက်စီးတတ်ကြောင်းကို ဆုံးမသြဝါဒပေးထားပါတယ်။ .. ဒါကို မြင်မိတော့ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရာထူးတွေတော့ ယူထားကြပြီး သူနဲ့ထိုက်တန်တဲ့ အရည်အချင်းက ဗလာနတ္ထိမို့ အရှေ့တောင်အာရှမှာ အစစအရာ သာခဲ့တဲ့ မြန်မာဟာ ဟိုးကမ္ဘာ့အောက်ဆုံးအဆင့်ကို ဇောက်ထိုးကျသွားရပါတော့တယ်။ ..... တကယ့်အရည်အချင်းပြည့်ဝတဲ့ ကမ္ဘာက လေးစားတန်ဖိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပညာရှင်တွေကိုကျတော့ နေရာမပေးသည့်အပြင် ထောင်တွင်းအကျဉ်းချကာ နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ကြပြန်ပါတယ်။ .. တိုင်းပြည်ကြီးတစ်ခုလုံးကိုလဲ သူတို့ထင်တိုင်း အုပ်ချုပ် လက်ဝါးကြီးအုပ်ကာ ဖျက်ဆီးခဲ့လို့ တိုင်းပြည်မှာလည်း ဘာတစ်ခုမှ အကောင်းမကျန်တော့ပါဘူး။ ... ရဲဝန်ထမ်း၊ စစ်သားစစ်ဗိုလ်၊ ရုံးဝန်ထမ်း၊ တရားသူကြီးတွေပါမကျန် ဖြတ်စားလာဘ်စား ခြစား ခိုးစား ပေါင်းစား ရောင်းစားကာ ပျက်စီး အောင်လုပ်ထားကြလို့ တော်တော်လေးလည်း ပျက်စီးယိုယွင်းနေပါပြီ။ ... ဒီလောက် ဘက်ပေါင်းစုံ ပျက်စီးနေတဲ့ နိုင်ငံကြီး ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းနဲ့ မရပါဘူး။ ဒါကို ပညာရှင်တွေနဲ့တကွ ပြည်သူတရပ်လုံးက သဘောပေါက်နားလည်နေကြလို့လည်း တကယ်အရည်အချင်းပြည့်ဝသော ကမ္ဘာကပါ လေးစားတန်ဖိုးထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံယုံကြည်ဖြင့် မဲပေးကာ ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ..... ပြည်သူက ယုံကြည်လို့ ရွေးချယ်ထားတာမို့ နေရာမှန်လူမှန် ဖြစ်အောင် သမ္မတနေရာ ပေးကိုပေးရပါမယ်။ .. ၅၉ (စ)ကို ဗိုလ်ချုပ်အောင်ဆန်း မရေးခဲ့ပါဘဲ ဗိုလ်ချုပ်ရေးခဲ့သယောင် အခြေခံဥပဒေကို လူထုမထောက်ခံဘဲ လူထုထောက်ခံသယောင် အရှက်မဲ့စွာ ပြောဆိုရေးသားနေကြသူတွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတရားခံ အမျိုးသားသစ္စာဖောက်တွေသာ ဖြစ်ပါတယ်။ .... ဒါကြောင့် လူမှန်နေရာမှန် အုပ်ချုပ်မှုပါဝါ အစစ်အမှန်ဖြစ်သွားရအောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ နေရာပေးရေးသည် အဓိကပဓာနကျပါကြောင်းကို ရေးသားတင်ပြလိုက်ပါတယ်။ မသူတော် လူ့ဗာလများဘေးမှ ဝေးကွာကြပါစေ.. ရေးသားသည့်ဆရာတော် = အရှင်ဣဿရိယ (မင်းသုည - ဗုဒ္ဓတက္ကသိုလ်) Credit ; Minthu Nya Owner's Link ; https://www.facebook.com/minthu.nya

ကျောက်မဲမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်ထွက်ပြေးလာ

တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ အာရ်စီအက်စ်အက်စ်ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ကြား လတ်တလောတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ရွာသားပေါင်းထောင်ချီ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာနေပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ နောက်ထပ်ရောက်လာတာနဲ့ဆိုရင် ရွာသားပေါင်း ၂၆၀၀ ကျော်သွားပြီဖြစ်ပြီး သူတို့ကို ကျောက်မဲမြို့ပေါ် ဘုန်းကြီးကျောင်း ၇ ကျောင်းနဲ့ ဘိုးဘွား ရိပ်သာတွေမှာ နေရာချထားပေးတယ်လို့ ကျောက်မဲမြို့နယ် ဖွံ့ဖြိုးရေးထောက်ကူပြုအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။ “စစ်ဘေးရှောင်သူတွေက နေ့တိုင်းလို ထပ်ထပ်ပြီး ရောက်လာပါတယ်။ မနေ့ညကလည်း ထပ်လာကြတယ်။ စာရင်းအရ စုစုပေါင်း ၂၆၀၀ ကျော်တယ်။ နောက်ထပ်လာဖို့လည်း ရှိသေးတယ်။ လာလို့မရဘဲ ပိတ်မိနေတဲ့ ရွာတွေလည်း ရှိတယ်။ ဥပမာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ညောင်မောင်းရွာဆို ပလောင်တပ်က ဘယ်မှပေး မသွားဘူးလို့ ပြောတယ်။” ထွက်ပြေးလာသူတွေဟာ ကျောက်မဲမြို့နယ် တော့ဆန်၊ ပါခါး၊ ညောင်ပန်လှ၊ ကလောင်းဝမ်း၊ တောင်ပို့လို့၊ ကန့်ဟိန်း၊ တွန့်ခန့်၊ ၀မ့်မိုင်၊ ကန့်ကန်အုပ်စု စတဲ့ကျေးရွာတွေကဖြစ်ပြီး ရှမ်း၊ ပလောင်နဲ့ တခြားတိုင်းရင်းသားပေါင်းစုံပါဝင်ပါတယ်။ လောလောဆယ် ဒုက္ခသည်တွေကို သီဟို၊ အောင်ဆုပန်၊ ရေဦး၊ နမ့်ဆီလင်း၊ ရှမ်းကျောင်းကြီး၊ ကန်မိုင်း စတဲ့ကျောင်းတိုက်တွေမှာရော ဘိုးဘွားရိပ်သာမှာပါ နေရာချထားပေးပြီး ကျောက်မဲ မြို့ပေါ်မှာလည်း ကယ်ဆယ်ရေးအလှူခံဌာန စခန်း ၃ ခု ဖွင့်လှစ်ကာ ကူညီထောက်ပံ့ပေးထားပါတယ်။ ရွာသားတွေဟာရွာထဲကို လက်နက်ကြီးကျပြီး မီးလောင်တာကြောင့် ထွက်ပြေးလာကြပြီး ရွာသားအနည်းဆုံး ၆ ဦး လက်နက်ကျည်ထိကာ လောလောဆယ် ကျောက်မဲဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆို ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး ကျောက်မဲဆေးရုံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ရာမှာတော့ ဒဏ်ရာရသူ ၇ ဦး ဆေးရုံကို ရောက်လာတယ်လို့ တာဝန်ကျ ၀န်ထမ်း တဦးကဖြေပြီး အသေးစိပ်ကိုတော့ ဖြေကြားခြင်းမရှိပါဘူး။ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်မရပ်ရသေးတဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ကြား နယ်မြေပြဿ နာကြောင့် ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစ ကနေ့ထိ တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။ DVB

Sunday 14 February 2016

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ လူမသိသော အဖြစ်အပျက် (၁၀)ချက်

(၁) ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်မှ ဘွဲ့ရ/မရ ငြင်းခုံမှုများ ၂၀၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နှစ် ၁၀၀ပြည့်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်မှ ဘွဲ့ရ/မရနှင့် ပတ်သက်ပြီး ငြင်းခုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားခဲ့သော အတုပ္ပတ္တိစာတွင်လည်း “ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲနေခဲ့၍ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများ မလေ့ကျက်သဖြင့် ဘီအေအတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်”ဟု အတိအလင်း ဖော်ပြထားသည်။ “အောင်ဆန်းသည် အချိန်ပြည့် ကျောင်းသားနိုင်ငံရေး လုပ်နေသည့်ကြားမှ ၁၉၃၇ ခုနှစ် မတ်လတွင် ကျင်းပသော ဘီအေစာမေးပွဲကို အင်္ဂလိပ်စာပေ ခေတ်သစ် ရာဇ၀င်၊ နိုင်ငံရေး ဘာသာဗေဒများဖြင့် ချောမောစွာ အောင်မြင်သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် အောင်ဆန်းသည် ကျောင်းသား နိုင်ငံရေး သာမက တိုင်းပြည်လွတ်လပ်ရေး အတွက်ပါ ဆောင်ရွက်နေရကာ ဥပဒေ ပထမနှစ် စာမေးပွဲ ရှုံးလေသည်။ သူ၏ ပထမဦးဆုံးနှင့် နောက်ဆုံး ရှုံးခြင်းပေတည်း။ အောင်ဆန်းကား အောင်ထားသော ဘီအေဘွဲ့ကိုပင် ဘွဲ့နှင်းသဘင်၌ တက်မယူပေ။ (ဗိုလ်ချုပ်အစ်ကိုဖြစ်သူ ဦးအောင်သန်း ရေးသားခဲ့သည့် တက္ကသိုလ်ကျောင်းသား ဘ၀ အောင်ဆန်း မှတ်တမ်းများမှ) ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တက္ကသိုလ်ကျောင်း ပညာရေးအား စွန့်ခွာ၍ ကျောင်းထွက်ပြီး နိုင်ငံရေး လုပ်သည်ဆိုသော ပြောဆိုချက်၊ ရေးသားချက်များသည် မှားယွင်းကြောင်း တွေ့ရှိရသည်။ (၂) ဗိုလ်ချုပ်လူ တကယ် သတ်/မသတ် ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ကာလအတွင်း မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးအတွင်း လူတကယ် သတ်/မသတ် ငြင်းခုံပြောဆိုမှုများ ရှိခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ “၁၉၄၅ ခု နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ အတွင်းဝန်ချုပ်က ဗြိတိသျှ အစိုးရ မြန်မာနိုင်ငံ အတွင်းဝန်ထံ စာတစ်စောင် ရေးသား ပေးပို့သည့် စာတွင် ၁၉၄၂ ဂျပန်တပ်မတော်နှင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် မုတ္တမမှ သထုံသို့ ချီတက်လာစဉ် သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုန်းရွာ (သထုံမှ ၃၃ မိုင် အကွာ)တွင် ဘာဘူကြီး အဗ္ဗဒူရာရှစ်အား သထုံ ဘောလုံးကွင်း အတွင်း သတ်ဖြတ်မှု၌ ဗိုလ်ချုပ်အောင်ဆန်း ပါဝင် ပတ်သက်နေသည့် အတွက် တရားစွဲဆိုရန် အကြံပြုထားသည်” ဤကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူသော အချိန်၌ “သတင်းစုံ”ဂျာနယ် ကြေညာချက်ဆောင်းပါး “ကျွန်ုပ်၏ လိပ်ပြာကား အစဉ်သန့်ရှင်းလျက်”ဖြင့် အတိအလင်း ၀န်ခံထားပြီး ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း လူသတ်မှု ကျူးလွန်သည်ကို ဘုရင်ခံ၏ ဆန္ဒအရ လွှတ်တော်တွင် ကိုယ်စားလှယ်များ အဖြစ် တာဝန်ယူနေသော သခင်ထွန်းအုပ်နှင့် သခင် ကျော်စိန်တို့က လိုအပ်လျှင် သက်သေလိုက်ပေးမည်ဟု ပြောဆိုပြီး ဗိုလ်ချုပ်ကို ထိုးနှက်ခဲ့သော်လည်း အင်္ဂလိပ်အစိုးရ မျှော်လင့်သလို ဗိုလ်ချုပ်သည် လူသတ်မှုဖြင့် ပြစ်ဒဏ်မကျခဲ့ပေ။ နောက်ပိုင်းတွင် သေပြီးသား အင်္ဂလိပ် စစ်သား အလောင်း ၃ လောင်းအား ခေါင်းဖြတ်ခဲ့ပြီး သူရဲကောင်း သဖွယ် ပြုမူခဲ့သည့် သခင်ထွန်းအုပ်၏ အဖြစ်အပျက်ကို သတင်းစာများက ထုတ်ဖော်ပြီး အရှက်ခွဲခဲ့သည်။ (၃) ဗိုလ်ချုပ် အင်္ဂလိပ်စကားပြော ကောင်း/မကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည့် အတွက် အင်္ဂလိပ်စကား သင်ကြားပေးရန် ကျောင်းကောင်းကောင်း မရှိခဲ့ပေ။ အသက်ရှစ်နှစ်သား အရွယ်အထိ ကျောင်းမနေခဲ့ဘဲ နောက်မှသာ နတ်မောက်ရှိ ဒီပင်္ကရာကျောင်း ခေါ် ဦးသောဘိတကျောင်းသို့ တက်ရောက် ပညာသင်ကြားသည်။ ထိုကျောင်းသည် ဘုန်းကြီးကျောင်း ဖြစ်သော်လည်း အတန်းကျောင်း ဖြစ်သောကြောင့် လောကဓာတ် ကျောင်းဟု ခေါ်ဝေါ်ခဲ့သည်။ ထို့နောက် ရေနံချောင်း အမျိုးသားကျောင်းမှ အောင်မြင်ပြီး တက္ကသိုလ် ရောက်သည့်အခါ တက္ကသိုလ် ကျောင်းဆောင် အမှုဆောင် ရွေးချယ်ပွဲတွင် အောင်ဆန်း၏ ဋ္ဌာန်ကရိုဏ်း မကျသော အင်္ဂလိပ် စကားကြောင့် ကျောင်းသားများ၏ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ သို့သော် တက္ကသိုလ်တွင် ကျောင်းအုပ်ကြီး မစ္စတာ စလော့၏ ခွေးများကို ထိန်းကျောင်းရသော စကော့တလန် လူမျိုး ၀ီလီယံနှင့်အတူ အင်းယား ကန်ဘောင်တွင် မနက်တိုင်း လိုက်ပြီး လေ့ကျင့်ခဲ့သည့်အတွက် အောင်ဆန်းသည် အင်္ဂလိပ် တစ်ဦး နှင့်မခြား ပြောဆိုလာနိုင်သည်။ (၄)မအောင်မြင်သော အမွေ တောင်းခန်း ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာသော်လည်း စီးပွားရေး ကောင်းမွန်သောသူ မဟုတ်ပေ။ ဒေါ်ခင်ကြည်နှင့် အိမ်ထောင်ကျပြီးနောက် သားသမီးများ တစ်နှစ် တစ်ယောက် ထွန်းကားခဲ့သည်။ သားအကြီး နှစ်ဦးဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့ မွေးစဉ်က စိတ်မပူပန်သော ဗိုလ်ချုပ်သည် သမီးလေး အောင်ဆန်းစုကြည် မွေးဖွားလာသောအခါ သမီးလေး အတွက် စိတ်ပူပန်တတ်လာသည်။ ထို့ကြောင့် သမီးလေး အရွယ် ရောက်သောအခါ ရှင်ပြုနားသ လုပ်ရာတွင် ၀တ်ဆင်စရာ မရှိမည် စိုးသည့်အတွက် နတ်မောက်မြို့ရှိ မိခင်ဖြစ်သူ ဒေါ်စုထံ သွားရောက်ပြီး သမီးအတွက် ရွှေနားတောင်းကို အမွေတောင်းခဲ့သည်။ မိခင် ဖြစ်သူကလည်း သူ့တွင် အောင်ဆန်း တစ်ဦးတည်း မွေးထားခြင်း မဟုတ်ဘဲ ကျန်သားသမီးများပါ ရှိနေသည့် အတွက် မျက်နှာလိုက်၍ အမွေမပေးနိုင်ကြောင်း ပြောဆိုသည့်အတွက် ဗိုလ်ချုပ်၏ အမွေတောင်းခန်းမှာ မအောင်မမြင်ဖြင့် စခန်းသိမ်းခဲ့ရသည်။ (၅) ဗိုလ်ချုပ် အငြိမ့်မင်း သမီးဖြင့် အငြိမ့်စင်ပေါ်တွင် ကပြခြင်း ၁၉၄၂ ခုနှစ်က တပ်မတော် အတွင်း အခမ်းအနားတစ်ခု ပြုလုပ်ပြီး ညပိုင်းတွင် တပ်မတော် အရာရှိများကို အငြိမ့်ဖြင့် ကပြ ဖျော်ဖြေခဲ့သည်။ ထိုအချိန်က ဗမာ့တပ်မတော်အား ဂျပန်ကို ပြန်လည် တော်လှန်ရန်အတွက် တိတ်တဆိတ် အစီအစဉ် ချမှတ်နေရချိန် ဖြစ်သည်။ ဧည့်ခံပွဲသို့ အစိုးရ အဓိပတိ ဒေါက်တာဘမော် အပါအ၀င် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းလည်း တက်ရောက်ခဲ့သည်။ ဗမာ့တပ်မတော်၏ ထိပ်တန်းတပ်မှူးများ အပြင် နယ်မှ ရောက်နေသော စစ်ဗိုလ်များလည်း ရှိနေပြီး ဂျပန်နှင့် နီးစပ်နေသော ဒေါက်တာဘမော်ကို အမြင် မကြည်လင်သည့် အချိန် ဖြစ်သည်။ ထို့ကြောင့် အရက်မူးနေသော ဗိုလ်မြဟန် ဦးဆောင်ကာ အဓိပတိ ဒေါက်တာ ဘမော်အား အငြိမ့်မင်းသမီးဖြင့် သီချင်းတွဲဆိုရန် တောင်းဆိုကြသည်။ အဓိက ရည်ရွယ်ချက်မှာ ဒေါက်တာဘမော်အား သိက္ခာချလို၍ ဖြစ်သည်။ ဒေါက်တာ ဘမော်ကလည်း ငြင်းဆို၍ မဖြစ်သည့် အတွက် စင်ပေါ်တက်ပြီး ပြင်သစ်သီချင်း တစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့သည်။ သို့သော် အရက်မူးနေသော တပ်မှူးများက ဒေါက်တာဘမော်ကို ထပ်မံ တောင်းဆိုနေသည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေး ကိစ္စအား မရိပ်မိစေရန် ဆူဆူအောင့်အောင့်ဖြင့် စင်ပေါ်တက်လာပြီး မင်းသမီး လက်ကိုဆွဲကာ အချိုးမကျသော ပုံစံဖြင့် တွဲဖက်ကပြခဲ့သည်။ ထိုအခါမှ အခမ်းအနားတွင် ရှိနေသောသူ အားလုံး ငြိမ်သက်သွားခဲ့သည်။ (၆) ဗိုလ်ချုပ် သတင်းစာ အဖတ်မှားခြင်း တို့ဗမာ အစည်းအရုံးတွင် တစ်ရက်၌ သခင်အောင်ဆန်းသည် သတင်းစာ ဂျာနယ်များကို ဖတ်လျက်ရှိသည်။ သတင်းစာ တစ်စောင်ကို ဖတ်နေရင်း တောင်တွင်းကြီးတွင် မီးလောင်သည်ဟု ဖတ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် တောင်တွင်းကြီးတွင် သခင် အောင်ဆန်း၏ ဆွေမျိုးများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတင်းစာကို ပစ်ချကာ တောင်တွင်းကြီးသို့ မီးဘေး သတင်းမေးရန် အလျင်စလို ထွက်ခွာသွားသည်။ တို့ဗမာ အစည်းအရုံးမှ လုပ်ဖော်ကိုင်ဘက်များက သတင်းစာကို ပြန်ဖတ်ကြည့်ရာ မီးလောင်သောမြို့သည် တောင်တွင်းကြီး မဟုတ်ဘဲ တောင်ကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။ ၃၊၄ရက် ကြာသောအခါ သခင် အောင်ဆန်းသည် တို့ဗမာ အစည်းအရုံးသို့ ပြန်ရောက်လာပြီး သတင်းစာ အဖတ်မှားပြီး တောင်တွင်းကြီး ရောက်ခဲ့သည်ဟု ပြုံးဖြဲဖြဲဖြင့် ဆိုရှာသည်။ (၇) တကသ ဥက္ကဋ္ဌအား ဆဲဆို ကြိမ်းမောင်းခြင်း ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှထွက်ပြီး ဖဆပလ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန် ဖြစ်သည်။ ထိုအချိန်တွင် ရန်ကုန် တက္ကသိုလ်ရှိ ကျောင်းသားများနှင့် တကသ အဖွဲ့အစည်းများကလည်း ဖဆပလကို ၀ိုင်းဝန်း ထောက်ခံပံ့ပိုး နေချိန်ဖြစ်သည်။ သို့သော် တကသ ဥက္ကဋ္ဌ သူရိယ ဦးသန်းမောင် ခေါင်းဆောင်သော ကျောင်းသားများသည် ဖဆပလ အစိုးရအဖွဲ့ ကိုယ်စား ဗိုလ်ချုပ် အောင်ဆန်းအား တွေ့ဆုံပြီး တောင်းဆိုချက် ၁၀ချက်ကို တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးရရန် အလုပ် ရှုပ်နေသည့် အတွက် ရုတ်တရက် ဒေါသထွက်သွားပြီး သူရိယ ဦးသန်းမောင်နှင့် ကျောင်းသားများကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ ထို့နောက် ကျောင်းသားများ တောင်းဆိုသော အချက်များအား ဖတ်ရှုပြီး ပတ်ကားဖောင်တိန်ဖြင့် ခြစ်ကာ “ဒါရမယ် ဒါရမယ် ဒါမရဘူး ဒါမရဘူး တော်တော် စောက်လုပ်ရှုပ်တဲ့ သန်းမောင် သွား…….ပြန်တော့”ဟု မောင်းထုတ် ခဲ့ဖူးကြောင်း သူရိယ ဦးသန်းမောင်မှ မကွယ်လွန်မီ အမှတ်တရ ပြောပြခဲ့ဖူးသည်။ (၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိုအချိန်က ရှေ့နေချုပ် ဦးချန်ထွန်းမှ ရေးဆွဲခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံတော်၏ ဘာသာအဖြစ် ဗုဒ္ဓဘာသာအား ထည့်သွင်းထားခြင်းကို ဒီးဒုတ်ဦးဘချို ဦးဆောင်ကာ ရေးဆွဲခဲ့သည်။ ထိုအချက်နှင့် ပတ်သက်၍ ပင်လုံစာချုပ် ဖြစ်မြောက်ရေး အတွက် အရေးပါခဲ့သော ဦးဖေခင်က အကြီးအကျယ် ကန့်ကွက်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အစည်းအဝေး ခေါ်ယူခဲ့ရသည်။ ဗိုလ်ချုပ်က ဒီးဒုတ်ဦးဘချိုနှင့် ဦးချန်ထွန်းအား ဖြောင့်ဖျပြီး ပြင်ဆင်ပေးရန် ကြိုးစားရာ ဦးချန်ထွန်းကလည်း အလျော့မပေးဘဲ တင်းခံနေခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်က စိတ်မရှည်တော့ဘဲ “တချို့ဟာတွေက မှန်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတော့ ထည့်စရာမလိုဘူးလို့ ကျွန်တော်ယူဆတယ်။ ဥပမာ ဦးချန်ထွန်း ချေးမစားဘူးဆိုတာ လူတိုင်းသိတယ်။ သို့သော်လည်း ဦးချန်ထွန်း ချေးမစားပါလို့တော့ ထည့်သွင်းရေးသားဖို့ မသင့်တော်ဘူး”ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စအား ဖြေရှင်းပေးခဲ့သည်။ (၉) မန္တလေးတွင် ပုဆိုးကျွတ်ကျခြင်း နယ်ချဲ့ အစိုးရလက်ထက် အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ညီလာခံကို မန္တလေး၌ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ အိန္ဒိယနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် မစ္စတာနေရူးနှင့် သမီးဖြစ်သူ အင်ဒီယာ ဂန္ဒီတို့လည်း ရောက်ရှိနေသည်။ ထိုညီလာခံတွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း မိန့်ခွန်း ပြောကြားနေစဉ် သူ၏ပုဆိုးမှာ အောက်သို့ တဖြည်းဖြည်း လျှောလျှောပြီး ကျလာရာ ကျွတ်တော့မည့် အခြေအနေသို့ ရောက်လာသည်။ သို့သော် မိန့်ခွန်းကို စိတ်ပါလက်ပါ ပြောကြားနေသည့် ကိုအောင်ဆန်းက သတိမထားမိသော်လည်း နားထောင်နေသည့် ပရိသတ်များမှာ စိုးရိမ်ပူပန်မှုဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ သို့သော် ကိုအောင်ဆန်း၏ ထူးခြားသော ဆဋ္ဌမ အာရုံအရ ကျွတ်လုဆဲဆဲ အခြေအနေတွင် ပုဆိုးကို ပြန်ဝတ်ကာ မိန့်ခွန်းကို ရှောရှောရှူရှူ ပြောသွားနိုင်ခဲ့သည်။ (၁၀) One Die, Nevermind ဗမာ့ တပ်မတော် ကာကွယ်ရေး ခေတ်တွင် ဘီဒီအေ အရာရှိများကို မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးသည်။ ထိုအချိန်က သင်တန်းဆရာ အများစုမှာ ဂျပန်များဖြစ်ပြီး နောင်တစ်ချိန်တွင် တပ်မတော်၏ တပ်မှူးကြီးများ ဖြစ်လာမည့် ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဒေါက်တာမောင်မောင်တို့ အပါအ၀င် တပ်မတော် အရာရှိငယ်များ သင်တန်း တက်ရောက်လျက်ရှိသည်။ ထိုသင်တန်းတွင် ပြင်းထန်သော စစ်ပညာများကို သင်ကြားရသည့် သင်တန်းသားများမှာ အထူး ပင်ပန်းလျက်ရှိသည်။ သို့သော် သင်တန်း ဆရာများက သင်တန်းသားများကို “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind."ဟု ပြောကြားသည့်အတွက် အားလုံး မကျေမနပ် ဖြစ်သွားသည်။ နောက်မှ ထိုစကားကို ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခိုင်းခြင်း ဖြစ်ပြီး အရေအတွက်ထက် အရည်အချင်းကို တန်ဖိုးထားသော တပ်မတော် ဖြစ်စေရန် မျှော်လင့်ထားသောကြောင့် ပြောခြင်းဖြစ်ကြောင်း ရှင်းပြမှသာ အရာရှိ သင်တန်းသားများ စိတ်ဆိုးပြေသွားကြသည်။ Tomorrow........

Wednesday 10 February 2016

၁၉၄၇ ပင်လုံနဲ့ ဗိုလ်ချုပ်အောင်ဆန်း ၂၁ ရာစု ပင်လုံနဲ့ ဒေါ်အောင်ဆန်းစုကြည်

· နှစ်ပေါင်း ၂၈ နှစ်အကြာ တိုင်းရင်းသားတွေရဲ့ တစ်ခုတည်းသော မျှော် လင့်ချက်တွေကို သယ်ပိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရပြီးနောက်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ကတိကဝတ်တွေ အသက်သွင်းနိုင်မှာလားဆိုတဲ့ မျှော်လင့်ချက်တစ်ခုကတော့ ပြန်လည်ရှင်သန်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၉ နှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေနဲ့အတူလွတ်လပ်ရေးရဖို့ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေဟာ တိုင်းရင်းသားတွေရဲ့ နှလုံးသားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် အဓိကထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ် ဒီပါတီရဲ့မူဝါဒဟာ ပြည်ထောင်စုအခြေခံစိတ်ဓာတ်ကို အုတ်မြစ်ချပေးခဲ့တဲ့ ပင်လုံညီလာခံလို ၂၁ ရာစု ပင်လုံညီလာခံကိုလုပ်ဖို့ ဦးဆောင်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က ‘ကျွန်မတို့ပါတီသာ အနိုင်ရရင် အစိုးရဖွဲ့ပြီးတာနဲ့ ရေရှည်တည် တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ဒုတိယပင်လုံညီလာခံကို ကျင်းပနိုင်ဖို့ ကြိုးစားမယ်’ လို့ ရွေးကာက် ပွဲကာလက ပအိုဝ်းဒေသမှာ တိုင်းရင်းသားတွေကို ကတိပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ပင်လုံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လုံ ဗိုလ်ချုပ်အောင်ဆန်း ဦးဆာင်ခဲ့တဲ့ ပင်လုံစာချုပ်မှာ အချက်ကိုးချက်ပါဝင်တယ်။ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံအဖြစ် အသိအမှတ်ပြုထားတဲ့ အခွင့် အရေးတွေကို ခံစားနိုင်ခွင့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အခွင့်အရေးတွေ ခံစားနိုင်ဖို့ အချက်အလက်တွေ ပါရှိခဲ့ပါတယ်။ ပြည်တွင်းစစ်ကို နှစ်ပေါင်း ၆၈နှစ်ကြာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲဝင်ပြီး နောက်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ မပြီး ဆုံးနိုင်တဲ့ အခြေအနေဟာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှုနဲ့ နားလည်မှုကို ဘယ်လိုပြန်လည် တည် ဆောက်မလဲဆိုတာ သံသယဝင်စရာ အ ကောင်းဆုံး မေးခွန်းဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နေ့ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီးအ မျိုးသားကွန်ဂရက်ညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင် ၁၅ ဦးက ဦးဆောင်ပြီး တိုင်း ရင်းသားတွေလိုလားတဲ့ အာဏာရှင် စနစ် ဖျက်သိမ်းဖို့ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးရရှိဖို့အပြင် ဗဟိုအုပ်ချုပ်မှုစနစ် တစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားအားလုံး အပြန် အလှန်ထိန်းကျောင်းနိုင်တဲ့ အုပ်ချုပ်မှုစနစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လက်မှတ်ထိုးတောင်းဆိုခဲ့ကြဖူးပါတယ်။ အဲသည့်ထုတ်ပြန်ကြေညာချက်ကို ကလေးမြို့ ကြေညာချက်လို့ အမည်ပေးထားခဲ့ပြီး အဲသည်စာချုပ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ သာမကဘဲ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေ ပါဝင်ခဲ့ပါတယ်။ ဒုတိယ ပင်လုံညီလာခံဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်း သားဒေသတွေမှာ စည်းရုံးရေးသွားချိန်တိုင်း ပြောဆိုခဲ့ပြီး ပင်လုံစိတ်ဓာတ်ကို ဆက်လက်ရှင်သန်နေဖို့ ပြည်ထောင်စု စိတ်ဓာတ် ဆက်လက်ရှင်သန်နေဖို့ ပြောဆိုခဲ့ပါ တယ်။ ပအိုဝ်းဒေသမှာ ၂၀၁၅ ရွေးကောက်ပွဲစည်းရုံးရေးဆင်းချိန်က ဖက်ဒရယ်ပြည် ထောင်စုဆိုတဲ့ စကားကို အကြိမ် ၃၀ ထက် မနည်းသုံးခဲ့ပြီး တိုင်းရင်းသားဒေသတွေ မှာရှိနေတဲ့ စစ်ပွဲတွေရပ်ဖို့၊ အကြောက် တရားတွေရပ်ဖို့ အဖွဲ့ချုပ်အနိုင်ရဖို့ လိုအပ် တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ထက်မှာ တိုင်းရင်းသားမျိုးစုံ ၊ လူမျိုးပေါင်းစုံ ဘာ သာပေါင်းစုံ ပါဝင်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ ပေမဲ့ လက်ရှိအချိန်မှာတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတည်ပြုပြီး လွှတ်တော် သက်တမ်း တစ်ခုကိုတောင် ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အကျပ်အတည်း ရိုက်စေမယ့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေသရွေ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဝေးကွာနေဦးမှာပါ။ တိုင်းရင်းသားတွေအတွက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု မရသရွေ့ တိုက်ပွဲတွေ ရပ်တန့်သွားနိုင်စရာ အကြောင်းမရှိသလို ပြည်တွင်းငြိမ်းချမ်းရေးဟာ အလှမ်း ဝေးနေဦးမှာပါ။ ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်နေ့က လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးနောက် ရှမ်းပြည်သူတွေအတွက် တစ်ပြားသားမှ မလျော့နိုင်တာကတော့ ဖက်ဒရယ်စနစ်ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဦး ခွန်ထွန်းဦးက ပင်လုံကတိကဝတ်တွေကို မမေ့သေးကြောင်း မကြာခဏသတိပေး နေလေ့ ရှိပါတယ်။ မျှော်လင့်နေကြဆဲ ပင်လုံစာချုပ် ချုပ်ဆိုရာမှာ အဓိက ပါဝင်ခဲ့တဲ့ ရှမ်း၊ ကချင် တိုင်းရင်းသားခေါင်း ဆောင်တွေဟာ ပင်လုံစာချုပ် ကတိကဝတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြဆဲ ဖြစ်ပါ တယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ‘တိုင်းရင်းသားတွေရဲ့ အခြေခံ အခွင့် အရေး တွေ ရရှိရေးနဲ့ ဖက်ဒရယ်စနစ် အကောင် အထည် ဖော်မယ်ဆိုရင် အဓိက သော့ ချက်ဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို အရင်ပြင်ဖို့လိုတယ်’ လို့ ပြောပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် လာရေးဟာ ဖွဲ့စည်းပုံအရ ပိတ်ဆို့ခံထားရ ဆဲဖြစ်ပြီး တပ်မတော်နဲ့ ဘယ်လိုနားလည်မှုတွေ ရယူထားတယ် ဆိုတာကိုလည်း အတိအကျ ထုတ်ဖော်ပြောဆိုမှု မတွေ့ရတာကြောင့် တိုင်းရင်းသားတွေက စိုးရိမ် နေကြ ပါတယ်။ ‘တိုင်းရင်းသားတွေအားလုံးနဲ့ ပြည်သူတွေ အားလုံးဟာ ဒီမိုကရေစီကို လိုချင် ကြတယ်ဆိုတာ တပ်မတော်ကို awareness ပေးဖို့လိုမယ်၊ ဒါတွေကို ဒေါ်အောင် ဆန်းစုကြည် အစိုးရက ပညာပေးစည်းရုံးတာတွေ လုပ်နိုင်ရမယ်’ လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လွှတ်တော်အတွက် အကြီးအကဲနေရာတွေမှာ တပ်ပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကို ပြန်လည်နေရာပေး နေတာကိုလည်း တိုင်းရင်းသား ခေါင်း ဆောင် အချို့က သံသယဝင်နေပါတယ်။ လာမယ့် ငြိမ်းချမ်းရေးဆွေနွေးပွဲမှာလည်း အရင်က ပါဝင်ခဲ့တဲ့ အစိုးရဘက်က ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေ ပြန်လည် ပါဝင်လာရင် အလုပ်ဖြစ်မလားဆိုတာ သံ သယဝင်နေကြပါတယ်။ မွန်အမျိုးသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးနိုင်ငွေသိမ်းက အဲသည်ထဲက လူ တွေ ကို ပြန်ပြီး နေရာပေးနေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေပွဲတွေ လုပ်လည်း ဦး သိန်းစိန် အစိုးရလို လူချင်းတွေ့ပြီး စာတမ်း ဖတ်ပွဲလုပ်သလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ပြောပါတယ်။ သူက ၂၁ ရာစု ပင်လုံဟာ တိုင်းရင်း သားတွေအနေနဲ့ ပြည်ထောင်စုက ခွဲထွက် ရေးမဟုတ်ဘဲ တိုင်းရင်းသားအားလုံး အခွင့်အရေး တန်းတူရရှိရေးနဲ့ အချုပ်အခြာ အာဏာ အညီအမျှ ပိုင်ဆိုင်ရေးတွေ ပါဝင်ရမယ်လို့ ဆက်ပြောပါတယ်။ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တပ်မတော်ကြား ပြေလည်ဖို့ နည်းလမ်းတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးချယ်ပြင်ဆင်ရ လိမ့်မယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်သူတွေက ပြောပါတယ်။ ကချင်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ‘ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖော်ဆောင်ပေးဖို့လိုတဲ့အပြင် တပ်မတော်နဲ့ ဆက်ဆံရေး တွေကို အကောင်းဆုံးပုံစံမှာ ထားရှိနိုင်မယ်ဆိုရင် သူတို့အစိုးရ အဖွဲ့အတွက် လူတွေ ပိုမိုယုံကြည်ထောက်ခံကြမှာ ပါ’ လို့ ပြောပါတယ်။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတဲ့ နေရာမှာ ပါဝင်ခဲ့တဲ့ ချင်းခေါင်းဆောင်တွေ ဟာလည်း စာချုပ် အမှတ်စဉ် ၉မှာ ပါဝင်ခဲ့တဲ့ အချက်အလက်တွေကို လွတ်လပ် ရေး ရချိန်ကတည်းက ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အရင်ပင်လုံစာချုပ်က လွတ်လပ် ရေးရဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုပင်လုံကတော့ အမျိုးသား ရင်ကြားစေ့ရေးကို ဦး တည်ရမှာ ဖြစ်လို့ သဘောတရား အနှစ်သာရက မတူညီဘူးလို့ သုံးသပ်ကြပါ တယ်။ ချင်းအမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ‘ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် နဂိုမူလ စာချုပ်ထဲမှာ သဘောတူထားတဲ့ အခြေခံအချက်တွေ အတိုင်းဖက်ဒရယ် အခြေခံဥပဒေတစ်ခုကို မဖြစ်မနေ ရေးဆွဲလာနိုင်ဖို့တော့ ရှိတယ်’ လို့ ပြောပါတယ်။ သူကဆက်ပြီး’ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရရှိဖို့ တိုက်ပွဲဝင်နေတဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ဖို့ ယုံကြည်နေတယ်၊ ဘာကြောင့် လဲဆိုတော့ သူတို့အားလုံး လက်နက်ကိုင် တိုက်ပွဲဝင်နေတာက ဒီအတွက်ပဲ ဖြစ်နေ လို့ပါ’ လို့ ဆိုတယ်။ အင်န်အယ်လ်ဒီ အစိုးရသစ်အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးစကားဝိုင်း ဆွေနွေးပွဲတွေ မလုပ်နိုင်ခဲ့ရင် စိုးရိမ်စရာ အခြေအနေ ဖြစ်ပြီး လုပ်လက်စ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကိုပါ ဆက်လက်လုပ်ဆောင်ဖို့ ခက်ခဲသွားမယ်လို့ ငြိမ်းချမ်းရေး စောင့်ကြည့်သူတွေက သတိပေးထားပါ တယ်။ ‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖြစ်မလာဘူး ဆိုရင်တော့ ဆက်လက်တိုက်ပွဲဝင်နေကြ လိမ့်မယ်’ လို့ ဦးဇိုဇမ်က ပြောပါတယ်။ မျှော်လင့်တဲ့ ဖက်ဒရယ် ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည် တော်မှာ ငါးရက်တာ ကျင်းပခဲ့တဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ ရှစ်ဖွဲ့ တက်ရောက်ပြီး အစိုးရအစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အစုအဖွဲ့ ၊ နိုင်ငံရေးပါတီများ အစုအ ဖွဲ့ ၊ တိုင်းရင်းသားများ အစုအဖွဲ့ ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ စုစုပေါင်း ခုနစ်ဖွဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲမှာ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ဆွေနွေးခဲ့ကြပြီး မြန် မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍကို မှတ်တမ်းတင်ထားတဲ့ နေရာမှာ တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်း အလဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေတဲ့ကာလမှာ တော့ တပ်မတော်က အပြောင်းအလဲလုပ် ငန်းစဉ်တွေကို ထိန်းကျောင်းပေးနေတာ ဖြစ်ပြီး တည်ငြိမ်မှုညီညွတ်မှုတွေ ပိုမိုကောင်းမွန်လာရင် တပ်မတော်ရဲ့ပါဝင်မှုကို တဖြည်းဖြည်း လျှော့ချသွားမယ်လို့ တပ်မတော်အစုအဖွဲ့က ဆွေးနွေးကြောင်း ဖော်ပြထားပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ တန်းတူညီမျှတရားမျှတမှုရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ထောင်ဖို့နဲ့ နိုင်ငံတော်ရဲ့ မည်သည့်အစိတ်အပိုင်းကိုမှ ခွဲထွက် ခြင်းမပြုလုပ်ကြောင်း၊ တိုင်းရင်းသားလူ မျိုးများကြား နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွား ရေးယဉ်ကျေးမှုများကို တန်းတူအခွင့်အ ရေးရယူနိုင်ဖို့၊ ပြည်ထောင်စုစနစ်ကို တည် ထောင်ရာမှာ ဘယ်နိုင်ငံရဲ့ ပုံစံကိုမှ ပုံတူ ကူးယူတာ မျိုးမဟုတ်ဘဲ ကိုယ့်နိုင်ငံနဲ့ ကိုက် ညီတဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့ သဘော တူညီခဲ့ကြပါတယ်။ တပ်မတော်ဘက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ တပ်မတော်အစုအဖွဲ့က အကြံပြုခဲ့သလို လက်ရှိတိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၄ ခု မူကို ဆက်လက်ကျင့်သုံး သင့်ပြီး ဗဟိုအားကောင်းတဲ့ အစိုးရစနစ် ကိုသာ ကျင့်သုံးဖို့ အစိုးရအစုအဖွဲ့၊ လွှတ် တော်အစုအဖွဲ့နဲ့ တပ်မတော်အစုအဖွဲ့တို့ က အကြံပြုဆွေးနွေးခဲ့ကြောင်း မှတ်တမ်း တင်ထားပါတယ်။ အဲသည့်မှာလည်း နိုင်ငံရေးပါတီအစု အဖွဲ့က ကိုယ်စားလှယ်တချို့က ရှစ်ပြည် နယ် အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို တည်ထောင်ဖို့ ပြောဆိုခဲ့သလို နိုင်ငံရေး ပါတီအစုအဖွဲ့က ကိုယ်စားလှယ်တစ်ဦး က ဗမာပြည်နယ်တည်ထောင်ဖို့ အကြံပြု ပါတယ်။ နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ လွှတ်တော်အစုအဖွဲ့က ကိုယ်စားလှယ်တွေကတော့ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်စနစ် ထူထောင်ဖို့ အကြံပြုဆွေးနွေးကြာင်း မှတ်တမ်း တင်ထားပါတယ်။ ပြည်နယ်တွေဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး လူမျိုးကို အခြေခံပြီးသတ်မှတ်ဖို့ တိုင်း ရင်းသားအစုအဖွဲ့က တင်ပြပါတယ်။ တပ် မတော်ဘက်ကတော့ ပထဝီကိုအခြေခံပြီး သတ်မှတ်သင့်တယ်လို့ တင်ပြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ ကတော့ အမျိုးသားပြည်နယ်များနဲ့ အမျိုး သားများပြည်နယ်များလို့ ဖွဲ့စည်းဖို့ တင်ပြ ကြပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ တစ်ဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့က ကိုယ်စား လှယ်တချို့ကတော့ ပြည်နယ်အသစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ်တွေ ကို လိုအပ်သလို ဖွဲ့စည်းပေးဖို့ အကြံပြု ကြကြောင်း မှတ်တမ်းတင်ထားပါတယ်။ အထွေထွေအနေနဲ့ ထူးခြားချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ လိုအပ်မှာဖြစ်ပြီး ဖက်ဒရယ်စနစ်ကို ပိုမိုနားလည်အောင် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ခြောက်လတစ် ကြိမ်ပြုလုပ်ဖို့ကိုလည်း အစိုးရအဖွဲ့က တင်ပြကြပါတယ်။ ငြိမ်းချမ်းရေးညီလာခံဟာ တိုင်းရင်းသားအားလုံးမပါဝင်နိုင်ပေမဲ့ ဆွေးနွေးမှုတွေအရ တပ်မတော်ဘက်ကလည်း ဖက်ဒရယ်စနစ်ကို ဆွေးနွေးခဲ့သလို သူတို့ဘက် က ကျွမ်းကျင်မှုတွေအရ ဖက်ဒရယ်စနစ် အားလုံးကို တပ်ဘက်ကလည်း ကျေညက် နားလည်ထားပုံရတယ်လို့ တက်ရောက်ခဲ့ တဲ့ ကိုယ်စားလှယ်တွေက မှတ်ချက်ချပါ တယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံသစ် တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကတော့ သူတို့လိုလားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအ သစ်ကို ရေးဆွဲနိုင်မလားဆိုတဲ့ ကိစ္စဖြစ်တယ်။ ငြိမ်းချမ်းရေးစောင့်ကြည့်သူတွေကတော့ သည်အစိုးရ သစ်သက်တမ်းငါးနှစ် အလွန်မှာ ဖြစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါ တယ်။ တိုင်းရင်းသားတွေကြားမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်းဆိုမှုပြည် နယ်အဆင့်တောင်းဆိုမှုတွေရှိနေတယ်။ ရှမ်းပြည်နယ်မှာဆိုရင် လက်နက်ကိုင်တပ်ဖွဲ့များ စွာရှိပြီး ရှမ်းပအိုဝ်း၊ တအာင်းပ လောင်၊ ရှမ်းနီ၊ ဝ ခေါင်းဆောင်တွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် တောင်းဆိုနေကြပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်အချို့ ကတော့ ပြည်နယ် ၁၄ ခုမူကို လက်မခံချင် ဘဲ အရင်သတ်မှတ်ထားတဲ့ ရှစ်ပြည်နယ် စနစ်ကိုပဲ သွားဖို့ ဆွေးနွေးထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ တိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မျှော်လင့်နေကြပြီး အချုပ်အခြာအာဏာသည် မြန်မာတိုင်း ရင်းသားများအပိုင်မဟုတ်ဘဲ တိုင်းရင်းသား အားလုံးအညီအမျှ ပိုင်ဆိုင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြစ်သင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပြောရေးဆိုခွင့်ရှိသူတွေကတော့ ၂၁ ရာစုပင်လုံနဲ့ပတ်သက်လို့ ဘယ်အချိန် ကျင်းပမယ်ဆိုတာ မပြောနိုင်သေးဘဲ ဒေါ် အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး ကို အရင်ဆုံးပြုလုပ်မယ်လို့ ပြောဆိုထား တယ်လို့ ပြောပါတယ်။ အသက် ၈၀ ကျော်အရွယ် မွန်တိုင်း ရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးနိုင် ငွေသိမ်းက ‘တိုင်းရင်းသားတွေအနေနဲ့ ခွဲထွက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး၊ အားလုံး မျှော်လင့်တဲ့ ၂၁ရာစု ပင်လုံဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖူးလို့ သူကောင်း ကောင်းနားလည်မှာပါ’ လို့ ပြောပါတယ်။ Author နိုင်ငံရေးသတင်းအဖွဲ့ Kumudra

Tuesday 9 February 2016

အိန္ဒိယရဲ့သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး

· - ညနေခင်းဝတ်ပြုဖို့ ဘုရားရှိခိုးကျောင်းတစ်ခုရဲ့ မြက်ခင်းပြင်ထဲကို ဝတ်ရုံအဖြူရောင်နဲ့ အသက်၇၈နှစ်အရွယ် အဘိုးအိုတစ်ဦး ဖြည်းညင်းစွာ လှမ်းလာနေသလို အဲသည်အဘိုးအိုကို ထောက်ခံသူတွေဟာလည်း မြက်ခင်းပြင်ကွင်းထဲမှာ ပြည့်ကျပ်နေပါတယ်။ ဒါပေမဲ့ အသက်၇၈နှစ်အရွယ် အဘိုးအိုဟာ ဘုရားရှိခိုးကျောင်းထဲသို့ မရောက် သေးခင်မှာပဲ လူအုပ်ကြားကနေ သေနတ်သံသုံးချက်ထွက်လာပြီး နောက်မှာတော့ လဲကျသွားပါတယ်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့ ညနေ၆းဝ၀နာရီဝန်းကျင်မှာ အိန္ဒိယအမျိုး သားလွတ်လပ်ရေးခေါင်းဆောင်ကြီးတစ်ဦး၊ အကြမ်းဖက်မှုကို မလိုလားဘဲ ငြိမ်းချမ်း ရေးကိုလိုလားတဲ့ မဟတ္တမဂန္ဒီဟာ သေနတ်သမားရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။ 'ငါတို့ဘဝတွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ်သွားခဲ့ပြီ'လို့ အဲသည်နေ့ညနေမှာပဲ အိန္ဒိယနိုင်ငံအစိုးရက ကြေညာပါတယ်။ သူ့ကိုသေနတ်နဲ့ လုပ်ကြံသတ်ဖြတ် သူကတော့ အဲသည်ထောက်ခံနေတဲ့သူတွေနဲ့အတူ ရောယှက်နေတဲ့ အမျိုးသားရေးအစွန်းရောက်တစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ခြောက်ခုအတွင်း အာရှမှာ ဒီမိုကရေစီထွန်းကားမှု စံပြအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးခရီးကို အကြမ်း ဖက်မှုမရှိဘဲ ဖော်ဆောင်ခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်ဟာ အစွန်းရောက် ဝါဒီသမားတချို့ နဲ့ အနီးကပ်လူယုံတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီကူးပြောင်းရေးအတွက် အကြမ်းဖက်မှုမရှိဘဲ ပြည်ထောင်စုနိုင်ငံတော်အဖြစ် ပြန်လည်ဖြစ်မြောက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဟာလည်း လာမယ့်သီတင်း ပတ်သုံးပတ်လောက်မှာ အာဏာလွှဲပြောင်းရယူတော့မှာပါ။ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ရည် ရွယ်ရေးသားထားတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု အကြောင်းအရာအချို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဓိကအကြောင်းအရာကတော့ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာရေးအတွက် ပိတ်ဆို့ထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ခဏဆိုင်းငံ့မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေပဲ ဖြစ်ပါတယ်။ 'အခုလို အမျိုးသားခေါင်းဆောင်ကို ပြောဆိုလိုက်တာက အားလုံးကိုတပ်လှန့်လိုက်တာပါ၊ အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့လိုတယ်၊ ဘာလို့လဲဆိုတော့ သူဟာ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌမဖြစ်သေးပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေတဲ့အတွက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာနိုင်တာကြောင့်ပါ'လို့ တရားလွှတ် တော် ရှေ့နေဦးလှမျိုးမြင့်က ပြောပါတယ်။ ကမ္ဘာ့သမိုင်းမှာလည်း လူထုခေါင်းဆောင်တွေဟာ လုပ်ကြံမခံရခင်မှာ သတ် ဖြတ်ပစ်မယ်ဆိုတဲ့ သေနတ်သမားတွေဆီက ခြိမ်းခြောက်စာတွေကို လက်ခံရရှိပြီးနောက် လူထုခေါင်းဆောင်တွေက သတိမပြုဘဲ ထားလိုက်ချိန်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာဖြစ်ပါတယ်။ လူမည်းလူ့အခွင့်အရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာတင်လူ သာကင်း ဂျူနီယာလည်း လုပ်ကြံသတ် ဖြတ်ခြင်းမခံရမီမှာ ခြိမ်းခြောက်စာတွေကို လက်ခံရရှိခဲ့ပါတယ်။ ခြိမ်းခြောက်နေ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဥပဒေအရ အရေးယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ ရဲတပ်ဖွဲ့ကတော့ အရေးယူခြင်း မရှိသေးတဲ့အပြင် ခြိမ်းခြောက်ခဲ့သူက ဖေ့စ်ဘုတ်ခ် စာမျက်နှာအသစ်ပါဖွင့်ပြီး ထပ်မံခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။ ရွေးကောက်ပွဲမှာ မဲအသာနဲ့ အနိုင်ရရှိခဲ့သလို အမျိုးသားခေါင်းဆောင်တစ်ဦးအဖြစ် ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ထောက်ခံမှုကိုရရှိထားတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရက တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေက သုံးသပ်ကြပါတယ်။ ဦးလှမျိုးမြင့်က'အခု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ အစိုးရမှာ အဓိကတာဝန်ရှိတယ် ၊ အနီးကပ်လုံခြုံရေးကိုတော့ စီစဉ် ပေးထားရမှာပါ၊ စနိုက်ပါသေနတ်သမားတွေကတော့ အနီးကပ်လုပ်ကြံမှာ မဟုတ်ဘူး၊ အဝေးကနေပဲ လုပ်ကြံမှာ၊ လွှတ်တော်သွားမှာဆို လမ်းတစ်လျှောက်ကို လုံခြုံရေးပေးထားဖို့ လိုပါတယ်၊ ပြည်သူလူထုလှုပ်ရှားနေတဲ့အဆောက်အအုံတွေကနေလဲ လုပ်ကြံလို့ရနိုင်တယ်၊ အဲဒါကြောင့် အစိုးရအနေနဲ့ လုံခြုံရေးအနီး၊ အဝေး စီစဉ်ပေးသင့်ပြီ'လို့ သုံးသပ်ပါတယ်။ လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်တွေထဲက ရွေးချယ်ခန့် အပ်ထားသူတို့ကသာ အနီးကပ်လုံခြုံရေးပေးနေရတာ ဖြစ်တယ်။ သူတို့က ဒေါ် အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာလည်း ထောက်ခံသူလူအုပ်ကြီးကို တိုးဝှေ့ရာမှာ အချင်းချင်းလက်ယှက်ပြီး လက်နက်မဲ့ ကာကွယ်ပေးကြရတာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှာ အသစ်ခေါ်ယူလိုက်တဲ့ ပြည်သူ့လွှတ် တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ အပြီးမှာတော့ အမျိုးသားခေါင်းဆောင်ရဲ့ နေပြည်တော်အခမ်းအနားတစ်ခုမှာ လုံခြုံရေးကို လက်ရှိအဖွဲ့ချုပ်ရဲ့ လုံခြုံ ရေးအဖွဲ့ဝင်တွေသာမက နိုင်ငံတော်အဆင့် လုံခြုံရေးတွေပါ ပါဝင်လာတာတွေ့ရ ပါတယ်။ လုံခြုံရေးသင်တန်းတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီးသား လုံခြုံရေး အဖွဲ့ဝင်တွေကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာမြင် တွေ့ရလို့ စိတ်ချစရာဖြစ်ပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ယုံကြည်ဖို့ ခက်ခဲလွန်း သေးတယ်လို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီနိုင်ငံတော် အကူးအပြောင်းတွေက သင်ခန်းစာပေးနေသလို ဖြစ်နေပါတယ်။ ၁၉၈၄ခုနှစ်က ဒီမိုကရေစီကူးပြောင်းရေးအတွက် ကြိုးစားနေခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ လေးယောက်မြောက် အမျိုးသမီးဝန်ကြီးချုပ် အင်ဒီယာနာဂန္ဒီဟာ သူ့ရဲ့လုံခြုံရေး သက်တော်စောင့်နှစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရဖူးပါတယ်။ စိုးရိမ်စရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာရင် ဘာသာရေးအစွန်းရောက်သူအချို့ က သမ္မတဦးသိန်းစိန်လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကို ပြင်ဆင်မယ်လို့ ယုံကြည်ထားကြပါတယ်။ မျိုးစောင့်ဥပဒေကို အသက်ပေးကာကွယ်မယ်လို့ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွေကနေ ခြိမ်းခြောက်ထားသလိုပဲ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးမှာ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သူ ဘုန်းကြီးဦးဝီရသူကလည်း အင်န်အယ်လ်ဒီက လ လွှတ်တော် ဥက္ကဋ္ဌတွေကို အတည်ပြုပြီးနောက်မှာပဲ ၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က အဓမ္မပြုကျင့်ခံရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့ပါတယ်။ သူကတော့ အင်န်အယ်လ်ဒီအစိုးရကို သိစေချင်လို့ အချိန်ကိုက်လုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။ အမျိုးသားရေးစိတ် ဓာတ်ပြင်းထန်သူတွေကြား ဒေါ်အောင် ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာလို့ ပြည်သူအချို့က မှတ်ချက်ချ ထားပါတယ်။ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က 'ဒီမိုကရေစီနိုင်ငံတော် အသွင်ကူး ပြောင်းရေးအတွက် တကယ်စွမ်းဆောင်နိုင်သူတွေကို ရှေ့ဆက်မလုပ်နိုင်ဖို့ ဟန့်တားနိုင်ဖို့ ကြိုတင်ကြံစည်မှုတွေ ရှိလာနိုင်တဲ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ နေနဲ့လဲ ရဲအရေးပိုင်လုပ်ပိုင်ခွင့်အတိုင်း အမှန်တကယ်အရေးယူသင့်တယ်' လို့ ပြောပါတယ်။ တာမွေမြို့နယ်မှာ လက်နက်တွေနဲ့အတူ မိတဲ့သတင်းတွေဟာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်သူတွေ အဖို့ အချက်ပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်ကလည်း ဒေါ်အောင်ဆန်း စုကြည်လုပ်ကြံခံရတဲ့ အဖြစ်အပျက်ရှိနေ ပြီးသားဖြစ်လို့သင်ခန်းစာယူပြီးအကောင်းဆုံးဖြစ်ဖို့ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။ Author ချမ်းသာ Kumudra

Sunday 7 February 2016

NLD အစိုးရ ရင်ဆိုင်ရမယ့် ထွေအုပ်ဌာန

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်က တိုင်းပြည်ကို ငါးနှစ်ကြာ ဦးဆောင်အုပ်ချုပ်ဖို့ ပြင်ဆင်နေပါပြီ။ မြန်မာပြည်မှာ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို နှစ်ပေါင်းများစွာ နေ့စဉ် မောင်းနှင်နေတာက ထွေအုပ်လို့ခေါ်ကြတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပါ။ ထွေအုပ်ဌာနဟာ ရဲတပ်ဖွဲ့လိုပဲ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အောက်မှာ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့် သူဟာ ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက် စေလွှတ်ထားတဲ့ စစ်အရာရှိဖြစ်ရမယ်လို့ ယခင် တပ်မတော်အစိုးရ အချိန်ယူရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆိုပါတယ်။ “တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလို ဖြစ်နေတယ်” လို့ NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။ အမှန်တကယ် ပြောင်းလဲဖို့ တာဝန်ယူမယ်ဆိုတဲ့ NLD ပါတီက အစိုးရ ဖွဲ့နိုင်ပေမယ့် တပ်မတော်ဟာ ထွေအုပ်ဌာနက တစ်ဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားကြီး တစ်ခုလုံးအပေါ် သြဇာကြီးနေမှာ ဖြစ်ပါတယ်။ စစ်အစိုးရများ လက်ထက် အရေးပါခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့ ထွေအုပ်ဌာနဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရခေတ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရတွေကလည်း ဒီဌာနကို ဆက်လက် ထားရှိခဲ့ပါတယ်။ ဒီဌာနဟာ တစ်တိုင်းပြည်လုံးရဲ့ အုပ်ချုပ်ရေးယန္တရားကြီး လည်ပတ်မှုမှာ အဓိကအကျဆုံး အဖွဲ့အစည်းဖြစ်နေတယ်၊ မြန်မာပြည်ရဲ့ အင်အားအကောင်းဆုံး အဖွဲ့အစည်း တပ်မတော်တောင်မှ ထွေအုပ်လောက် ပြည်သူလူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့မှုမရှိဘူးလို့ ၂ဝ၁၄ ခုနှစ်က ကြည်ပြာချစ်စောနဲ့ Matthew Arnold တို့ ရေးသားပြုစုတဲ့ ထွေအုပ်ဌာန အကြောင်း စာတမ်းမှာ သုံးသပ်ထားပါတယ်။ မျက်မှောက်ခေတ် ထွေအုပ်ရဲ့ ဖွဲ့စည်းပုံ၊ တာဝန်၊ အခန်းကဏ္ဍတွေဟာ ၁၉၈၈ မှာ ပေါ်ပေါက်လာတဲ့ စစ်အစိုးရလက်ထက်မှာ အစပြုတယ်၊ ဝန်ထမ်းအင်အားနဲ့ အရေးပါ အရာရောက်မှုက အဆက်မပြတ် ကြီးထွားလာခဲ့တယ်လို့ စာတမ်းမှာ ဆက်လက် ရေးသားထားပါတယ်။ ၁၉၈၈ မှာ ထွေအုပ်ဝန်ထမ်းပေါင်း ၂၆,၂၃၆ ဦး ရှိရာကနေ ၁၉၉၅ မှာ ၃၁,၃၃၉ ဦးအထိ ရှိလာတယ်လို့ စာတမ်းက ဆိုပါတယ်။ ဒီနေ့အချိန်မှာတော့ အရေအတွက် လေးထောင်ကျော် ပိုပြီး တိုးလာတယ်လို့ သိရပါတယ်။ ထွေအုပ်ဟာ ဦးသိန်းစိန်အစိုးရ လက်ထက် ပြည်ထောင်စုဝန်ကြီး ဌာနပေါင်း သုံးဆယ်ကျော်၊ နေပြည်တော်နဲ့ ရပ်ကွက်/ ကျေးရွာပေါင်း ခြောက်သောင်းကျော် အကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ အခွန်ကောက်ခံမှု၊ ရပ်ရွာလုံခြုံရေးနဲ့ မြေယာစီမံခန့်ခွဲမှု၊ အရပ်ဘက်လူမှု အဖွဲ့အစည်းနဲ့ ကူညီရေးအဖွဲ့တွေ မှတ်ပုံတင်ရေး၊ ရပ်ရွာအတွင်းက လူဦးရေ အတိုးအလျော့၊ အရွှေ့အပြောင်း မှတ်တမ်းယူတဲ့ ကိစ္စတွေကို ဒီဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ တွေ့ရမှာပါ။ ပွဲလမ်းသဘင် ကျင်းပခွင့် ထုတ်ပေးမှုကနေ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရေးယူ ဆောင်ရွက်တဲ့ အလုပ်အထိ အုပ်ချုပ်ရေး လုပ်ငန်းအမျိုးမျိုးကို တာဝန်ယူခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ အစိုးရပုံစံ အသစ်နဲ့ အုပ်ချုပ်တဲ့အခါ ပြည်နယ်/တိုင်း ထွေအုပ်ဌာန အကြီးအမှူးဟာ ပြည်နယ်/ တိုင်း အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်လာပါတယ်။ မြို့နယ်ပေါင်း ၃၃ဝ မှာရှိတဲ့ မြို့နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာတွေကို စီစဉ်ညွှန်ကြားပြီး ရရှိလာတဲ့ အချက်အလက်တွေကို ခရိုင်၊ ပြည်နယ်/ တိုင်း စသဖြင့် အဆင့်ဆင့် တင်ပြရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် ငါးနှစ်ကြာ တာဝန်ယူခဲ့တဲ့ ဒေါ်ညိုညိုသင်းက ပြည်သူ တိုက်ရိုက် ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်တွေ ရှိနေပေမယ့် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော် မောင်းနှင်နေသူတွေက ပြည်ထဲရေးဝန်ကြီးဌာန ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ဘက်အရာရှိဟောင်းတွေ ဖြစ်နေတာဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရရယ်၊ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်ပေမယ့် အုပ်ချုပ်နေတဲ့ အစိုးရရယ် ဆိုပြီး နှစ်ခုစင်ပြိုင်လို ဖြစ်နေတာ” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။ ပြည်နယ်/ တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများ ထွေအုပ်တွေအပေါ် သြဇာလွှမ်းရေးက အစိုးရသစ် လက်ထက် အကြီးမားဆုံး အခက်အခဲတွေထဲ ပါဝင်မယ်လို့ သူက ဆိုပါတယ်။ * ဦးသိန်းစိန်အစိုးရနဲ့ ထွေအုပ် * အရေးပါ အရာရောက်ခဲ့တဲ့ ထွေအုပ်ဌာနနဲ့ ယခင်စစ်အစိုးရ စိတ်ကြိုက် ပုံဖော်ခဲ့တဲ့ ပြည်နယ်/ တိုင်း အစိုးရတို့ကြား ငါးနှစ်ကြာ ဆက်စပ် လုပ်ကိုင် ဆောင်ရွက်မှုတွေဟာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အသံ မကြားခဲ့ရပါဘူး။ သို့သော်လည်း ချင်းပြည်နယ် အစိုးရ အဖွဲ့မှာ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးစတဲ့ ဝန်ကြီးဌာနရှစ်ခုရဲ့ ဝန်ကြီး ဒေါက်တာဘမောင်က ထွေအုပ်နဲ့ ဆက်ဆံရေးဟာ အလုံးစုံပြေလည်မှု မရှိခဲ့ပါဘူးလို့ ပြောပါတယ်။ စာအဝင်အထွက်က အစပြုလို့ ဝန်ကြီးတွေရဲ့ ခွင့်ရက်ကိစ္စတွေအထိ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ထွေအုပ်အရာရှိဆီကို ဖြတ်သန်းနေရတယ်၊ အဲဒီအရာရှိရဲ့ လက်အောက်ခံ သဘော ဖြစ်နေတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြည်နယ်ဝန်ကြီးတွေက နေပြည်တော် အစည်းအဝေးတချို့မှာ တင်ပြကြတယ်လို့ ဒေါက်တာဘမောင်က ဆိုပါတယ်။ တာဝန်ရှိသူများကတော့ ထွေအုပ်ဌာနတွေကြောင့် အစိုးရအဖွဲ့ အသွင်ကူးပြောင်းရာမှာ ပိုအဆင်ပြေလိမ့်မယ်ဆိုတဲ့ အဖြေကိုပဲ ပေးခဲ့ကြတယ်လို့ သူက ရှင်းပြပါတယ်။ “အစိုးရသစ်ကို လွှဲပြောင်းပေးဖို့ နေရာမှာ ရုံးဝန်ထမ်း အကြီးအကဲအနေနဲ့ ထွေအုပ်အရာရှိဟာ ဆက်တိုက်ရှိနေမှ အချိတ်အဆက် မိမယ်ပေါ့။ အဲဒီလို သူတို့ပြန်ဖြေပါတယ်” လို့ ဒေါက်တာဘမောင်က ပြောပါတယ်။ NLD အစိုးရသစ်ကတော့ ပြည်နယ်/ တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ ထွေအုပ်အရာရှိတို့ကြား ပြဿနာ ဖြစ်လာရင် ပြတ်ပြတ်သားသား ကိုင်တွယ်ဖွယ်ရှိတယ်လို့ ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ တာဝန်က ဘယ်နားသွားထားမလဲ။ သူ့(ထွေအုပ်အရာရှိ) အထက်မှာ ဝန်ကြီးတွေ အများကြီး ရှိသေးတယ်။ အဲဒီဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေထိုင်တဲ့ အစည်းအဝေးက တိုင်း(ဒေသကြီးအဆင့်) အတွက် အမြင့်ဆုံးပဲ။ ခိုင်းတာလုပ်ရမှာပေါ့၊ အဆင်မပြေလို့ကို မရဘူး၊ အဆင်မပြေရင် ထုတ်ပစ်လိုက်ရုံပဲ” လို့ ဦးကိုနီက ပြောပါတယ်။ ပြည်နယ်/တိုင်း အစိုးရအဖွဲ့တွေအတွက် ဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ များစွာရှိတဲ့အတွက် ထွေအုပ်အရာရှိဖြစ်တဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးတွေကို ကိုင်တွယ်နိုင်ဖို့ ကိစ္စဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ အရည်အချင်းတွေပေါ်မှာပဲ မူတည်နေတယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။ “ကိုယ့်မှာ အရပ်သားဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေက အရည်အချင်း ပြည့်မီမယ် ဆိုရင်တော့ ဒီထွေအုပ်ကို အားကိုးစရာ မလိုပါဘူး” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။ * ထွေအုပ်ပြုပြင်ပြောင်းလဲရေး * NLD အစိုးရ လက်ထက်မှာ သမ္မတအာဏာသုံးပြီး ထွေအုပ်ဌာနကို ဖျက်သိမ်းရေး သို့မဟုတ် နေရာပြောင်းရွှေ့ရေး လုပ်ဆောင်ဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ ယူဆသူ တချို့လည်း ရှိပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင် ကိုဝကတော့ NLD က အစိုးရအဖွဲ့သစ် ဖွဲ့တဲ့အခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒအရ တပ်မတော် အပါအဝင် နိုင်ငံရေး အင်အားစုအားလုံးနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အရေးကြီးတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှုက ညင်သာဖွယ် ရှိတယ်လို့ သုံးသပ်ပါတယ်။ "ထွေအုပ်ဌာန ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ယူဆတယ်၊ အဲဒီလိုလုပ်တဲ့အခါ (ထွေအုပ်ဌာနက) ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့အတွက် ပြည်ထဲရေးကလည်း ကာချုပ်ရဲ့အောက်မှာ ရှိတဲ့အတွက် တပ်နဲ့ သဘောတူညီမှု မရမချင်းတော့ ဒီလိုလုပ်လို့ ရမှာမဟုတ်ဘူး" လို့ သူက သုံးသပ်ပါတယ်။ အသွင်ကူးပြောင်းရေး ကာလမှာ ဌာနတွင်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရမယ် ဆိုတာကို Myanmar Now က ဆက်သွယ် မေးမြန်းခွင့်ရခဲ့တဲ့ ထွေအုပ်အရာရှိတွေက သဘောတူကြပါတယ်။ ထွေအုပ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်အရ လုပ်သင့်တယ်ဆိုသော်လည်း အတင်းလုပ်ယူမယ့် အစား အချိန်ယူပြီး ပြောင်းရမယ်လို့ သူကပြောပါတယ်။ “ဖြစ်သင့်တယ် ဆိုတာတွေက အများကြီး၊ အကောင်းတွေချည်း ပြောလို့က မရဘူးလေ” လို့ နေပြည်တော်မှာ ရုံးထိုင်တဲ့ ဦးလှမျိုးက ဆိုပါတယ်။ ရန်ကုန်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို သူ့ရုံးခန်းမှာ သွားရောက် တွေ့ဆုံစဉ်မှာတော့ ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့က အကောင်အထည် ဖော်လာမှာတွေကို အငြင်းပွားစရာ မရှိဘူးလို့ သူကဆိုပါတယ်။ “တက်လာမယ့် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ လာမယ့်အစိုးရရဲ့ မူဝါဒတွေ၊ ပေါ်လစီတွေကို အကောင်အထည် ဖော်ပေးဖို့က အသင့်ပါပဲ” လို့ ဦးမြင့်လွင်က နောက်မီ ကုလားထိုင်ကနေ ခန္ဓာကိုယ်ကို တစ်ချက်ဆန့်လိုက်ရင်း ပြောပါတယ်။ မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ် တွေ့ဆုံရာမှာ ထွေအုပ်ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ အကြောင်း ဆွေးနွေးခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။ မြန်မာပြည်ဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း Mr. Trevor Wilson ကတော့ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ ပြည်ထဲရေးဌာနကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားဖို့ အခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းက လိုလည်း မလိုအပ်၊ သင့်လျော်မှုလည်း မရှိဘူးလို့ သုံးသပ်ပါတယ်။ “အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ကြတော့မယ် ဆိုရင် ပထမဆုံး ပြင်သင့်တာကတော့ ပြည်ထဲရေးဌာနကို တပ်မတော်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှု အောက်ကနေ ရွှေ့ဖို့ဆိုတဲ့ အချက်လည်း ပါဝင်သင့်ပါတယ်” လို့ Mr. Trevor Wilson က ပြောလိုက်ပါတယ်။ ဖြိုးသီဟချို - Myanmar Now The Ladies News Journal

Wednesday 3 February 2016

အစိုးရ အဖွဲ့ဝင်များ နှင့် လွှတ်တော် အကြီးအကဲများ၏ ခံစားရပိုင်ခွင့် NLD ကန့်သတ်မည် မဟုတ်......

ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် များအပါအဝင် လွှတ်တော်နှစ်ရပ် မှ အကြီးအကဲ တို့၏ ခံစားခွင့်နှင့် ရပိုင်ခွင့်တို့ကို အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်က ကန့်သတ်သွား ရန်မရှိကြောင်း အဖွဲ့ချုပ်ဗဟို အ လုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။ ”ဥပဒေအရ ခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်တွေ အပေါ်ကို အဖွဲ့ချုပ်က ဒါမယူနဲ့၊ ဒါမလုပ်နဲ့လို့ တားမြစ်ဖို့ မရှိပါဘူး” ဟု ၄င်းက ပြောသည်။ လက်ရှိတွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌအသစ်အဖြစ် ကျမ်း သစ္စာကျိန်ဆိုပြီးသွားသည့် ဦးဝင်း မြင့်သည် လွှတ်တော် ဥက္ကဋ္ဌ တစ် ဦး ခံစားခွင့် ရှိသည့် ကား ၄ စီးထဲ မှ တစ်စီးကိုသာ ရယူသုံးစွဲနေသည်။ ”ဒါကတော့ဗျာ အလုပ်တွေ ရှုပ်နေလို့ တစ်စီးပဲ ယူသုံးတာ နေ မှာပေါ့။ ကျွန်တော်ပြောမယ် ဒီ ကိစ္စက အသေး အဖွဲ ကိစ္စဗျ။ နောက်ပိုင်း မှာ ကြည့်လုပ်မယ်။ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် သင့်တော် သလို စီစဉ် ပါလိမ့်မယ်” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် များ၏ ရပိုင်ခွင့် ခံစားမှုဆိုင်ရာ ဥပဒေ တို့၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးသည် ကား ၄ စီး သုံး ခွင့် ပေးထားသည်။ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦး၏ ခံစားပိုင်ခွင့်နှင့် ပတ်သက်၍ လေ့ လာသုံးသပ်နေသူ တစ်ဦးက ”လွှတ် တော်ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ကား ၄ စီး လောက် လိုပါတယ်။ များတယ်လို့ မထင်ပါဘူး။ လျှော့ သုံးရင်လည်း အခက်အခဲတွေ ဖြစ်မှာပါ။ မာစီးဒီးက ပုံမှန် ရုံး တက် ရုံးဆင်း။ လင်ခရုဆာလို ကားမျိုးက မာစီးဒီးလို သွားလို့ လာလို့ အဆင်မပြေတဲ့ အတွက် ခရီးဝေး လမ်းကြမ်းတွေ အတွက် သုံးရ မယ်။ နောက်တစ်စီး က လွှတ် တော်ဥက္ကဋ္ဌရဲ့ ဇနီးသုံးဖို့ အတွက်။ ဒါကလည်း ဥက္ကဋ္ဌနဲ့ တစ်ချိန်တည်း အခြားအလုပ်တွေ ရှိလာရင် ခွဲ ထွက်နိုင်အောင် လို့ပါ။ နောက် တစ်စီးက အုပ်ချုပ်မှု အကူယာဉ် ပါ။ ဈေးသွားတာတို့၊ အိမ်က လုံခြုံ ရေးတွေ၊ အိမ်အကူတွေ ဆွေမျိုး သား ချင်းတွေ သုံးရတာမျိုးပါ။ သတ်မှတ်ထားတဲ့ ရာထူးဌာနန္တရ အရဆိုရင် လွှတ်တော် ဥက္ကဋ္ဌရဲ့ အဆောင်အယောင်၊ ကားတွေက လွှတ်တော် ဥက္ကဋ္ဌ မပါဘဲ လွှတ် တော်ဥက္ကဋ္ဌ ဇနီးတောင် စီးခွင့်မရှိ ပါဘူး” ဟု ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ အနိုင် ရရှိပြီး နောက်ပိုင်း၌ လွှတ်တော် ကိုယ်စားလှယ် များ၏ လစာများထဲမှ အချို့ ကို ဖြတ်တောက်ပြီး ပြည်သူ လူထု အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက် သွားမည့် အပြင် ပြည် ထောင်စု အဆင့် ပုဂ္ဂိုလ် များ၏ လစာ များထဲမှ အချို့ကို ဖြတ် တောက်ကာ ပြည်သူ့အကျိုး အ တွက် အသုံးပြုသွားမည်ဟု ပြော ဆိုထားဖူးသည်။ PNews

ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်များနှင့်တွေ့ဆုံ၊ သမ္မတကိစ္စ အချိန်တန်သိရမည်ဖြစ်သဖြင့် အမောမခံကြဖို့ မှာကြား

------ ------ ------ ------ ------ ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ပုံမှန်သတင်းတက်ရောက် ရယူလေ့ရှိသော သတင်းထောက်များနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ သတင်းဆောင်ရွက်မှု၌ တိကျမှတ်ကန်သော သတင်းတင်ဆက်မှုများ ဖြစ်ရေး၊ သတင်းမီဒီယာတခုခုမှ တာဝန်ပေးခိုင်းစေထားသော သတင်းထောက်တယောက်အဖြစ် ခိုင်လုံမှုရှိမရှိသည့် အခြေအနေများ၊ အစိုးရသစ်သက်တမ်းတွင် သတင်းရယူခွင့် ပိုမို တိုးမြင့်ပေးနိုင်ရေး အစရှိသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲ တစ်ရပ်မဟုတ်သော်လည်း ပြည်ပ သတင်းဌာနတခုမှ တွေ့ဆုံမှု အပြီးတွင် နိုင်ငံတော်သမ္မ ရွေးချယ်ထားခြင်း အခြေအနေအား ရှောင်တခင်မေးမြန်းရာ ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော် သမ္မတရွေးချယ်ဖို့အတွက်ကို မတ်လအထိ အချိန်ပေးထားပါတယ်။ အဲဒီတော့ သိပ်ပြီး အမောခံမနေနဲ့။ အချိန်တန်ရင် ပြောမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ ခိုင်ထူးလွင် News Watch

၅၉(စ)ဆိုင်းငံ့ရေး အလုပ်မဖြစ်နိုင်ပါ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးနေသည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အရေးကြီးအဆိုတစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြောသည် ဟု ဧရာဝတီသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ Mizzima သတင်းဌာနကလည်း NLD ပါတီက ၎င်း၏ အမတ်များကို နေပြည်တော်မှ မခွာရန် ညွှန်ကြားထားကြောင်း ပါတီထိပ်ပိုင်းအဖွဲ့ဝင်များကပြောပြီး ဒေါ်အောင်ဆန်း စုကြည်အား သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံပုဒ်မအရေးကို ဖြေရှင်းရန် ဥပဒေရေးရာအရ လုပ်ဆောင်လာလိမ့်မည်ဟု ထင်ကြေးများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်လာမည်ဆိုပါက၊ တိုင်းပြည်နှင့်ပြည်သူ လူထုအတွက်သာမက၊ တပ်မတော်အတွက်လည်း အကျိုးများမည်မှာ ဧကန်မုချဖြစ် သည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်အ ရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့်မရှိသည့်အနေ အထားတွင် ရှိနေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲတွင် အကျပ်အတည်းကြီးပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကို မဖြေရှင်းနိုင်သရွေ့၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် သောင်မတင်ရေ မကျဖြစ်နေဦးမည်သာဖြစ်သည်။ ထို့ကြောင့် ရေရှည်တွင် ဖွဲ့စည်းပုံအကျပ်အတည်း ကို ချဉ်းကပ်အဖြေရှာနိုင်မည့်နည်းလမ်းများကို ဆန်းစစ်ဖွေရှာရမည်သာဖြစ်သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အကြား သဘောတူညီချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကို ဖြေ ရှင်းရာတွင် သော့ချက်ကျမည်ဖြစ်သည်။ နှစ်ဖက်အကြား နိုင်ငံရေးသဘောတူညီ ချက်တစ်ရပ် ပီပီပြင်ပြင်ရရှိအောင် ဦးစွာအားထုတ်ရဦးမည်ဖြစ်သည်။ ယနေ့အထိ မြေပြင်အခြေအနေ၊ သိမြင်ကြားရသလောက် နှစ်ဖက်အကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အတည်းကို ပူးပေါင်းအဖြေရှာနိုင်မည့်၊ အထူးသဖြင့် ပုဒ်မ ၅၉(စ) ကို ပူးပေါင်းအဖြေရှာနိုင်မည့် သဘောတူညီချက်မရရှိသေးဟု သုံးသပ်နိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်၊ ပုဒ်မ ၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရေးလမ်းကြောင်းကို သာ ကိုင်စွဲထားနိုင်ဖွယ်ရှိပြီး၊ ပြည်ထောင်စုလွှတ်တော်တွင် အဆင့်ဆင့်ဆောင် ရွက်ရေးလမ်းကြောင်းကိုသာ ထပ်မံအဆိုပြုဖွယ်ရှိနေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မထောက်ခံလျှင် မည်သည့်ပုဒ်မကိုမှ မပြင်ဆင်နိုင်သည့်အခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် တပ်မတော်က ထောက်ခံမည့်ပြင်ဆင်ချက်မျိုးဖြစ်ရေးကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အသေးစိတ်ဆွေးနွေးရဦးမည်ဖြစ်သည်။ တပ် မတော်က သဘောတူပြီးနောက်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံး ဖြတ်ပြီးပါက၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ခရီးဆက်ရဦးမည်ဖြစ်သည်။ ထို့ ကြောင့် ခရီးက ရှည်ဦးမည်သာဖြစ်သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြား ပုဒ်မ ၅၉(စ)အကျပ်အတည်းဖြေရှင်း နိုင်ရေးနှင့်ပတ်သက်၍ ဆုပ်ဆုပ်ကိုင်ကိုင် သဘောတူညီမှုမရရှိသေးမီ၊ ပုဒ်မ ၅၉ (စ)ကို ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ်တင်သွင်းပြီး၊ ဆိုင်းငံ့လာနိုင်ဖွယ်ရှိသည်ဟူသော သတင်းဖော်ပြချက်များသည် အခြေအမြစ် ကင်းမဲ့လွန်းနိုင်သည်ကို သတိကြီးကြီးထားရန် လိုအပ်လျက်ရှိသည်။ လတ်တလောသတင်းမီဒီယာများတွင် ဖော်ပြသကဲ့သို့၊ ပုဒ်မ ၅၉(စ)ကို ပြည် ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းပြီး၊ ဆိုင်းငံ့နိုင်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အပါအ၀င် မည်သည့်ပုဒ်မကိုမဆို ဆိုင်း ငံ့နိုင်မည့်သဘော၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ဆိုင်းငံ့နိုင်မည့်သဘော သက်ရောက်သွားနိုင်သည်ကိုလည်းကောင်း၊ အဆိုပါအရေးကြီးအဆိုကိုအ ကြောင်းပြုလျက်၊ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များအကြား တင်းမာမှုများရှိလာနိုင်သည်ကိုလည်းကောင်း အမြော်အမြင်ရှိရှိ စဉ်းစားချင့်ချိန်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ ၅၉(စ) ဆိုင်းငံ့မည့်အရေးကြီးအဆိုတင်သွင်းမည့်အစီအစဉ်သည် လက် တွေ့အားဖြင့် အလုပ်မဖြစ်နိုင်သည့်အပြင်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သဘောတူလက်ခံနိုင်မည့်နိုင်ငံရေးခြေလှမ်းဖြစ်လာနိုင်ဖွယ် မရှိပေ။ ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်များကို မည်သို့မည်ပုံကျော်လွှားလျက်၊ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်လာရေး ပုံဖော်ပေးနိုင်မည်အား ဗျူဟာမြောက်လေးလေးနက်နက်စဉ်းစားချင့်ချိန်ရမည်ဖြစ်သည်။ လူထုခေါင်း ဆောင်နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြား သဘောတူညီချက်အပေါ် အခြေပြုသည့် ပြင်ဆင်ချက်မျိုးကို အဆိုပြုနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှဥ့်လည်းလျှောက်သာပျားလည်းစွဲသာထုံး ကိုနှလုံးမူလျက်၊ တပ်မတော်အကြီးအကဲများနှင့် အသေးစိတ်ဆွေးနွေးပြီး၊ သူ လည်းနိုင်၊ ကိုယ်လည်းနိုင်သည့်အခင်းအကျင်းကို စနစ်တကျတည်ဆောက်နိုင် ရေး ဦးစားပေးဆောင်ရွက်လိမ့်မည်ဟု ထင်မြင်သုံးသပ်မိသည်။ ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်းထက်၊ ပုဒ်မ ၅၉(စ)တွင် ခြွင်းချက် ထည့်သွင်းနိုင်ရေး ဆွေးနွေးအဖြေရှာနိုင်မည်ဆိုလျှင် ပိုမိုအလုပ်ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်ဟု ယူဆမိသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များသည် တပ်မတော်ဝတ်စုံများဝတ်ကာ၊ တပ်မတော်အရာရှိများအဖြစ်၊ အငြိမ်း စားယူရန်မလို၊ လွှတ်တော်အစည်းအဝေးများ တက်ရောက်နိုင်ခြင်းမှာ ခြွင်းချက် ကြောင့်ပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ (ည)ပါ နိုင်ငံဝန်ထမ်း နေရာတွင် ခြွင်းချက်ထည့်သွင်းထားသည်ကို အထင်အရှားမြင်တွေ့နိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ပုဒ်မ ၅၉(စ)တွင် ခြွင်းချက်ဖြည့်စွက်သည့်နည်းလမ်းကို လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။ အဆိုပါခြွင်းချက် သည် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအတွက်ရည်ညွှန်းသော၊ ဒေါ် အောင်ဆန်းစုကြည်တစ်ဦးတည်းသာရရှိခံစားနိုင်သော ခြွင်းချက်ဖြစ်မည်ဆို လျှင် အဆိုပါခြွင်းချက်ကိုနင်းလျက်၊ အခြားသူတစ်ဦး သမ္မတဖြစ်လာမည်ကို စိုးရိမ်ဖွယ်ရာမရှိသည့်အပြင်၊ ပုဒ်မ ၅၉(စ)ကိုလည်း နဂိုရှိရင်းစွဲအတိုင်း မတို့ မထိထားနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် အဆိုပါခြွင်းချက်တွင် အမျိုးသား ခေါင်းဆောင်ကြီး၏သားသမီးလည်းဖြစ်ပြီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူဖြစ် မည်ဆိုပါက ပုဒ်မ ၅၉(စ)ကို ကင်းလွတ်ခွင့်ရှိစေရမည် ဆိုသည့်ဖော်ပြချက် မျိုးဖြစ်သည်။ ပုဒ်မ ၅၉(စ)ကို ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းဆိုင်းငံ့သည့်နည်းလမ်း၊ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်သည့်နည်းလမ်း တို့ထက် ပုဒ်မ ၅၉(စ)တွင် ဖော်ပြပါခြွင်းချက်ဖြည့်စွက်သည့်နည်းလမ်းကို ဦးစားပေး၊ စဉ်းစားသင့်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်ဆွေးနွေးသောအခါ ခြွင်းချက်ဖြည့်စွက်အဖြေရှာ မည့်နည်းလမ်းကို ဆွေးနွေးသင့်ကြောင်း တိုက်တွန်းအကြံပြုလိုပါသည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ ပြည်ထောင်စုလွှတ် တော်တွင် အရေးကြီးအဆိုတင်သွင်းလျက်၊ ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့သည့် နည်းလမ်းအား ဖော်ဆောင်လာနိုင်ခြေနည်းပါးသည်ဟု သုံးသပ်မိပါသည်။ အဆိုပါနည်းလမ်းကို တပ်မတော်အနေဖြင့် သဘောတူထောက်ခံနိုင်ခြေ နည်းပါးသည့်အလျောက်၊ လူထုခေါင်းဆောင်အနေဖြင့် သတိကြီးကြီးထား ချဉ်းကပ်စဉ်းစားလိမ့်မည်ဟု ယုံကြည်မိသည်။ တပ်မတော်အနေဖြင့် ထောက် ခံမည်ဆိုပါကလည်း၊ လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မ တစ်ခုခုကို ကိုယ်စားလှယ်အများစု၏ထောက်ခံချက်ကိုကိုင်စွဲလျက်၊ ဆိုင်းငံ့ နိုင်လာမည်ဆိုလျှင် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏အထက်သို့ ရောက်ရှိသွားမည့်ကိန်းဆိုက်သွားနိုင်ခြေရှိသည်ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါသည်။ အချုပ်အားဖြင့်ဆွေးနွေးရလျှင်၊ လတ်တလောဖွဲ့စည်းပုံအခြေခံဥပဒေအကျပ် အတည်းကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ခေါ်ယူကျင်းပခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု နှင့်လုံးဝမဆက်စပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြစ်သည်။ ၂၀၀၈ခုနှစ်ပြည် လုံးကျွတ်ဆန္ဒခံယူပွဲတွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုထောက်ခံခဲ့ သည်ဟုဆိုသည့် ၉၂.၄၈ ရာခိုင်နှုန်းသည် မှန်၊ မမှန်ပြန်ဆန်းစစ်မည့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို ခေါ်ယူကျင်းပခြင်းပင်ဖြစ်သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရေးအဆိုကို ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင် စုလွှတ်တော်တွင် အဆိုတင်သွင်းရမည်ဖြစ်သည်။ အဆိုပါလမ်းကြောင်းကို တပ် မတော်အနေဖြင့် မကန့်ကွက်ရန် ကြိုတင်သဘောတူညီမှုရယူထားရန်လည်း လိုအပ်မည်ဖြစ်သည်။ လေးစားလျက်- ဒေါက်တာရန်မျိုးသိမ်း ရန်ကုန်၊ မြန်မာ။

Tuesday 2 February 2016

ရောင်နီလာပြီဆိုသော်လည်း . . . . . .

|| စိုင်းထွန်းအောင်လွင် || မနက်စောစော အိပ်ရာနိုးတာနဲ့ သတင်းသမားတစ်ဦး အနေနဲ့ ပြုလုပ်နေကျ ကျင့်စဉ်တစ်ခုလို ဖြစ်တဲ့ လက်ကိုင်ဖုန်းကိုဖွင့်ပြီး လူမှုကွန်ရက် စာမျက်နှာကို ကြည့်လိုက်တော့ ဧရာဝတီ သတင်းဌာနက တင်ထားတဲ့ 'နေပြည်တော်မှာ ရောင်နီတက်ပြီ ' ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တော် အဆောက်အအုံနဲ့ မနက် ရောင်နီလာချိန်ကို နောက်ခံထားတဲ့ ဓာတ်ပုံ တစ်ပုံကို တွေ့လိုက်ရပါတယ်။ အောက်က မှတ်ချက်ပေးလို့ရတဲ့ Comment Box တွေမှာလည်း မကြာမီ စတင်တော့မယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို အားပေးထောက်ခံတဲ့ မှတ်ချက်တွေ အမြောက်အမြား တွေ့ရပါတယ်။ သမိုင်းဝင် နေ့တစ်နေ့ ဖြစ်လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကို ပြည်သူ တော်တော်များများက မျှော်လင့်စောင့်စား နေခဲ့ကြတာပါ။ ပြည်သူတွေ တစ်ခဲနက် ထောက်ခံမဲပေးခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်မယ့် လွှတ်တော်အပေါ် တစ်နိုင်ငံလုံးက စောင့်ကြည့်နေတဲ့ သဘောလည်း ဆောင်ပါတယ်။ ၁၉၆၂ ခုနစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်တဲ့ ပြည်သူတွေ ထောက်ခံအားပေးတဲ့ ပါတီကနေ ဦးဆောင်မယ့် လွှတ်တော် အစည်းအဝေး အစီအစဉ်တွေကို စောင့်ကြည့်နေရတာ သာမန်ပြည်သူတွေ အနေနဲ့လည်း စိတ်မလှုပ်ရှားဘဲ နေနိုင်လိမ့်မယ် မထင်ပါ။ ဒါ့အပြင် အခု လွှတ်တော် အစည်းအဝေး မစတင်ခင် ရက်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ စစ်ဘက် အရပ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် သူမရဲ့ သမ္မတ ဖြစ်ခွင့်ကို ဟန့်တားထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် လမ်းကြောင်းများ ပွင့်လာမလား။ လွှတ်တော်နဲ့ အစိုးရသစ် တက်ရမယ့် ရက်ကလည်း နှစ်လလောက် ကွာတဲ့အတွက် အစိုးရသစ် တက်ရင် သူတို့ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်များ သမ္မတ ရာထူး ရယူနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြမှာလည်း မလွဲဧကန်ပါပဲ။ အခမ်းအနားကို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား ဖန်သားပြင်ရှေ့မှာ နိုင်ငံတစ်ဝန်းက သန်းနဲချီတဲ့ ပြည်သူတွေလည်း ရှိနေခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် အများစုရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင်လည်း မကြာခင်မှာ ကြုံတွေ့ရတော့မယ့် အတွေ့အကြုံ အသစ်တွေအတွက် တက်ကြွ ရွှင်လန်းနေတာ မြင်တွေ့ရပြီး NLD ကိုယ်စားလှယ် အများစုဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လမ်းကြောင်း ပွင့်လာလိမ့်မယ်လို့ မျှော်လင့်နေကြတာ တွေ့ရပါတယ်။ နှစ်နာရီခန့်အကြာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အဖွင့်နေ့ အခမ်းအနားဟာ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေကိုလည်း အခက်အခဲမရှိ ရွေးချယ်နိုင်ခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းပေးခဲ့တဲ့ အရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းကတော့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေကို ရွေးချယ်နိုင်ခဲ့တာ၊ တာဝန် လွှဲပြောင်းရေးတွေ ချောချောမောမော ဆောင်ရွက် နိုင်ခဲ့တာဟာ နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်တဲ့ ကိစ္စရပ်ဖြစ်ပေမယ့် အနာဂတ် ပြည်သူ့အခွင့်ရေး အပြည့်အ၀ရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် ပေါ်ပေါက်လာဖို့ကတော့ မီဒီယာတွေ ပြည်သူတွေကပါ အခု ပေါ်ပေါက်လာတဲ့ လွှတ်တော်သစ် ပေါ်ပေါက်လာတော့မယ့် အစိုးရသစ်တွေနဲ့အတူ ကြိုးပမ်းရဦးမယ့် သဘော ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ပြန်သွားပြီးအချိန် လူမှုကွန်ရက် စာမျက်နှာပေါ် တက်လာတဲ့ တပ်မတော်ပိုင် မြ၀တီသတင်းစာနဲ့ ရတနာပုံ နေ့စဉ်သတင်းစာတို့မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို နိုင်ငံတော် အကျိုးစီးပွားအတွက် ထာဝရ မပြောင်းမလဲ တည်ရှိစေလိုဆိုတဲ့ ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ တပ်မတော် အာဘော် သတင်းစာဖြစ်တဲ့ မြ၀တီသတင်းစာကနေ အခုလို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် ကန့်သတ်ထားတဲ့ ပုဒ်မကို မပြင်လိုဆိုတဲ့ ဆောင်းပါးမျိုး ပါလာတာက အများပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံအတွက် အကောင်းဆုံး ပံ့ပိုး ဆောင်ရွက်ပေးစေလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးတဲ့ သဘော သက်ရောက်စေပါတယ်။ ဖော်ပြတဲ့နေ့ကလည်း နောက်လာမယ့် အစိုးရ သက်တမ်းအတွက် အတိုက်အခံ ဦးဆောင်တဲ့ လွှတ်တော် အစည်းအဝေးအသစ် စတင်တဲ့နေ့မှာ ပါလာတာပါ။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဆိုတဲ့ စကားအတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက NLD ပြောခွင့်ရ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် တားမြစ်ထားတဲ့ ပုဒ်မကို ပြင်ဆင်ဖို့ အစိုးရသစ် မတက်ခင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်နဲ့ တောက်လျှောက် ညှိနှိုင်းသွားဖို့ ရှိတယ်ဆိုတဲ့ သတင်းဖော်ပြချက် ပေါ်ထွက်လာပြီးနောက် ဒီဆောင်းပါးက စစ်တပ်ပိုင် မြ၀တီ သတင်းစာမှာ ပါရှိလာတာကတော့ နိုင်ငံရေးအရ ရိုက်ချက်တစ်ရပ် အဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။ မြ၀တီ သတင်းစာပါ အဲဒီဆောင်းပါးကို ပြည်သူတွေ အနေနဲ့ တပ်မတော်အပေါ် ဝေဖန်တဲ့ မှတ်ချက်တွေ အမြောက်အမြား ပေးနေတာလည်း တွေ့ရပါတယ်။ ဆောင်းပါးရဲ့ ဆိုလိုရင်းကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အမည် တိုက်ရိုက်သုံးနှုန်းထားခြင်း မရှိပေမယ့် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလကပင် နိုင်ငံခြားသားနဲ့ သွေးနှောများအကြောင်း အဓိက ဆွေးနွေးခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုချက်ထဲမှာ အပိုဒ်တစ်ပိုဒ်ကိုပါ ကိုးကားထည့်သွင်း ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို ပြုလုပ်ရာမှာ အဲဒီရွေးကောက်ပွဲမှာ အမျိုးသားများ မဟုတ်တဲ့ နိုင်ငံခြားသားများ မပါရဘူးဆိုတဲ့ ပြောဆိုချက်ကို ကိုးကားထားတာ တွေ့ရပါတယ်။ အချုပ်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ပုဒ်မ ၅၉ (စ) အပိုဒ်ဟာ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ထားတာ မဟုတ်ဘဲ အမျိုးသားရေး တာဝန်အရ ထည့်သွင်းထားတာ ဖြစ်ကြောင်း ၊ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ခဲ့တဲ့ တပ်မတော် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD နဲ့ ဥပဒေနဲ့ အညီ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ၊ မိမိတို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအရ အရေးကြီးတဲ့ အနေအထားမှာ ရေရှည်ကို မျှော်တွေးပြီး ပုဒ်မ ၅၉ (စ) ကို ဆက်ထားသင့်တဲ့ အကြောင်း ၊ နိုင်ငံတော်၏ အထွတ်အထိပ် အာဏာကို ရယူမယ့်သူဟာ နိုင်ငံသားအားလုံး အကြွင်းမဲ့ သံသယကင်းစွာ ယုံကြည်စိတ်ချရသော တိုင်းရင်းသား လူမျိုး နိုင်ငံသားသာလျှင် ဖြစ်ရမယ့် အကြောင်း ၊ တိုင်းတစ်ပါးရဲ့ သစ္စာ သြဇာ ခံယူသူ မဖြစ်သင့်တဲ့အကြောင်း စသဖြင့် ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ရွှန်းရွှန်းဝေနေအောင် လိုသလို ထည့်သွင်းရေးသား ပုံဖော်သွားတာ တွေ့ရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း စတင် ပန္နက်ချပေးတယ်လို့ ဆိုရမှာဖြစ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ ဆက်စပ်နေတဲ့ ၁၉၄၇ ခုနစ် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ဆိုင်ရာ အခြေအနေနဲ့က ကွာခြားပါတယ်။ ၁၉၄၇ ခုနစ် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်မှာ ဘယ်သူ့ကို လက်မထပ်ရဘူးလို့ ဖော်ပြထားတာ မရှိပါဘူး။ မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါး သော်လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင် ပါလီမန်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရှိစေရ။ (အခန်း ၅၊ ပုဒ်မ ၄၉)” လို့ ၁၉၄၇ ခုနစ် အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းနဲ့ ပတ်သက်လို့တော့ “အောက်ပါ ပုဂ္ဂိုလ်မျိုးအား၊ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ်ခြင်းခံရန် လည်းကောင်း၊ လွှတ်တော် တစ်ရပ်ရပ်၏ အမတ်အဖြစ် တည်မြဲစေရန် လည်းကောင်း ခွင့်မပြုရ။ (က) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ” (အခန်း ၆ ပုဒ်မ ၇၄) လို့သာ ဖော်ပြထားတာပါ။ တကယ်တော့ အဲဒီ ဥပဒေပုဒ်မတွေဟာ အဲဒီခေတ်ကာလက မြန်မာနိုင်ငံမှာ အလွန်များပြားနေခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေ အတွက် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ ဘာတေးလစ်တနာက ဆိုပါတယ်။ ၄၇ အခြေခံ ဥပဒေအရဆိုရင် ၀န်ကြီးတွေဟာ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမှာဖြစ်သလို ရွေးကောက်ခံ ကိုယ်စားလှယ်တွေကပဲ ၀န်ကြီးချုပ် ဖြစ်ရမှာပါ။ အဲဒီခေတ်ကာလမှာ ဗုဒ္ဒဘာသာဝင် မဟုတ်တဲ့ ဘာသာခြား နိုင်ငံသားတွေ ၊ တိုင်းရင်းသားတွေလည်း အစိုးရအဖွဲ့ တပ်မတော်တို့မှာ ထိပ်သီးရာထူးတွေ ရယူနိုင်ခဲ့ပါတယ်။ ၁၉၇၄ ခုနစ် အခြေခံဥပဒေမှာ ဆိုရင်လည်း အခု ၂၀၀၈ အခြေခံ ဥပဒေလိုမျိုး ယောက်ျား ၊ သားသမီးတွေနဲ့ ပတ်သက်လို့ သမ္မတ အရည်အချင်းဆိုင်ရာ ကန့်သတ်ချက် မပါရှိပါဘူး။ ၂၀ဝ၈ ခုနှစ် ရဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) မှာပဲ “မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ" လို့ ပါရှိတာဖြစ်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်နိုင်ငံသား တစ်ဦးနဲ့ လက်ထပ်ခဲ့ပေမယ့် တစ်ခါမှ အင်္ဂလန်နိုင်ငံသား မဖြစ်ခဲ့ဖူးပါဘူး။ သူမအနေနဲ့ ပြည်ပမှာ ကြီးပြင်းခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောမယ်ဆိုရင် ပုံရိပ်ကြီးသူတွေကို ပြည်တွင်းမှာ မနေစေလိုခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ သမိုင်းကို ပြန်လှန်ရမှာ ဖြစ်ပါတယ်။ လတ်တလော အခင်းအကျင်းအရ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကာလုံ အစည်းအဝေးတက်နိုင်တဲ့ လက်ကျန် နှစ်နေရာထဲက နိုင်ငံခြားရေးဝန်ကြီး နေရာသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလပြီးကတည်းက အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေ ၊ သမ္မတ ၊ တပ်ချုပ်တို့နဲ့ တွေ့ခဲ့ပြီးနောက် လူထုတွေရဲ့ ဆန္ဒအရ မြင်တွေ့လိုတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူး ရယူရေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်ပိုင် မြ၀တီ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကြောင့် အလားအလာ မှေးမှိန်သွားရပြီလို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။ စစ်တပ်ရဲ့ အာဘော်တွေကိုသာ ဖော်ပြလေ့ရှိတဲ့ မြ၀တီသတင်းစာပါ ဆောင်းပါးဟာ NLD က စီစဉ်ထားမှု အစီအစဉ်အချို့ကို နှောင့်နှေးစေဖို့ တန်ပြန် ဖော်ပြခဲ့တာလည်း သဘော ဖြစ်ပါတယ်။ လွှတ်တော်အသစ် စတင်မှုတွေက သမိုင်းမှာ အရေးပါတဲ့ ရက်စွဲဖြစ်တယ် ဆိုပေမယ့် ဒီမိုကရေစီစံနှုန်းကျတဲ့ အနေအထားတစ်ရပ်အထိ ဖြစ်လာဖို့ တိုင်းရင်းသား တန်းတူ အခွင့်အရေးရှိတဲ့ အခြေခံ ဥပဒေတွေ ပေါ်ပေါက်လာဖို့ဆိုရင်တော့ ရှေ့မှာ ဘယ်လောက် ကြမ်းတမ်းမှုတွေက ဆီးကြိုနေဦးမလဲဆိုတာ မှန်းဆလို့ မရနိုင်သေးပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်တဲ့ အသွင်ကူးပြောင်းရေး စဖို့ ခြေလှမ်းတစ်ရပ် စတင်တာ ရောင်နီသန်းတာလို့ ဆိုနိုင်ပေမယ့် ရောင်နီလာပြီးမှ ရုတ်တရက် မိုးသားတိမ်တိုက်တွေ မည်းမှောင်ကျလာကာ တစ်နေကုန် မိုးသည်းထန်စွာ ရွာ ၊ မိုးကြိုးတွေပစ် ၊ ညအမှောင်ကို ပြန်ရောက်သွားဆိုတဲ့ အဖြစ်မျိုး မဖြစ်ဖို့တော့ အားလုံး တက်ညီလက်ညီ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ စိုင်းထွန်းအောင်လွင် The Ladies News Journal REF : Bertil Lintner ၏ Burma’s Constitutional Collision Course