Thursday 1 December 2016

အမေစုနဲ့  စင်္ကာပူရောက် မြန်မာမိသားစုများတွေ့ ဆုံပွဲမှ အမေးအဖြေ များ

=========================== ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေပေါ်မှာ အတိုင်းအတာ တခုအထိ အားရ ကျေနပ်မှု ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲတွေပေါ်ပေါက်လာတဲ့ အပေါ်မှာ စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့တိုး လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံတာမှာ အခိုင်အမာ ပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကာင်္ပူနိုင်ငံ ဒုတိယနေ့ ခရီးစဉ်ဆိုင်ရာ သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ မြန်မာ အစိုးရ သက်တမ်း ၉ လအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်နေပြီး အားရကျေနပ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ “တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်တခုကတော့ ကျမတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါပဲ။ ဒီ ၂ ခုက ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျမတို့ ဖွံ့ဖြိုးရေးဆိုတာလည်း ရေရှည်ထိန်းထားလို့မရဘူး။ တိုးတက်မှုမရှိပဲနဲ့ ငြိမ်းချမ်းရေးဆိုတာ အမြဲခိုင်မာမယ်လို့ အာမခံလို့မရဘူး။ ဒါကြောင့် ဒီ၂ ခုကို အလေးထားပြီးတော့ တပြိုင်နက်ထဲ လုပ်နေတာဖြစ်ပါတယ်။ အတိုင်းအတာတခု ထိတော့ ကျေနပ်တယ်။ ဒါပေမယ့် ဘယ်တော့မှ အပြည့်အ၀ ကျေနပ်မှာ မဟုတ်ပါဘူး။” နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာဘဲ ငြိမ်းချမ်းရေး အတွက် ရှေ့တိုးလုပ်ဆောင်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ “ ဒီတိုက်ပွဲတွေဟာ ကျမတို့ နိုင်ငံမှာဖြစ်နေတာ ကြာလှပါပြီ။ အဲဒီတိုက်ပွဲတွေဖြစ်တိုင်းကြောက်နေရင် ကျမတို့ အစကတည်းကနေစပြီးတော့ ၂၁ ပင်လုံကို လုပ်မှာမဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ဒီလိုတိုက်ပွဲတွေဖြစ်လို့ကို ၂၁ ပင်လုံညီလာခံကြီး ဘယ်လောက် လိုအပ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ထပ်ပြီးတော့ ကြိုးစားမယ်၊ ပိုပြီးတော့ ကြိုးစားမယ်။ ကျမတို့ အခြေခံအားဖြင့်တော့ ဒီလိုအချင်းချင်းကြားမှာ တိုက်ပွဲတွေ မကြေနပ်မှုတွေ ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျမတို့ သမိုင်းမှာ အချင်းချင်းကြားမှာ နားလည်မှုမယူနိုင်လို့ ပါပဲ။ နားလည်မှုမရှိပဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျမတို့ ကြိုးစားရမှာဖြစ်ပါတယ်။” စကာင်္ပူရောက် မြန်မာ ၇ ထောင်လောက် တက်ရောက်ခဲ့ကြတဲ့ တွေ့ဆုံပွဲမှာတော့ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လတ်တလော လူထုကြား စိုးရိမ်နေကြတဲ့ သက်ငယ် မုဒိမ်းမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အတွက် တရားဥပဒေကြောင်း အရတင် မဟုတ်ဘဲ လူမှုရေး ရှုထောင့်ကပါ အဖြေရှာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။ နောက် ကလေးငယ်တွေကို မိဘတွေ အပြင် ရပ်ရွာ အသိုင်းအ၀ိုင်းကပါ ၀ိုင်းဝန်း စောင့်ရှောက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ အစိုးရသစ်ကို အနှောင့်အယှက် အဟန့်အတားတွေ ရှိနေပြီး ဒါတွေကို အစိုးရသစ်က ဘယ်လို ကိုင်တွယ်မလဲ ပြည်သူတွေက ဘာတွေ ပါဝင်ရမလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။ “ပမထဦးဆုံးအနေနဲ့ ဘေးဆိုင်းတွေတီးတယ်ဆိုတာ သိတာကိုက အကူအညီတခုပဲ။ နောက်ပြီးတော့ ဘေးဆိုင်းတွေတီးပြီးရင် ကိုယ့်ဆိုင်းလေးလည်း ပြန်တီးလိုက်ပေါ့။ နောက်ဆုံးကျတော့ နားမယောင်ဖို့ပါပဲ။ ဘယ်သူက ဘာဆိုင်းပဲတီးတီး ကျမတို့ ပြည်သူပြည်သားတွေက နားမယောင်ဘူးဆိုရင် ကျမတို့ နားငြီးတာပဲရှိမယ် ၊ ဘာမှ ပြဿနာတွေတော့မရှိပါဘူးလို့ ပြောပါရစေ။” စကာင်္ပူနိုင်ငံ ခရီစဉ် ပထမရက်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက နှစ် ၂၀ အတွင်း စကာင်္ပူကို ကျော်တက်မယ်လို့ ပြောဆိုခဲ့တဲ့ အပေါ် ဒေသတွင်းမှာ သတင်းကြီး ဖြစ်ခဲ့သလို မြန်မာနိုင်ငံတွင်းမှာလည်း လူပြော သူပြောများခဲ့တာပါ။ စကာင်္ပူနိုင်ငံကို မီအောင် ဘယ်လို လုပ်မလဲဆိုတဲ့ တက်ရောက်လာသူ တဦးရဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။ “အန်တီ စု အနေဖြင့်မြန်မာသည် နောင် နှစ် ၂၀ တွင် စကာင်္ပူကို မီ ရမယ်ဟုပြောကြားသည် ကို များစွာအားရမိပါသည်တဲ့။ ကျနော်တို့ ပြည်သူပြည်သားများအနေဖြင့် မည်သည့် အခန်းကဏ္ဍမှာ ပါဝင်နိုင်သည်ကို သိခွင့်ရချင်ပါသည်ခင်ဗျား တဲ့။ ကျမပြောတာက နှစ် ၂၀ အတွင်း စကာင်္ပူကို မီရမည်လို့ ပြောတာမဟုတ်ပါဘူး စကာင်္ပူကို ကျော်ရမည်လို့ ပြောတာပါ။” မြန်မာနဲ့ စကာင်္ပူကြား သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေ အတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ကလည်း ဒီကနေ့မှာ စတင် သက်ရောက်ပါတယ်။ စကာင်္ပူ ဗီဇာ ကင်းလွတ်ခွင့်ကတော့ ထူးခြားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်လို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ “အလည်အပတ်တင်မကပါဘူး ၊ စီးပွားရေးလုပ်တဲ့လူတွေအများစု က ကျနော်တို့ မြန်မာနိုင်ငံဆိုရင် စကာင်္ပူကို မှီခိုပြီးလုပ်ကိုင်နေရတာပေါ့နော် ။ အထူးသဖြင့် ဘဏ်နဲ့ ပတ်သက်ရင် Banking နဲ့ ပတ်သက်ရင်။ အဲဒီတော့ ကျနော်တို့က အခုလို Visa မလိုတဲ့ အတွက်ကြောင့်မို့လို့ သွားရလာရ ၊ လုပ်ကိုင်ရတဲ့သူတွေအတွက်ကလည်း ပိုပြီးတော့ အဆင်ပြေတယ်။ အလည်အပတ်နဲ့ ဆေးကုတဲ့ လူတွေအတွက်ကလည်း အဆင်ပြေတဲ့အတွက်ကြောင့် ဒါကလည်း ထူးထူးခြားခြားပြောလို့ရတဲ့အချက် ၁ ချက်ဖြစ်ပါတယ်။” နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အဓိက ဖိတ်ခေါ်ခဲ့တဲ့ စကာင်္ပူနိုင်ငံ ခရီးစဉ် ဒုတိယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က စကာင်္ပူ ခေတ္တ သမ္မတ Joseph Yuvaraj Pillay နဲ့ တွေ့ဆုံခဲ့သလို စကာင်္ပူ ၀ါရင့် ၀န်ကြီး Goh Chok Tong နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ အဂတိ လိုက်စားမှု အနည်းဆုံး နိုင်ငံ တခု ဖြစ်တဲ့ စကာင်္ပူနိုင်ငံရဲ့ အကျင့်ပျက် အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေး ဌာနကိုလည်းသွားရောက် လေ့လာခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ သစ်ခွပန်း အမည်ပေးပွဲကိုလည်း တက်ရောက်ပါတယ်။ Singapore Botanic Garden က National Orchid Garden မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဂုဏ်ပြုအထိမ်းအမှတ် အဖြစ်နဲ့ စိုက်ပျိုးထားတဲ့ သစ်ခွပန်းကိုတော့ Papilionanda Aung San Suu Kyi လို့ အမည်ပေးထားပါတယ်။
DVB

Wednesday 21 September 2016

#ကုလညီလာခံမှာ_မေစုပြောကြားတဲ့မိန့်ခွန်းအပြည့်အစုံ

ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများ၊ လူကြီးမင်းများရှင့်။ ၁။ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမဦးဆုံး ကိုယ်စားလှယ်အနေနဲ့ ဒီအထွေထွေ ညီလာခံမှာ စကားပြောရင်း ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ မူတွေအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောကြားရတာဟာ ကျမရဲ့တာဝန်၊ ကျမရဲ့ အခွင့်ထူး ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးရဲ့ ခွန်အားဟာ ပဋိဉာဏ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေမှာ ထည့်သွင်းထားတဲ့ တကမ္ဘာလုံးလွှမ်းခြုံအကျုံးဝင်မှုနဲ့ တရားဝင် ဖြစ်မှုတို့အပေါ်မှာ မူတည်နေပါတယ်။ ပြီးပြည့်စုံမှု မရှိခြင်းနဲ့ ကန့်သတ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကျမတို့အားလုံးရဲ့ ပိုမို ငြိမ်းချမ်း၍ သာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ်ရေး၊ ဂရုဏာတရား ထွန်းကားတဲ့ လူသားအားလုံးရဲ့ နေရာထိုင်ခင်းဖြစ်မြောက်ရေး ဆိုတဲ့ မျှော်လင့်ချက်တွေကို သိုမှီးထားတဲ့ အဖွဲ့ကြီးအဖြစ် ရှိနေဆဲပါ။ ၂။ ကျမတို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံသစ် အဖြစ် ကုလသမဂ္ဂကို ၀င်ရောက်ခဲ့ပါတယ်။ အဲဒီကာလဟာ ကမ္ဘာ့လူသားတွေဟာ ငြိမ်းချမ်းရေး၊ သာတူညီမျှရေး၊ သာယာဝပြောရေး၊ တရားမျှတရေးတွေအတွက် လူသားတို့ရဲ့ လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ထားရှိပြီး သူတို့ရဲ့ နိုင်ငံသစ်တွေကို ပြန်လည် ထူထောင်ဖို့ ရုန်းထကြတဲ့အချိန် ဖြစ်ပါတယ်။ အခုတကြိမ် ထပ်မံပြီးတော့ မြန်မာနိုင်ငံအဖို့ ပြတ်သားတဲ့မျှော်လင့်ချက်တွေ ထားရှိနိုင်ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ကျမတို့ ပြည်သူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တခဲနက် မဲပေးခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံရေးပါတီ တခုကို ထောက်ခံတယ်ဆိုတာ ပြသခြင်းသာမက၊ သူတို့ရဲ့ အခွင့်အရေး၊ စွမ်းရည်၊ သူတိုမျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပုံစံ စတဲ့ နိုင်ငံရေး ပျိုးထောင်မှုတွေအတွက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်တွေ၊ ရည်ရွယ်တွေဟာ ကုလသမဂ္ဂကို စတင် ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆနဲ့လည်း ထပ်တူ ထပ်မျှ ဖြစ်ပါတယ်။ ၃။ ဓားသွားတွေကို ထွန်သွားအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်၊ ခေတ်သစ် အသုံးအနှုန်းနဲ့ ပြောရမယ်ဆိုရင်တော့၊ ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စိုက်ပျိုးရေး ယန္တရားတွေအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်ဟာ ကျမတို့ ပြည်သူတွေရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိပ်ခွင့်မသာဘဲ လယ်ယာမြေတွေကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ကျမတို့ ပြည်သူတွေဟာ အထက်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စိတ်ထဲ၊ နှလုံးထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားကြပါတယ်။ မိမိတို့ရဲ့ နေအိမ်ထဲမှာ လုံခြုံမှုရှိဖို့၊ မိမိတို့ရဲ့ စွမ်းရည်အပေါ်မှာ ယုံကြည်မှုရှိပြီး အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့၊ လူငယ်တွေရဲ့ အနာဂတ် အလားအလာအတွက် စိတ်ချ ပျော်ရွှင်မှု ရရှိနိုင်ဖို့၊ သက်ကြီးရွယ်အိုများဘ၀ လုံခြုံဖို့၊ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ပြည်ထောင်စုသားတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ရိုးရှင်းတယ်၊ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ အထူး ပြောစရာ မလိုပါဘူး။ ကျမတို့ရဲ့ ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောရှိနိုင်ဖို့ တခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို မျှော်လင့်ချက်နဲ့ ပြတ်သားတဲ့ သံဓိဋ္ဌာန်ချမှတ်ပြီး လျှောက်လှမ်းကြရပါလိမ့်မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ၄။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့ ၂၀၃၀ ပြည့် အဓွန့်ရှည် ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့ အကျုံးဝင်တဲ့ မွေးရာပါ ရပိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ကြရတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုအဖို့ အဓွန့်ရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေး ဆောင်ရွက်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ တနည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို မကြာသေးခင်က ကျမတို့ ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံဟာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်ရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ညီလာခံရဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ ဒီညီလာခံဟာ အားလုံးပါဝင်ရေးမူနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဒီညီလာခံ ကျင်းပရုံနဲ့ မပြီးသေးပါဘူး။ အမျိုးသားရင်ကြားစေ့ရေးနဲ့ တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆီကို ချီတက်တဲ့ခရီးမှာ အရေးကြီးတဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျမတို့ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ၀မ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ရခိုင်အခြေအနေ ၅။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကမ္ဘာက အာရုံ စူးစိုက်ခဲ့ကြပါတယ်။ တာဝန်သိတဲ့ ကမ္ဘာ့မိသားစု အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ ကျမတို့ဟာ နိုင်ငံတကာက အနီးကပ် စောင့်ကြည့်တာကို မစိုးရိမ်ပါဘူး။ ကျမတို့ဟာ ရခိုင်ပြည်အတွင်း လူ့အသိုင်းအ၀ိုင်း အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်စေတဲ့ အဓွန့်ရှည် ခိုင်မြဲသော အဖြေရရှိဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ်။ ကျမတို့အစိုးရဟာ နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အတည်ဖော်ရေး ဗဟိုကော်မီတီကို အစိုးရသစ်တာဝန်ယူပြီး မကြာခင်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဗဟိုကော်မီတီအောက်မှာ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မီတီတွေဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့ကို စိစစ်ပြီး နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးနေပါတယ်။ လူသားချင်း စာနာမှုအကူအညီတွေ ထောက်ပံ့နိုင်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ၆။ ဒီပြဿနာကို ပြီးပြည့်စုံပြီး ပိုမိုထိရောက်အောင် ဖြေရှင်းနိုင်ဖို့ ကျမတို့ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကိုလည်း ကျမတို့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် (၉) ဦး ပါဝင်တဲ့ ဒီကော်မရှင်ရဲ့ တာဝန်တွေထဲမှာ - ရခိုင်ပြည်နယ်အတွင်း လူ့အခြေခံလိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ ရပိုင်ခွင့်နဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်ပါတယ်။ ပဋိပက္ခဟန့်တားရေး၊ စာနာမှုအထောက်အပံ့ပေးကမ်းရေး၊ ရပိုင်ခွင့်များနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူမှုအဆောက်အဦးတွေ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြင့်တင်ရေးတို့ကို အထူးအလေးပေး ဆောင်ရွက်ရပါလိမ့်မယ်။ ၇။ ဒီကော်မရှင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး တချို့အစိတ်အပိုင်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ သဟဇာတ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ရရှိဖို့အတွက် ဆက်လက် အားထုတ်သွားမယ်ဆိုတာ ကျမတို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ နားလည်မှုရှိပြီး အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ မလိုမုန်းတီးမှုနဲ့ စာနာခွင့်လွှတ်ခြင်း ကင်းမဲ့တဲ့ အုပ်စုတွေကို အခိုင်အမာ ဆန့်ကျင်ရပ်တည်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ တန်ဖိုးတွေကို ယုံကြည်မှုရှိကြောင်း ထပ်မံပြီး အလေးအနက် ပြောကြားလိုပါတယ်။ SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကော်အထည်ဖော်ရေး ၈။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ဟာ ကျမတို့ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေ ပြည့်ဝရေးဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ အမျိုးသား စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒဟာ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေ ပါဝင်တဲ့ SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်တွေရဲ့ စွမ်းရည်မြင့်မားရေးနဲ့ အခွင့်အလမ်း ဖန်တီးရေးတို့ဟာ ကျမတို့ရဲ့ လူထုအခြေပြု အားလုံးပါဝင်ရေး မူဝါဒ ရည်မှန်းချက်တွေအတွက် အဓိက သော့ချက်တွေ ဖြစ်ပါတယ်။ ၉။ ကုလသမဂ္ဂအဖွဲ့ဝင်တွေ အနေနဲ့ ကျမတိုရဲ့ တူညီသော စိုးရိမ်ကြောင့်ကျစရာ အများအပြားကို မနေ့က ဒီညီလာခံ စတင်ချိန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ကျမအနေနဲ့ ခွင့်ပြုထားတဲ့အချိန်အတွင်း အနည်းအကျဉ်းပဲ ပြောကြားပါမယ်။ ရွေ့ပြောင်းအခြေချမှု၊ အကြမ်းဖက်ဝါဒ၊ နျူကလီးယားဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအခြေချမှု ၁၀။ ပြဿနာတွေအတွက် ရေရှည်ခိုင်မြဲမယ့်အဖြေကို ရရှိဖို့အတွက် ပြဿနာဇစ်မြစ်ကို စုံစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ မကြာသေးမှီ နှစ်တွေအတွင်း မကြုံစဘူးအောင် များပြားလှတဲ့ ပြောင်းရွေ့အခြေချမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းရွေ့အခြေချမှုရဲ့ အရေးအကြီးတဲ့ အကြောင်းရင်း ၂ ရပ်ကို ဖြေရှင်းဖို့ လိုအပ်လာစေပါတယ်။ အဲဒီ အကြောင်းရင်း ၂ ရပ်ကတော့ ငြိမ်းချမ်းမှု မရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောကြတဲ့အခါမှာ လူအခွင့်အရေးကိုလေးစားမှု၊ တရားမျှတမှု၊ မတူကွဲပြားမှု၊ သည်းခံခွင့်လွတ်မှုတို့ကို မြင့်တင်ရေးနဲ့ ဘက်စုံစီးပွားရေး မူဝါဒ အကောင်အထည်ဖော်ရေးတို့ကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်ပြီး နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တရားမျှတပြီး ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုရရှိဖို့ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရွေ့ပြောင်း အခြေချနေထိုင်သူတွေဟာ အိမ်ရှင်နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ကြပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ခိုင်မာအောင် အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ၂ နိုင်ငံစလုံးရဲ့ စီးပွားရေးကို အထောက်အပံ့ ဖြစ်စေတယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ ကမ္ဘာကြီးမှာ ကျမတို့အားလုံး မျှဝေနေထိုင်ကြရမှာ ဖြစ်ပါတယ်။ တန်ဖိုးထားမှုနဲ့ ကြွယ်ဝမှုတွေကို မျှဝေကြခြင်းအားဖြင့် ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒ တန်ပြန်ရေး ၁၁။ သာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတို့နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ ပုံစံအားလုံးကို ကျမတို့ အတူတကွ ရပ်တည် ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ အစွန်းရောက်ဝါဒဟာ အကြမ်းဖက်ဝါဒရဲ့ ဇစ်မြစ်ဖြစ်တဲ့အတွက် အစွန်းရောက်ဝါဒရဲ့ အကြောင်းရင်းတွေကို စူးစမ်းဖို့ လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး ဖူလုံမှု ကင်းမဲ့ခြင်းဟာ အရေးကြီးတဲ့ အကြောင်းတရားတွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဦးတည်ချက်ကင်းမဲ့ခြင်း၊ ဘ၀ရည်မှန်းချက် ကင်းမဲ့ခြင်းတို့ဟာလည်းပဲ အထူးသဖြင့် လူငယ်တွေကို ရေရာ သေချာမှု ရှိသယောင် ပြသနေတဲ့ အယူအဆတွေရဲ့ ညွတ်ကွင်းမိစေနိုင်တယ်ဆိုတာလည်း ကျမတို့ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ နျူကလီးယားဖျက်သိမ်းရေး နျူကလီးယားကင်းမဲ့သော ကမ္ဘာကြီး ဖြစ်မြောက်ရေးကို မြန်မာနိုင်ငံ ထောက်ခံပါတယ်။ ကျမတို့နိုင်ငံက တင်သွင်းတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နှစ်ပတ်လည် ပြဌာန်းချက်ဟာ လက်ရှိနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရရှိရေးကို ရည်ရွယ်ပါတယ်။ ကမ္ဘာ့ဒေသအများအပြားမှာ နျူကလီးယားလက်နက်ကင်းမဲ့တဲ့ ရပ်ဝန်းတွေ ထူထောင်ရေးကိစ္စဟာ ဒီရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေး CTBT စာချုပ် အတည်ပြုချက်ကို ကျမတို့နိုင်ငံက ဒီညနေမှာ တင်းသွင်းမယ်ဖြစ်ကြောင်း ၀မ်းမြောက်စွာ အထွေထွေညီလာခံကို အသိပေးလိုပါတယ်။ VOA

Saturday 3 September 2016

"ဖက်ဒရယ်ပညာရေး အပိုင်း (၁ - ၂)"

**************************** Category: ပညာရပ်စာတမ်းများ Written by သိန်းနိုင် မောက္ခ မတူကွဲပြားသော နိုင်ငံတော် မတူကွဲပြားခြားနားမှုမှာ ဒီမိုကရေစီ၏ အားဖြစ်သည်ဟူ၍ ဆိုကြပါသည်။ မတူကွဲပြားခြင်းမှာ တကယ်တော့လည်း သဘာဝနိယာမ တရားတစ်ခုမျှသာ။ ပိုမိုယဉ်ကျေးသော မျက်မှောက်ခေတ်လူ့ဘောင်ကို ရှင်သန်စည်ပင်စေခြင်း၊ သဟဇာတ ဖြစ်စေခြင်းနှင့် ဦးဆောင် ထိန်းကျောင်း ပဲ့ကိုင်ခြင်းမှာ မတူကွဲပြားခြားနားမှုကို စီမံခန့်ခွဲခြင်းပင် ဖြစ်သည်ဟူ၍ ဒီမိုကရေစီ နိုင်ငံရေး သုခမိန်တို့က ဆိုကြသည်။ ပညာရေးတွင် ဤမတူ ကွဲပြားခြားနားမှုတို့ကို ထည့်သွင်း စဉ်းစားမှသာလျှင် ပိုမို၍ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ရှေးရှုသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါမည်။ ကလေးငယ်တို့သည် မွေးရာပါ ဗီဇနှင့် စွမ်းရည် မတူကြ။ ၀ါသနာများလည်း ကွဲပြားကြသည်။ ဥာဏ်ရည်အမျိုးမျိုးနှင့် သင်ယူနေကြသည်။ လူမျိုးနှင့် မိခင်ဘာသာစကားများလည်း ခြားနားနေ တတ်သည်။ ရှင်သန်ကြီးပြင်းရာ ဒေသန္တရ ပတ်ဝန်းကျင်မှာလည်း ကွဲပြားနိုင်သေးသည်။ ဘ၀နောက်ခံများမှာလည်း အခြေအနေ အမျိုးမျိုး။ လူမှုစီးပွား အဆင့်အတန်းချင်းလည်း ကွာဟကြပါသည်။ ပညာရေးစိတ်ပညာမှ ထောက်ပြထားသည်မှာ နိုင်ငံတော်၏ ဒေသအသီးသီးရှိ ကလေးငယ်တို့သည် မတူ ကွဲပြားမှုများစွာဖြင့် ကျောင်းနှင့် စာသင်ခန်းများတွင် တက်ရောက်လျက်ရှိနေကြသည်။ အထင်ကရဖြစ်သော မတူကွဲပြားသည့် အုပ်စုများကို မျိုးတူ စုစည်းလေ့လာနိုင်သည်။ မတူကွဲပြားမှုကို တစ်ဦးချင်းသဘောဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ပညာရေးစနစ်၊ သင်ရိုးညွှန်းတမ်းနှင့် စာသင်ကျောင်းမူဝါဒတို့တွင် မလွဲမသွေ ထည့်သွင်း စဉ်းစားသင့်ပါသည်။ ဤသို့ဖြင့် တစ်သီးပုဂ္ဂလ ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်ခြင်းအပြင် လူမှုအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်လည်း ပိုမို လက်တွေ့ကျသော၊ အကျိုးဖြစ်ထွန်းသော စာသင်ကျောင်းများ ဖြစ်လာနိုင်ပါမည်။ Federal-Edu-1 မတူကွဲပြားသော လူမျိုးစုများ၊ လူမျိုးနွယ်များနှင့် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများအပြင် ခေတ်ကာလ ယဉ်ကျေးမှုပုံစံ အမျိုးမျိုး၊ အတွေးအခေါ် အယူအဆ အမျိုးမျိုးတို့ဖြင့် ရှိနေသည့် မြန်မာနိုင်ငံတွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် အငြင်းပွား ဖွယ်ရာဖြစ်သော ၂၀၁၄ အမျိုးသား ပညာရေးဥပဒေတို့တွင် မတူ ကွဲပြား ခြားနားမှုများကို ထည့်သွင်း စဉ်းစားကြပါ၏လော။ ပညာရေးနှင့် စာသင်ကျောင်းမှာ မျက်မှောက်ခေတ်မျှသာ မကဘဲ အနာဂတ်နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် လားရာလမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ပါသည်။ လိုလား တောင့်တနေကြသည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို ဖော်ဆောင်ပေးနိုင်မည့် အမျိုးသားပညာရေး ဥပဒေဟု မည်သူ အာမခံပါမည်နည်း။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဤ ၂၀၁၄ ဗားရှင်း အမျိုးသား ပညာရေးဥပဒေတို့က ဖက်ဒရယ်လမ်းကြောင်းကို တည့်မှန်စွာ ဖော်ဆောင်ပေးနိုင်ပါမည်လော။ အတိတ်ကာလ ၁၉၄၇ ဖက်ဒရယ်အိပ်မက်နှင့် ၂၀၁၄ ပညာရေး ကနဦးခြေလှမ်းများ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးကာလမတိုင်မီ တိုင်ပြုပြည်ပြုလွှတ်တော် အစည်းအဝေးများတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက မတူကွဲပြားခြားနားမှုကို တန်ဖိုးထားပြီး ယဉ်ကျေးမှုတို့ ပိုမို သဟဇာတဖြစ်စေမည့် ဖက်ဒရယ်စနစ် (တနည်းအားဖြင့်) “အသွေးအရောင်စုံ ယဉ်ကျေးမှုစနစ်” ကို တည်ဆောက်ရန် မျှော်မှန်းခဲ့ကြသည်။ ပညာရေးတွင်လည်း “အသွေးအရောင်စုံ ပညာရေးစနစ် multicultural education” ကို ကျင့်သုံးကြရန် တိုင်ပင်ခဲ့ကြဖူးသည်။ ဤသည်မှာလည်း ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အကောင်းဆုံးသော မောင်းနှင်အားအနေဖြင့် ပညာရေးက ဖြည့်ဆည်းပေးရန် ရည်ရွယ်ရင်း ရှိခဲ့ပုံရပါသည်။ မျက်မှောက်ခေတ် ၂၁ ရာစု၏ ကမ္ဘာ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ရှင်သန်စည်ပင်စေရန်အတွက် မတူကွဲပြားမှုကို ထည့်သွင်းစဉ်းစားသည့် အသွေးအရောင်စုံ ပညာရေးစနစ်ကို အောင်အောင်မြင်မြင် ကျင့်သုံးလျက်ရှိကြသည်ကို လေ့လာတွေ့ရှိရသည်။ တိုင်းပြည်၏ ပကတိ လူမှုအရှိတရားများကို အခြေခံလျက် ပညာရေးလှုမှုဗေဒဆိုင်ရာ သုတေသနလေ့လာမှုများ၊ တိုင်းရင်းသား ညီညွတ်ရေး အမြင်သဘောထားများ၊ ဖက်ဒရယ်ယဉ်ကျေးမှု အခြေခံများအပေါ် စေ့ငုံစွာ သုံးသပ်ပြီး ပညာရေးစနစ်ကို တည်ဆောက်ခြင်းဟူ၍လည်း ဆိုနိုင်ပါသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုအချို့ ရှိခဲ့သည်။ အထူးသဖြင့် အစိုးရအပြောင်းအလဲဖြစ်တိုင်း၊ သို့မဟုတ် နိုင်ငံတော်အာဏာ သိမ်းယူပြီးတိုင်း ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမှုအချို့ ရှိခဲ့သည်။ ပညာရေးစနစ် အပြောင်းအလဲ ကာလတိုင်းတွင် အငြင်းပွားဖွယ်ရာ များစွာ ပါရှိနေခဲ့သည်။ အာဏာရှင်တို့စိတ်ကြိုက် တင်းကျပ် လွန်းသော ပညာရေးပြုပြင်ပြောင်းလဲမှုတို့ဖြစ်သဖြင့် တိုင်းရင်းသား ပြည်သူတို့၏ ပညာအခွင့်အရေးများနှင့် အရည်အသွေးအတွက် ရတက်မအေးဖြစ်ခဲ့ကြရသည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်တွင် “ပညာရေးဆုတ်ကပ်” မှာ ၀မ်းနည်းဖွယ်ရာ စတင်ခဲ့တော့သည်။ ပွင့်လင်း လွတ်လပ်သော ဒီမိုကရေစီခေတ်မှာ လွတ်လပ်ရေးသက်တမ်း ငယ်နုစဉ်မှာပင် ကွယ်ပျောက်ခဲ့တော့သည်။ ၂၀၁၂ ခုနှစ် မတိုင်မီအထိ နှစ် ၅၀ မျှ မီဒီယာများတွင် ပညာရေးဆိုင်ရာ ငြင်းခုံ ဆွေးနွေးမှုများ၊ ဝေဖန်တင်ပြမှုများ၊ ဆန့်ကျင်ဖက်အမြင်များကို လက်ခံ ဆွေးနွေးမှုများ ဖော်ပြခွင့် မရရှိခဲ့ပါ။ ယခု ၂၀၁၄ ခုနှစ်၊ မီဒီယာခေတ်ဦး၊ အသွင်ကူးပြောင်းရေးကာလ၊ ပညာရေး ပြုပြင်ပြောင်းလဲမှုများ နိဒါန်းပိုင်းသို့ စတင်သော ကာလ… စသည်ဖြင့် ခေတ်ပုံရိပ်ကို ဖော်ကျူးနိုင်ပါသည်။ ပါလီမန် ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲသို့ ဦးတည်နေသည်ဟု ယူဆဖွယ်ရာရှိသည့် အခြေအနေတွင် ပညာရေးဆိုင်ရာ ငြင်းခုံခြင်းများ၊ ဝေဖန်တင်ပြဆွေးနွေးမှုများနှင့် ဆန့်ကျင်ဖက် အမြင်များကို တရားဝင် ဆွေးနွေးခွင့်များ ပိုမို ရရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်တားဆီးခဲ့သော တိုင်းရင်းသား ဘာသာစကားများ သင်ကြားရေးကိုလည်း ပြန်လည် အသက်သွင်းရန် တရားဝင် ကြိုးပမ်း အားထုတ်မှုများအထိ ရှိလာခဲ့သည်။ သို့ရာတွင် ပညာရေး ပြုပြင်ပြောင်းလဲလိုသူများနှင့် အစိုးရ၏ ပညာရေးအာဂျင်ဒါတို့တွင်ဖြစ်စေ၊ ပညာရေး ပရော့ဂျက်များတွင်ဖြစ်စေ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အတွက် လမ်းကြောင်း ဖော်ဆောင်နိုင်မှုများမှာ အားနည်းလျက်ပင် ရှိနေသေးကြောင်း တင်ပြလိုပါသည်။ နိုင်ငံရေးပါတီအချို့နှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ အချို့တို့က ဦးဆောင်သော ပညာရေး ဆွေးနွေးပွဲများနှင့် တိုင်းရင်းသား နယ်မြေဒေသများရှိ ပညာရေးလုပ်ငန်းများ၊ စီမီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် အဦးအစ ခြေလှမ်းများ အနေဖြင့် မှတ်ယူနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု ပညာရေးဆိုင်ရာကိစ္စများကို ထည့်သွင်းလျက် ဆွေးနွေးခြင်းများ စတင် နေသည်ကို သတိပြုမိပါသည်။ တိုင်းရင်းသား ပြည်သူလူထု၏ လူမှု ပကတိအရှိတရားများ၊ လိုအပ်ချက် ဆန္ဒများအပေါ် အခြေခံလျက် တနိုင်တပိုင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ၊ စာသင်ခန်းအတွင်းထိ သက်ရောက်မှု ရှိစေသော သင်ရိုးညွှန်းတမ်း စံနှုန်းများ၊ သင်ကြားနည်းများ၊ အကြောင်းအရာများကိုလည်း ပြုပြင်ပြောင်းလဲလာခြင်းများမှာ ကိုယ့်ဝန်ကိုယ်ထမ်းလျက် ဖက်ဒရယ်ပညာရေးစနစ်ကို ဒေသန္တရအဆင့် တည်ဆောက်ရန် ကြိုးပမ်းမှုများအနေဖြင့် သုံးသပ်ရပါသည်။ ပညာရေးပြောင်းလဲမှုများနှင့် အငြင်းအခုံ အာဏာရယူထားသော ဦးသိန်းစိန်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနကလည်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ချက်များ မီဒီယာများတွင် မကြာမကြာ ဖတ်ရှုရသည်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမနှင့် နေပြည်တော်တို့တွင် “အမျိုးသား ပညာရေးဥပဒေ (မူကြမ်း)” ကို အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲများဖြင့် ကျင်းပကြကြောင်း သတင်းများပင်။ အခြားတဖက်တွင်လည်း အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများနှင့် အခြားပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ NGO များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ဆရာသမဂ္ဂများ စုဖွဲ့ထားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER တို့က ၂၀၁၄ အမျိုးသား ပညာရေးဥပဒေကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက် လျက်ရှိနေသည်။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူလူထု၏ ပညာရေးဆန္ဒအပေါ်တွင် အခြေမခံခြင်း၊ ကျောင်းသားထု၊ ကျောင်းဆရာ ဆရာမများကိုယ်တိုင် ပါဝင်ရေးဆွဲခွင့် မရရှိခဲ့ခြင်း၊ လူထုအကြံပြုချက်များအပေါ် ထည့်သွင်း စဉ်းစားမှု မရှိခြင်းများ၊ ပညာရေးလွတ်လပ်ခွင့် အလွန်အမင်း အားနည်းနေသေးခြင်း၊ ဗဟိုဦးစီးချုပ်ကိုင်မှု တင်းကျပ်နေဆဲဖြစ်သည့် အပြင် တိုင်းရင်းသားများ၏ ပညာရေးအခွင့်အရေးအပေါ် အခြေမခံထားခြင်း၊ မသန်စွမ်းကလေးငယ်များအတွက် ခွဲခြားထားသော ဥပဒေဖြစ်ခြင်း၊ ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်တို့ကို အာမခံချက် မပေးနိုင်ခြင်း စသည့် အချက်အလက်များအပေါ်တွင် ကန့်ကွက်ဆန့်ကျင်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။ ကျောင်းဆရာဆရာမများ၏ အလုပ်တန်ဖိုးနှင့် ဂုဏ်သိက္ခာတို့ကိုလည်း အမျိုးသား ပညာရေးဥပဒေက ကာကွယ်ပေးခြင်း၊ တိုးမြှင့် ဆောင်ရွက်ခြင်းတို့ အားနည်းကြောင်း ထောက်ပြထားသည်။ သင်ရိုးညွှန်းတမ်း ဆိုင်ရာ ကဏ္ဍတွင်လည်း မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများအတွက် လွတ်လပ်ခွင့် ပိုမို ရရှိသင့်ကြောင်း အကြံပြုထားကြသည်။ ပညာရေး အဆင့်အတန်း ကွာခြားချက် မရှိစေရန်အတွက် အနိမ့်ဆုံးစံသတ်မှတ်ချက် လိုအပ်နေဆဲ။ ပညာရေးအရည်အသွေး တိုးတက် ကောင်းမွန်စေရေးအတွက် သင်ကြားမှု-သင်ယူမှု နည်းလမ်းများ၊ ပညာရည်တိုးတက်မှုကို စစ်ဆေး အကဲဖြတ်သည့် စနစ်များနှင့် ပညာရေးအသုံးစရိတ် ဘတ်ဂျတ်ဆိုင်ရာ ပြဌာန်းချက်များတွင်လည်း အမြင်သဘောထား မတူကြပါ။ ဥပဒေပြဌာန်းခဲ့လေပြီ… သမ္မတဦးသိန်းစိန်ကလည်း အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ပါဝင်သည့် စနစ်တစ်ခုလုံးသည် နောင် ၁၃ နှစ် ကြာမှာသာ အားလုံး အကောင်အထည်ဖေါ်နိုင်မည်ဟု မှတ်ချက်ပြုကြောင်းလည်း ဖတ်ရှုရသည်။ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသော အမျိုးသား ပညာရေးဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခြင်း မရှိဘဲ ပြန်လည်ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည့် သဘောထား မှတ်ချက် ၂၅ ချက်တွင် ဤအချက်မှာ တစ်ချက်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် ပြင်ဆင်ချက် ၇၁ ချက်အပေါ် မူတည်ဆွေးနွေးပြီး အမျိုးသားပညာရေးဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ယင်းဥပဒေကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီးပါက ဥပဒေအဖြစ် ထုတ်ပြန် ပြဌာန်းနိုင်မည်ဖြစ်သည်။ အမျိုးသားပညာရေးဥပဒေကို ပြုစုရေးဆွဲသူများ၊ သဘောတူ ထောက်ခံသူများ၊ အတည်ပြု ပြဌာန်းသော အစိုးရနှင့် လွှတ်တော်.. စသည်တို့နှင့် အပြင်းအထန် ကန့်ကွက်ဆန့်ကျင်သူများအကြား ပညာရေး အတွေးအခေါ်၊ အယူအဆ၊ အကျင့်အကြံနှင့် ပညာရေးမူဝါဒတို့၏ အကွာအဝေးမှာကား အချိုးရာကြီးကြီးဖြင့် ပိုမို ဝေးကွာ၊ ကျယ်ပြန့် နက်ရှိုင်းခဲ့ရပြီ။ ဤသည်မှာလည်း အပြောင်းအလဲအတွက် မရှိမဖြစ် တရားဝင် အကွာအဝေးတစ်ခုဟူ၍ ဆိုချင်ပါသည်။ ဖက်ဒရယ်ပညာရေးအကြောင်း ပြောကြပါစို့ ပညာရေးဆိုင်ရာ ပြောင်းလဲမှုခေါင်းစဉ်များတွင် စိုးစဉ်းငယ်မျှ မကြားရ၊ မမြင်ရ၊ မဖတ်ရှုရသေးသည်မှာကား ဖက်ဒရယ်ပညာရေး အကြောင်းပင်ဖြစ်ပါ၏။ ခေတ်အဆက်ဆက် မျက်ကွယ်ပြုထားခဲ့ကြသည်၊ တလွဲ ပုံဖျက်ထားကြသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရန် လိုအပ်ချက်ကိုတော့ဖြင့် ၂၀၁၄-၂၀၁၅ မြန်မာ့နိုင်ငံရေးသမားများ ပိုမို စိတ်ဝင်စားမှု ရှိလာသည်ကို တွေ့ရပါသည်။ တိုင်းရင်းသားများ၏ ဘ၀များ၊ ဆန္ဒများ၊ ရှင်သန်မှုများနှင့် ထပ်တူကျနေသည်မှာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟူ၍ ကျွန်တော် သုံးသပ်မိပါသည်။ သို့ဖြစ်လေရာ ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် ပိုမို အာမခံချက်ပေးမည့် ဖက်ဒရယ်နိုင်ငံရေး စနစ်အကြောင်း၊ ဖက်ဒရယ် ပညာရေး စနစ်အကြောင်း၊ အသွေးအရောင်စုံယဉ်ကျေးမှုပညာရေးအကြောင်းနှင့် ၂၁ ရာစု၏ ငြိမ်းချမ်းရေးနှင့် သဟဇာတ သင်ရိုးညွှန်းတမ်းအကြောင်းတို့ကို အကျယ်တ၀င့် ဖွင့်ထုတ် ဆွေးနွေးသင့်ပြီဟုလည်း အကြံပြုလိုပါသည်။ ဒီမိုကရေစီ စံနှုန်းများအပေါ် အခြေခံထားသည့် ဖက်ဒရယ်ပညာရေးစနစ်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခရာကျကြောင်းကိုလည်း ဆွေးနွေး ပြောဆိုသင့်ပါသည်။ တိုင်းရင်းသားဒေသများအလိုက် ဖက်ဒရယ်ပညာရေးစနစ်ကို စတင်ကျင့်သုံးရန်လည်း တိုက်တွန်းလို ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် နိုင်ငံရေးအရ အဖြေရှာကြသည့်အချိန်နှင့် တပြိုင်နက်တည်းမှာ တိုင်းရင်းသားများကလည်း မိမိတို့ကိုယ်တိုင်ပင် ဖက်ဒရယ်ပညာရေးကို မူဒါဝဒများချမှတ်၍ ကျင့်သုံးသင့်ပါသည်။ ပြည်နယ်အတွင်းရှိ အာဏာပိုင်များနှင့် နိုင်ငံရေး သမားများ ပိုမို၍ နား၊ မျက်စိပွင့်လာစေရေးအတွက် ဖက်ဒရယ်ပညာရေး စာမျက်နှာများ ပေါ်ထွက်လာပြီး ဖက်ဒရယ်ပညာရေး ဆွေးနွေးသံများ စူးရှ ကျယ်လောင်ရပါလိမ့်မည်။ ယခုလမှစတင်၍ ဖက်ဒရယ်ပညာရေးအကြောင်းကို တင်ပြဆွေးနွေးသွားပါမည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ တိုင်းရင်းသား လူမျိုးစုများ အရေး၊ မျက်မှောက်ခေတ် ဒီမိုကရေစီနှင့် တန်းတူရေး လှုပ်ရှားမှုများအပေါ်တွင် ဖက်ဒရယ် ပညာရေးဆိုင်ရာ အားဖြည့် ဆောင်ရွက်နိုင်မှု များကို သုံးသပ်သွားမည်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အောင်မြင်စွာ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများ၏ ဖက်ဒရယ် ပညာရေး စနစ်အကြောင်းတို့ကိုလည်း ယှဉ်တွဲလေ့လာနိုင်စေရန် ဆက်လက်ဆွေးနွေးသွားပါမည်။ ဖက်ဒရယ်စနစ် Federalism ဖက်ဒရယ်ပညာရေးအကြောင်းကို အသေးစိတ် မဆွေးနွေးမီ ဆရာဆရာမများနှင့် မြန်မာကျောင်းသားလူငယ်များအတွက် နောက်ခံ ဗဟုသုတအနေဖြင့် သိရှိထားသင့်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်းကို နိဒါန်းမျှ ဦးစွာ မိတ်ဆက်တင်ပြ လိုပါသည်။ ထို့နောက် ဒီမိုကရေစီ၊ တန်းတူရေး၊ ဖက်ဒရယ်စနစ်တို့နှင့် ပညာရေးမူဝါဒများ အဆက်အစပ်ကို ဆက်လက်တင်ပြပါမည်။ စာသင်ခန်းတွင်းဒီိမိုကရေစီ၊ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ကျောင်း ပညာရေးစနစ်၊ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် သင်ရိုးညွှန်းတမ်းတို့ကိုလည်း အကျယ်တ၀င့် ဆွေးနွေးသွား ပါမည်။ မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများအတွက် ဖက်ဒရယ်ပညာရေးစနစ်အကြောင်းကို အဓိကအားဖြင့် မဏ္ဍိုင်ပြုလျက် ဤဆောင်းပါးစုကို ပြုစုရေးသားပါသည်။ ဖက်ဒရယ်စနစ်မှာ ကမ္ဘာ့နိုင်ငံရေးသမိုင်းစာမျက်နှာပေါ်တွင် ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်မျှသာ ရှိပါသေးသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိပြီး ထိုနိုင်ငံများတွင် အုပ်ချုပ်မှုပုံသဏာန်အမျိုးမျိုးနှင့် နောက်ခံ သမိုင်းများလည်း မတူ၊ ကွဲပြားကြပါသည်။ ဤနိုင်ငံများအနက် ဖက်ဒရယ် (သို့မဟုတ်) ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ်အား ကျင့်သုံးသော နိုင်ငံပေါင်းမှာ ၂၈ နိုင်ငံရှိသည်။ အချုပ်အားဖြင့် ဖက်ဒရယ် Federal စနစ်ဆိုသည်မှာ အစိုးရ နှစ်ရပ်ဖြစ်သော ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ)နှင့် (ပြည်နယ်အစိုးရ)၊ ဒေသန္တရအစိုးရအကြား အာဏာခွဲဝေ အုပ်ချုပ်သော စနစ်ဟူ၍ ဆိုနိုင်ပါသည်။ ဤသို့ဖြင့် အစိုးရ ၂ ရပ်အကြား အာဏာခွဲဝေမှုအား အခြေခံဥပဒေမှ သတ်မှတ်ပေးထားရသည်။ ဖြစ်လေ့ဖြစ်ထရှိသော အစိုးရ ၂ ရပ်အကြား အငြင်းပွားမှုနှင့် ပဋိပက္ခများ ရှိလာပါက သီးခြားလွတ်လပ်သော ခုံရုံး (သို့မဟုတ်) တရားရုံးများက အဆုံးအဖြတ် ပေးကြရ သည်။ အထူးသဖြင့် တာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုင်ရာ ရှင်းလင်းမှု မရှိသည့်အတွက် ပြဿနာ တတ်လေ့ရှိသည်။ နိုင်ငံတော် အာဏာ၏ မဏ္ဍိုင် သုံးရပ်ကို ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ ဟန်ချက်ညီ ခွဲဝေခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပါရှိသည်။ ဖက်ဒရယ် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အာဏာချိန်ခွင်လျှာ ညီမျှစေရန် ပြည်သူလူထုက ဆုံးဖြတ်ပိုင်းခြားပေးသည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အားသာချက်များ ဖက်ဒရယ်စနစ်၏ အားသာချက်များမှာ (၁) တိုင်းရင်းသားပြည်သူလူထုနှင့် ပိုမို နီးစပ်မှုရရှိခြင်း၊ (၂) ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ (၃) လူနည်းစု၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ် စောင့်ရှောက်ပေးနိုင်ခြင်း၊ (၄) စစ်မှန်သော ဖက်ဒရယ်မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဖြစ်ပေါ်စေခြင်း၊ (၅) (ဖက်ဒရယ်- ဗဟိုအစိုးရ) အနေဖြင့် တစ်နိုင်ငံလုံး၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးတို့ကိုအပေါ်တွင် ထဲထဲဝင်ဝင် အာရုံစိုက်လုပ်ဆောင်နိုင်ခြင်း၊ (၆) အုပ်ချုပ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအား လက်တွေ့ အားဖြင့် စမ်းသပ် အကောင်အထည်ဖေါ်နိုင်ခြင်း၊ (၇) အာဏာရှင်များ မပေါ်ထွက်လာစေရန် ကာကွယ်တားဆီးနိုင်ခြင်းတို့ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် အစိုးရအဆင့်ဆင့် (ဖက်ဒရယ်၊ ပြည်နယ်၊ ဒေသန္တရ) သည် တိုင်းရင်းသား ပြည်သူလူထုနှင့် ပိုမို နီးစပ် ထိတွေ့မှုများ ရှိသောကြောင့် လူထု၏ နိစ္စဓူဝ လိုအပ်ချက်များကို အလွယ်တကူ ခံစား သိမြင်နိုင်ကြသည်။ ပြည်သူများကလည်း ဆန္ဒသဘောထားတို့ကို အချိန်နှင့် တပြေးညီ လွယ်လင့်တကူ တင်ပြ ဆွေးနွေးနိုင်ကြသည်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများ၏ လိုအပ်ချက်များ၊ ဆန္ဒများနှင့်အညီ (သို့မဟုတ်) ဒေသခံများ သဘောတူ လက်ခံနိုင်စေရန် လုပ်ဆောင်နိုင်သည့်အပြင် စီမံကိန်းများ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများ မဖြစ်ပေါ်စေရန် ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အရေးများကို ရရှိနိုင်ခြင်းပင်ဖြစ်သည်။ ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ)နှင့် ပြည်နယ်အစိုးရတို့ကို အာဏာတန်းတူ ခွဲဝေထားခြင်းကြောင့် ပြည်နယ် အစိုးရများအား ဖက်ဒရယ်ပြည်ထောင်စု အစိုးရက ချုပ်ကိုင်ချယ်လှယ်နိုင်ခွင့် မရှိပါ။ သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ ချမှတ်သော ဥပဒေများအား ပြည်နယ်အစိုးရများက လိုက်နာ ဆောင်ရွက်ကြရသည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတွင် မျှတသော အခွန်တော်မှာ လွန်စွာ အရေးကြီးပါသည်။ ပြည်နယ်များအလိုက် အခွန် ကောက်ခံပြီးလျှင် ဖက်ဒရယ်အစိုးရထံ အချိုးကျ ခွဲပေးရသည်။ ပြည်နယ်တစ်ခုနှင့် တစ်ခု မတူညီနိုင်ပါ။ နိုင်ငံတကာ ကုန်သွယ်ရေးအား ဖက်ဒရယ်အစိုးရ ကိုင်တွယ်သော်ငြားလည်း ပြည်တွင်းကုန်သွယ်မှုကို ပြည်နယ်အစိုးရများ ဦးဆောင် တာဝန်ယူဆောင်ရွက်ကြသည်။ နယ်စပ်ကုန်သွယ်မှုများအတွက် ဖက်ဒရယ်မူဝါဒအတိုင်း ပြည်နယ်အစိုးရများ ဒေသအလိုက် ပြုပြင် ကျင့်သုံးခွင့် ရှိသည်။ နိုင်ငံတကာ ဆက်ဆံရေးကို ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) က ချုပ်ကိုင်သည်။ ဤသည်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုင်ရာ ပညာရေးသမားများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ လေ့လာ သိထားသင့်သော နောက်ခံအချက်အလက်များ အကျဉ်းချုပ်ဖြစ်သည်။ ဖက်ဒရယ်ပညာရေးစနစ်နိဒါန်း ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်တွင် (ဗဟို) အစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်နှင့် ၀တ္တရားတို့ကို ပိုင်းဖြတ်ပေး ထားပါသည်။ အထူးသဖြင့် ဖက်ဒရယ်အစိုးရသည် အမျိုးသားပညာရေးမူဝါဒများနှင့် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံစေမည့် ပညာရေး အစီအစဉ်များကို ချမှတ် ရေးဆွဲသည်။ ပညာရေးတန်းတူ ညီမျှခြင်း ကိစ္စရပ်များ၊ ကလေးတိုင်း ပညာ သင်ကြားခွင့် ရရှိရေး ကိစ္စများ၊ အရည်အသွေး မြင့်မားရေး ကိစ္စများနှင့် အဆင့်မြင့်နှင့် နိုင်ငံတကာပညာရေး၊ ပညာရှင်အဆင့် သုတေသန လုပ်ငန်းရပ်များကို တာဝန်ယူပါသည်။ ဖက်ဒရယ် ပညာရေးဝန်ကြီး ထားရှိပြီး ပါလီမန်တွင်လည်း ပညာရေး အတွင်းဝန်များ ထားရှိသည်။ ပြည်နယ်အလိုက် ပညာရေးဝန်ကြီးဌာနကို ထားရှိကြသည်။ ပညာရေး အသုံးစရိတ်အား ဖက်ဒရယ်အစိုးရ (ဗဟိုအစိုးရ) ၏ ပြဌာန်းချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက လွတ်လပ်စွာ တာဝန်ယူ ဆောင်ရွက်ရသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးတို့က တိုက်ရိုက် ၀င်ရောက်စွက်ဖက်မှု မရှိဘဲ ကိုယ်ပိုင်ကျောင်းများ၊ အမျိုးသားကျောင်းများတွင်မှာလည်း ကိုယ်ပိုင် မူဝါဒများ ချမှတ် ကျင့်သုံးနိုင်ခွင့် ရှိသည်။ တစ်ပြည်နယ်လုံးရှိ ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ခန်းအတွင်းရှိနေပြီး အရည်အသွေးမြင့် အခမဲ့ပညာရေး ရရှိစေရေးမှာ ပြည်နယ်အစိုးရများတွင် အဓိက တာဝန်ရှိသည်။ အနွမ်းပါးဆုံးမိသားစုမှ ကလေးငယ်များ အရည်အသွေးပြည့်မီသော အခြေခံပညာရေးကို ဆုံးခန်းတိုင်အောင် တက်ရောက်ခွင့် ရရှိရေးမှာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင်းရှိ ပြည်နယ်အစိုးရများ၏ ပင်မတာဝန်ဖြစ်သည်။ ပြည်နယ်အစိုးရ၏ အောင်မြင်မှုကို စစ်ဆေး တိုင်းတာနိုင်သော စံသတ်မှတ်ချက်တစ်ခုဟုလည်း ဆိုကြသည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်နယ်ပညာရေးဌာနက မိမိတို့ သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ ပြည်သူလူထု၏ ပညာရေးကို မူကြိုအဆင့်မှသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို လုံးဝ တာဝန်ယူ ဆောင်ရွက်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့် ရှိသဖြင့် သီးသန့်ကျောင်းများကိုလည်း ဖွင့်လှစ်ခွင့် ပေးထားပါသည်။ သက်မွေးဝမ်းကျောင်း ပညာရေးကို ပြည်နယ်အစိုးရများက တစ်စိတ်တစ်ဒေသ တာဝန်ယူပါသည်။ သက်မွေးဝမ်းကျောင်းပညာရေးနှင့် အဆင့်မြင့်တက္ကသိုလ်ပညာရေးမှာ မည်သည့် အစိုးရလက်အောက်တွင်မှ မရှိပါ။ ဖက်ဒရယ် အစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရများကဖြစ်စေ တက္ကသိုလ်ပညာရေးကို တိုက်ရိုက် ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။ ဆရာအတတ်သင် ပညာရေးကို အစိုးရလက်အောက်ခံ မဟုတ်သော ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရသော တက္ကသိုလ်များနှင့် ပြည်နယ်အစိုးရ ပညာရေးဌာနတို့က ပူးပေါင်း ဆောင်ရွက်သည်။ တက္ကသိုလ်များက ဆရာအတတ်ပညာသင်ကြားရေး၊ ဘွဲ့ချီးမြှင့် ပေးအပ်ခြင်းကိစ္စများ ဆောင်ရွက်ပြီး ပြည်နယ် အစိုးရများက အသိအမှတ်ပြု ဆရာအတတ်ပညာလိုင်စင်ကို ထုတ်ဝေးခြင်းဖြစ်သည်။ ပြည်နယ်အစိုးရများက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုက ပညာရေးဘွဲ့ ရရှိထားသူများ၏ ရိုးသားဖြောင့်မတ်မှု၊ ကလေးသူငယ်များနှင့် သင်ကြားရေးအလုပ် လုပ်ကိုင်နိုင်စွမ်း၊ သင်တော့်မှု ရှိ-မရှိ၊ အကျင့်စာရိတ္တနှင့် အခြား အချက်အလက်များကို စစ်ဆေးပြီးမှ သာလျှင် “သင်ကြားရေးလိုင်စင်” ထုတ်ပေးသည်။ ပညာရေးတက္ကသိုလ်မှ ဘွဲ့ဒီဂရီနှင့် ပြည်နယ်အစိုးရ အသိအမှတ်ပြု ဆရာအတတ်ပညာ လိုင်စင်ရရှိထားသူမှသာလျှင် စာသင်ခန်းအတွင်း ၀င်ရောက်ပြီး ကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။ ဆရာအတတ်ပညာ လိုင်စင် မရရှိပါက မဟာဘွဲ့များ၊ ပါရဂူဘွဲများ ရရှိထားသူများပင် ဖြစ်စေကာမူ ကျောင်း စာသင်ခန်းအတွင်း ၀င်ရောက်၍ စာသင်ကြားခွင့် မရှိပါ။ ဤသည်မှာ ဥပဒေပြုပြဌာန်းထားသည့် ဖက်ဒရယ် ပညာရေး ဆိုင်ရာ ဆရာအတတ်ပညာရေးကဏ္ဍ တစ်စိတ်တစ်ဒေသဖြစ်သည်။ ဆက်လက်ဖေါ်ပြပါမည်။ သိန်းနိုင် သံလွင်တိုင်းမ် ဂျာနယ်၊ အောက်တိုဘာလ ၃ ရက်၊၂၀၁၄၊ မော်လမြိုင်မြို့။ ဖက်ဒရယ်ပညာရေး - အပိုင်း (၃) သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့် ဖက်ဒရယ်ပညာရေး - အပိုင်း (၄) အဲဒါကို ဘာဖြစ်လို့ သင်ရမှာလဲ ဖက်ဒရယ်ပညာရေး - အပိုင်း (၅) လူမှုတရားမျှတမှုအတွက် ပညာရေး (ဆက်လက်ဆွေးနွေးပါမည်။) XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX "ဖက်ဒရယ်ပညာရေး (အပိုင်း ၃) - သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်" ******************************************************** Category: ပညာရပ်စာတမ်းများ Published on Monday, 24 November 2014 08:39 Written by သိန်းနိုင် မောက္ခ ပညာအဖွင့် ပညာရေးကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ ခေတ်စနစ်၏ လိုအပ်ချက်အရ၊ ရှင်သန်မှု လိုအပ်ချက်အရ ဖွင့်ဆိုကြခြင်းဖြစ်ရာ ဒေသအလိုက်၊ ခေတ်အလိုက် ကွဲပြားနိုင်ပါသည်။ ဘုံစံနှုန်းများ တူညီသည့်တိုင်အောင် ပညာရေး ဦးတည်ချက်မှာ ကွဲလွဲနိုင်ပါသည်။ ယေဘုယျ အဓိပ္ပါယ် ဖွင့်ဆိုချက်များထဲတွင် “လူသားတို့၏ ဘ၀ လိုအပ်ချက်များနှင့်အညီ လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေ ငြိမ်းချမ်းစွာ ရှင်သန် နေထိုင်နိုင်ရေး အတွက် ကြံစည်၊ စိတ်ကူး တီထွင် လုပ်ဆောင်နိုင်သည့် စွမ်းရည်များ ရရှိအောင် ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးခြင်း” ဟူ၍ ဖြစ်သည်။ မြန်မာ့ပညာရေးကို ဆရာစဉ်ဆက် ဖွင့်ဆိုခဲ့သည့် အမြင်တစ်ခုလည်း ဖြစ်၏။ ဖက်ဒရယ်ပြည်ထောင်စု၏ ပညာရေး မျှော်မှန်းချက်အနေဖြင့်လည်း ယေဘုယျ လက်ခံနိုင်စရာဟု ရှုမြင်ပါသည်။ သို့ရာတွင် မေးခွန်းများစွာ ပေါ်ထွက်လာပါသည်။ တိုင်းရင်းသားတို့၏ ဘ၀လိုအပ်ချက်မှာ အဘယ်နည်း၊ သူတို့၏ ရှင်သန်မှုအတွက် လိုအပ်သော စွမ်းရည်များကို မည်သို့ သတ်မှတ်ထားပါသနည်း၊ မည်သူတို့က ပြဌာန်း သတ်မှတ်ထားသော အရာများနည်း။ မည်သည့်စနစ်နှင့် လိုက်လျောညီထွေ ငြိမ်းချမ်းအောင် နေထိုင်ရပါမည်နည်း။ သေချာသည်မှာ ဖက်ဒရယ်ပြည်ထောင်စု လူမှုအဆောက်အအုံနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လွမ်းမော မျှော်ရည်တမ်းတ နေကြရဆဲ မြန်မာတိုင်းရင်းသားတို့ အဖို့ နှစ် ၅၀ မြန်မာ့ပညာရေးမှ ပြည့်ပြည့်၀၀၊ များများစားစား မရခဲ့ကြသေးခြင်းပင်။ ဤတွင် ပညာရေးစနစ်ထဲမှ သင်ရိုးညွှန်းတမ်းအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတော့သည်။ Federal-2 ဖက်ဒရယ် သင်ရိုးညွှန်းတမ်း သင်ရိုးညွှန်းတမ်းဟူ၍ ဆိုသည်နှင့် ဖတ်စာအုပ်များကိုသာ ပြေးမြင်ကြသည်မှာလည်း မြန်မာ့ပညာရေး၏ လွန်စွာ ကျဉ်းမြောင်းလှသော ဆိုးမွေတစ်ခုပင်။ ယေဘုယျဆိုရလျှင် သင်ရိုးညွှန်းတမ်းသည် ဘာသာရပ်များ၊ လက်တွေ့ လုပ်ဆောင်ချက်များနှင့် ကျောင်းသားများ၏ သင်ယူလေ့လာမှု အတွေ့အကြုံများကို စီစဉ်ထားရှိမှုပင်ဖြစ်သည်။ တန်ဖိုးတစ်စုံတစ်ရာရှိသော်ငြားလည်း ပြဌာန်းဖတ်စာအုပ်များကိုသာလျှင် ဆိုလိုခြင်း (လုံးဝ) မဟုတ်ပါ။ ထို့အတူ ဘာသာရပ် အသိပညာများ၊ ပုံစံချ သင်ကြားမှုများထက်လည်း ပိုမို လေးနက် ကျယ်ဝန်းပါသည်။ ပိုမိုစိုးရိမ်ဖွယ်ရာမှာ သင်ရိုးညွှန်းတမ်းစံနှုန်းများ မရှိသေးခြင်းပင်ဖြစ်သည်။ အတန်းနှင့် အသက်အရွယ်လိုက် တက်မြောက်ရမည့် စွမ်းရည်များအတွက် စံနှုန်း သတ်မှတ်ချက်များ လိုအပ်ပါသည်။ ဖက်ဒရယ်သင်ရိုး စံနှုန်းအပေါ်တွင် ထပ်ဆင့်၍ မတူကွဲပြားသော တိုင်းရင်းသား ကလေးများအတွက် ဒေသအလိုက် ဆက်လက်ပြီး သင်ရိုးညွှန်းတမ်း စံနှုန်းများကိုလည်း ပြဌာန်းပိုင်ခွင့် ထားရှိခြင်းဖြင့် ဖက်ဒရယ် ပညာရေး ရုပ်လုံးကြွ အသက်ဝင်လာပါမည်။ တိုင်းရင်းသားကလေးငယ်များ၏ မိသားစုအိမ်တွင်း၊ ရပ်ရွာအတွင်း၊ စာသင်ခန်းအတွင်း၊ ကျောင်းအတွင်း၊ ဓါတ်ခွဲ စမ်းသပ်ခန်းအတွင်း၊ စာကြည့်တိုက်အတွင်း၊ တောတောင်များအတွင်း၊ ကစားကွင်း အတွင်းနှင့် နိစ္စဒူဝ တွေ့ကြုံမှု အစုအဝေး တစ်ရပ်လုံးကို သင်ရိုးညွှန်းတမ်းဟူ၍ ၂၁ ရာစု ပညာရေးက အဓိပ္ပါယ်ဖွင့်ဆိုထားရှိသည်။ ဤအချက်ကို ဖက်ဒရယ် ပညာရေးစနစ်၏ သင်ရိုးညွှန်းတမ်း ကဏ္ဍတွင် မလွဲမသွေ ထည့်သွင်း စဉ်းစားရပါလိမ့်မည်။ ပညာရှင်အများစု၏ ယူဆချက်ကို ထင်ဟပ်စေသည့် သင်ရိုးညွှန်းတမ်း ဖွင့်ဆိုချက်အရ တိုင်းရင်းသား ကျောင်း ဆရာတို့သည် ရှေ့ဆောင်လမ်းပြသူဖြစ်သည် ဆိုပါက (ဤသည်မှာလည်း ရပ်ထဲရွာထဲ ပြောဆိုနေကျ မြန်မာစကား တစ်ရပ်ပင်...) သင်ရိုးညွှန်းတမ်းသည် အသိတရား အဖုံဖုံကို ရည်ညွှန်းသည့် လမ်းပြမီးရှုးတိုင်ပင်ဖြစ်သည်။ တိုင်းရင်းသားများကိုယ်တိုင် ဖန်တီး ထုဆစ်ထားသည့် သင်ရိုးညွှန်းတမ်း မီးရှုးတိုင်တော့လည်း ဖြစ်သင့်သည် မဟုတ်ပါလား။ ဖက်ဒရယ်စနစ်အတွင်း ကျောင်းသင်ရိုးညွှန်းတမ်းသည် တိုင်းရင်းသားတို့၏ ဦးတည်ရာ ပန်းတိုင်ကို တည့်မတ်စွာ ထားရှိသင့်ပြီး ကလေးများကို ရည်ရွယ်ချက်မဲ့၊ ဦးတည်ရာမဲ့ ဘ၀များဖြင့် ရှင်သန်နေ ကြရခြင်း အပါအ၀င် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုအတွက် ကံကြမ္မာနှင့် သူတပါး ဖန်တီးသည့် အခွင့်အရေး အပေါ်တွင် လုံးလုံးလျားလျား အမှီသဟဲပြုနေရခြင်း၊ မကြာခဏ ဘုရားတ နေရခြင်း ဘေးဒုက္ခများမှ ကင်းဝေးစေရန် ကာကွယ်ထား ရှိလေသည်။ ဖက်ဒရယ်ပညာရေးအတွက် စိန်ခေါ်မှုနှင့် နိုင်ငံရေး အ၀ိဇ္ဇာဘေး ဖက်ဒရယ် ဒီမိုကရေစီစနစ်တွင် အသိဥာဏ်ပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခုရှိနေပါသည်။ အထူးသဖြင့် ပညာရေး ဆိုင်ရာ စိန်ခေါ်မှုဟု ဆိုကြသည်။ နိုင်ငံရေးတွင် သက်ရောက်မှုများစွာ ရှိသော စိန်ခေါ်မှုဟူ၍လည်း ဆိုကြပါသည်။ ဒီမိုကရေစီ၏ ဆိုးပြစ်ဟူ၍ပင် တင်စား ထားကြသေးသည်။ သို့သော် ဖန်တီး၊ ဖြည့်ဆည်း ယူနိုင်ပါသည်။ ဖက်ဒရယ်မူအရ ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသန္တရ အဆင့်ဆင့်သော အုပ်ချုပ်သူအစိုးရများကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် ရှိသည့်အတွက် ပြည်သူပြည်သားများ၊ ပြည်နယ်သူပြည်နယ်သားများနှင့် ကျေးလက်လူထုတို့၏ နိုင်ငံရေးအသိဉာဏ် ပြည့်ဝမှု ရှိခြင်းမှာ စိန်ခေါ်ချက်ပင်ဖြစ်သည်။ သို့ဖြစ်လေရာ ရွေးကောက်ပွဲတွင်ဖြစ်စေ၊ အများနှင့် ဆိုင်ရာ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ဖြစ်စေ လူထု၏ အသိဥာဏ်ပညာ အားနည်းနေခြင်းက ချွတ်ချော်မှု၊ စံလွဲမှုနှင့် ဆုံးဖြတ်ချက်အမှားတို့ကို ဖြစ်စေနိုင်ပါသည်။ လှည့်စားတတ်သူများ၏ ကစားကွက်ထဲသို့ တိမ်းစောင်း ရောက်ရှိစေနိုင်လေသည်။ ဤသည်မှာ ပညာရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေး၏ တိုက်ရိုက် အချိုးကျမှုဟုလည်း ရှုမြင်နိုင်ပါသည်။ ၁၉၅၀ ၀န်းကျင်က ထုတ်ဝေခဲ့သော ကျောင်းအုပ်ကြီးမှသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးသန့်၏ “ပြည်ရေးပြည်ရာ သင်ကြားနည်း” စာအုပ်မှာ လွတ်လပ်စ မြန်မာ့ပညာရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်းကို ခေတ်မီ စေခဲ့မည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပညာရေးအတွက် နိဒါန်ပျိုး မိတ်ဆက်ပေးနိုင်သည်ဟု ဆိုရပါမည်။ စာအုပ်ထဲတွင် ပြည်သူပြည်သားကောင်း တစ်ဦးအနေဖြင့် လေ့ကျင့် ပျိုးထောင်ပေးရမည့် အသိဥာဏ်များ၊ စွမ်းရည်များနှင့် အတွေးအမြင်များကို တင်ပြထားခဲ့သည်။ စာသင်ကျောင်းများတွင် ဒီမိုကရေစီ နိုင်ငံရေးနှင့် ပြည်ရေးပြည်ရာတို့ကို အတိအလင်း ထည့်သွင်း သင်ကြားသင့်ကြောင်း ဦးသန့်က တင်ပြထားခဲ့သည်။ သို့မှသာလျှင် အရွယ်ရောက်ချိန်၊ ဆန္ဒမဲ ပေးချိန်တို့တွင် နိုင်ငံရေး အသိတရား ရှိရှိ ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ မိမိနိုင်ငံနှင့် မိမိ ပြည်နယ်၊ မိမိ ရပ်ကျေးတို့ကို အုပ်ချုပ်မည့်သူများ ရွေးချယ်ရာတွင်ဖြစ်စေ၊ ဥပဒေပြု ပြဌာန်းရာတွင်ဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ အကျင့်အကြံနှင့် စံနှုန်းတို့ကို ပြည်နယ်အတွင်းရှိ ပြည်သူတို့က ထိန်းသိမ်းထားနိုင်မည်။ ဤသင်ရိုးညွှန်းတမ်းမှာ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေးရှုခင်းမှ လုံးဝ ကွယ်ပျောက်ခဲ့ရလေသည်။ ဖက်ဒရယ်ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်သည့် ပြည်သူ့နီတီနှင့် နိုင်ငံသားပညာရေးဘာသာ သင်ရိုးညွှန်းတမ်းကို ပြန်လည် အသက်သွင်းရန် တိုက်တွန်းလိုပါသည်။ နိုင်ငံရေးနှင့်လူမှုရေးအရ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိသူများအနေဖြင့် ပျိုးထောင်ပေးမည့် ဘာသာရပ်ဖြစ်လေရာ လူနည်းစု တိုင်းရင်းသားကလေးငယ်များအတွက် ပိုမို အရေးကြီးလှသည်။ ပညာရေး သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာသိန်းလွင်က သူ၏ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ပညာရေး စာတမ်းထဲတွင် ဒီမိုကရေစီပညာရေး၏ သင်ရိုးညွန်းတမ်း စံနှုန်းသတ်မှတ်ချက်မှာ အရေးကြီးကြောင်း တင်ပြထားသည်။ သင်ရိုးညွှန်းတမ်း စံကို သတ်မှတ်သည့် နေရာတွင် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်ရှိသူများက တနိုင်ငံလုံး လိုက်နာသင့်သော အနိမ့်ဆုံးစံ သတ်မှတ်ခြင်းဖြင့် စတင်ခြင်းဖြစ်သည်။ အနိမ့်ဆုံးစံဆိုသည်မှာလည်း ပြည်နယ်အားလုံးနှင့် ကိုက်ညီနိုင်မည့်၊ လိုက်လျောညီထွေ ရှိနိုင်မည့်၊ နိုင်ငံတကာ စံနှုန်းများနှင့် လူသားဆိုင်ရာ တန်ဖိုး သတ်မှတ်ချက်များပင်ဖြစ်သည်။ တိုင်းရင်းသား ပြည်နယ်များအလိုက် တာဝန်ရှိသူများနှင့် တိုင်းရင်းသား ပညာရှင်များက ဤအနိမ့်ဆုံးစံ သတ်မှတ်ချက်များကို အခြေခံပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးစံ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရှုခင်းနှင့် ရှင်သန်မှု လိုအပ်ချက်များနှင့် ကိုက်ညီမည့် တိုင်းရင်းသား ပြည်နယ်သင်ရိုးညွှန်းတမ်း စံနှုန်းဘောင်ကို ထပ်ဆင့် တည်ဆောက်နိုင်ခွင့် ရှိသင့်ပါသည်။ ဤသည်မှာ ဖက်ဒရယ်ပညာရေး၏ သင်ရိုးညွှန်းတမ်း အခွင့်အာဏာကို မျှဝေခြင်းဟူ၍လည်း ရှုမြင်နိုင်သည်။ လူမျိုးအပေါ် အခြေခံ မခံဘဲ တည်ဆောက်ထားသည့် ဖက်ဒရယ်စနစ်များဖြစ်သည့် သြစတြေးလျား၊ အမေရိကန်၊ ကနေဒါတို့တွင်လည်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်ကို ပြဌာန်းထားရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီဟု ခေါ်ဝေါ်သည့် အိန္ဒိယနိုင်ငံ၏ ပညာရေး စနစ်တွင်လည်း ဗဟိုအစိုးရ၏ ပညာရေးအခွင့်အာဏာနှင့် ပြည်နယ်အစိုးရတို့၏ အခွင့်အာဏာကို သင်ရိုးညွှန်းတမ်း ဖန်တီး တည်ဆောက်ပိုင်ခွင့်နှင့် ပညာရေး လွတ်လပ်ခွင့်အပေါ်တွင် အခြေခံထားပါသည်။ သင်ရိုးညွှန်းတမ်းမှာ အနာဂတ်လမ်းကြောင်းကို ဖေါ်ဆောင်ရန် တာဝန်ယူထားခြင်းပင် မဟုတ်ပါလား။ တိုင်းရင်းသား ပါရာဒိုင်အရွေ့များ (paradigm shifts) - စနစ်များ၏ အခြေခံကျကျ ပြောင်းလဲခြင်း - အတွက် ကျောင်းသင်ရိုးညွှန်းတမ်းမှာ အခရာ ကျပါသည်။ ဖက်ဒရယ် သင်ရိုးညွှန်းတမ်းစံနှုန်းကို တည်ဆောက်ရန်အတွက် အကြံပြုလိုပါသည်။ နိုင်ငံရေး အ၀ိဇ္ဇာဘေးဒုက္ခ၊ ဘ၀၏ ဆင်းရဲမှုဒုက္ခနှင့် လူမှုအနိဌာရုံ ဒုက္ခအစုစုတို့က ကင်းလွတ်စေလျက် ဖွံဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခတရားကို ဆောင်ကျဉ်းပေးနိုင်စေရန် ဖက်ဒရယ်ပညာရေး စံသတ်မှတ်ချက်နှင့် သင်ရိုးညွှန်းတမ်း အခွင့်အာဏာ ခွဲဝေမှုကို မြန်မာတိုင်းရင်းသား ပညာရေးစာမျက်နှာများက အပူတပြင်း တောင်းဆိုလျက်ရှိ နေလေသည်။ ဤပညာရေး စာမျက်နှာများ မပါရှိပါက ဖက်ဒရယ်စာချုပ်များ၊ ဥပဒေများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ တိုင်းရင်းသား ကလေးငယ်တို့၏ အနာဂတ်ဘ၀များကို လျစ်လျူရှုရာ ရောက်နေပါလိမ့်မည်။ ကိုယ့်သင်ရိုးညွှန်းတမ်း ကိုယ်ဖန်တီးခွင့် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ပညာရေးဥပဒေတို့တွင် မသင်မနေရ ပညာရေးကဏ္ဍကိုတော့ ထည့်သွင်း ထားခဲ့ကြပါသည်။ ၁၉၄၇ မှသည် ၁၉၇၄နှင့် ၂၀၀၈၊ ထို့နောက် အငြင်းပွားဖွယ်ရာ ၂၀၁၄ အမျိုးသား ပညာရေး ဥပဒေအထိ။ ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၊ အခြေခံပညာရေးဥပဒေအတိုင်း နှစ်ပေါင်း ၄၁ နှစ်အထိ ပညာရေးစနစ်နှင့် အခြေခံမူများကို မပြု၊ မပြင်၊ မပြောင်းမလဲဘဲ ကျင့်သုံးခံသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံရေး စနစ်မှာလည်း အလားတူ အပြောင်းအလဲ မရှိခဲ့ကြောင်း ထင်ရှားပါသည်။ သင်ရိုးညွှန်းတမ်းများမှာ အဖိုး လက်ထက်ကတည်း ဖတ်စာအုပ်များအတိုင်းပင်။ များစွာ မပြောင်းလဲခဲ့ပါ။ ၂၀၁၂ ခုနှစ် ပြုပြင် ပြောင်းလဲရေး နိဒါန်းကာလ မတိုင်မီအထိ တင်းကျပ်လွန်းလှသည့် ဗဟိုဦးစီးချုပ်ကိုင်မှု ပညာရေးစနစ်တွင် လွန်စွာ တင်းကျပ်လွန်းလှသည်။ တိုင်းရင်းသားများနှင့် ပြည်နယ်အသီးသီး၏ ပညာရေး လုပ်ပိုင်ခွင့်များ လုံးဝ ဥဿုံ ပျောက်ဆုံးနေခဲ့သည်။ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့နှင့် ဘာသာစာပေ၊ ယဉ်ကျေးမှုတို့ကို အာဏာရ အစိုးရများက ခွင့်မပြုခဲ့သည့်အပြင် တိုင်းရင်းသားတို့၏ ကိုယ်ထူကိုယ်ထ ကြိုးပမ်း လုပ်ဆောင်မှုများမှာလည်း အနှောက်အယှက်မျိုးစုံဖြင့် ရင်ဆိုင်ခဲ့ကြရကြောင်း သတင်းမှတ်တမ်းများက ဆိုပါသည်။ မွန်စာပေသင်ကြားမှုများမှာ ပုံစံမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများအထိ ဆယ်စုနှစ်များစွာ ခံစားခဲ့ကြရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်အစိုးရများတွင် ပညာရေးတာဝန်အချို့ကို လုပ်ဆောင်ခွင့် ပြုခဲ့သော်ငြားလည်း ပြည်ထောင်စုအစိုးရ၏ တင်းကျပ်လွန်း လှသော ချုပ်ကိုင်မှုအောက်တွင် ထားရှိဆဲဖြစ်သည်။ ပြည်နယ်အဆင့် ပညာရေးဝန်ကြီးဌာနများကို သတ်သတ်မှတ်မှတ် မထားရှိသေးပါ။ ၀န်ကြီးဌာနအဆင့် ထားရှိရန် ပြည်နယ်များစွာတွင် လိုအပ်နေဆဲ။ ပြည်နယ်အဆင့် ပညာရေးဝန်ကြီးဌာနများမှာ ယခုထက် ပိုမို လွတ်လပ်သော ပညာရေးစီမံခန့်ပိုင်ခွင့်နှင့် သင်ရိုးညွှန်းတမ်း သြဇာ လိုအပ်ပါသည်။ ဖက်ဒရယ်ပညာရေးစနစ် သရုပ်သကန် ပေါ်လွင်လာစေရန် တိုင်းရင်းသား ပြည်နယ်များအနေဖြင့် ပိုမို အားထုတ်ရပါဦးမည်။ အမျိုးသားပညာရေးဥပဒေ၏ အခန်း (၂) အပိုဒ် ၃ တွင် အခြေခံပညာရေး ရည်မှန်းချက်များကို ဖေါ်ပြ ထားရှိသော်ငြားလည်း ယင်းရည်မှန်းချက်များကို ပြည်နယ် အစိုးရများ အနေနှင့် အဓိက တာဝန်ယူ အကောင်အထည်ဖေါ် ဆောင်ခွင့်ထက် ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ကြီးကြပ် ကွပ်ကွဲမှုအောက်တွင်သာ လုပ်ဆောင်မည် ဟူ၍ ဆိုလိုရင်း ရှိပုံရသည်။ ထို့အတူ အခန်း (၃) အခြေခံပညာရေးဆိုင်ရာ မူများ ကဏ္ဍတွင်လည်း တိုင်းရင်းသား ပြည်နယ်များအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လမ်းညွှန်ထားရှိခြင်း မတွေ့ရပါ။ သို့ဖြစ်လေရာ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ ပညာရေးကွန်ယက် MINE က အမျိုးသားပညာရေး ဥပဒေကြမ်းထဲတွင် တိုင်းရင်းသားတို့ လိုချင်သော ပညာရေးစနစ်မျိုး မဟုတ်သေးကြောင်းနှင့် မိခင်ဘာသာစကားများ သင်ကြားခွင့်မှာလည်း စံလွဲနေကြောင်းကို ထောက်ပြထားခြင်းဖြစ်သည်။ ပညာရေးဥပဒေ ပြုစုရေးဆွဲမည့်သူများသည် မတူကွဲပြားသော တိုင်းရင်းသားများ အကြောင်းကို အကျေအလည် လေ့လာထားရှိသင့်ကြောင်းနှင့် တိုင်းရင်းသားတို့ကိုယ်တိုင် မိမိတို့ ပညာရေး စနစ်ကို လွတ်လပ်စွာ ဖန်တီးတည်ဆောက်ခွင့် လိုအပ်နေကြောင်း ထပ်ဆင့်တင်ပြထားလေသည်။ တိုင်းရင်းသား ပညာရေးနှီးနှောဖလှယ်တစ်ခုတွင် ကချင်သမိုင်းဆရာတစ်ဦးက သူငယ်တန်းမှ ဒသမတန်းအထိ ပြည်တွင်းဖတ်စာအုပ်များတွင် ကချင်နှင့် ပတ်သက်ပြီး စကားလုံး ၂၆ လုံးမျှသာ ပါရှိကြောင်း လေ့လာတင်ပြခဲ့ဖူးသည်။ ဤဖတ်စာအုပ်များကို ကချင်ပြည်နယ်တစ်ခုလုံးတွင် ပုံစံတစ်မျိုးတည်းနှင့် အသုံးပြုကြရသည်။ မျိုးနွယ်စုတို့ ရှင်သန်ရန်အတွက် များစွာ စိုးရိမ်ဖွယ်ရာပင်ဖြစ်၏။ မိခင်ဘာသာစကားအပြင် သင်ရိုးမဏ္ဍိုင်ဘာသာစကား၊ သင်ရိုးညွှန်းတမ်း၏ ကျယ်ပြန့်၊ မျှတမှု၊ ဒေသန္တရနှင့် ကိုက်ညီမှု၊ ခေတ်မီသစ်လွင်မှုတို့အတွက် ပညာရေး သုတေသနများနှင့် သင်ရိုးညွှန်းတမ်းစစ်တမ်းများ လိုအပ်ပါလိမ့်မည်။ အထူးသဖြင့် မြန်မာတနိုင်ငံလုံးရှိ ကျောင်းသူကျောင်းသား ၈ ဒသမ ၇ သန်းထဲတွင် မိခင်ဘာသာစကား ဗမာစကား မဟုတ်သော ကလေးငယ် ၃ ပုံ ၂ ပုံခန့် အတွက် နစ်နာမှု မရှိစေရန် ပညာရေးဥပဒေက တာဝန်ယူရပါလိမ့်မည်။ (ဘာသာစကားများနှင့် ပတ်သက်ပြီး သီးသန့်ဆွေးနွေးပါဦးမည်။) ဖက်ဒရယ် အနာဂတ်လူ့ဘောင်ကို ဖန်တီးမည့် တိုင်းရင်းသား ကလေးငယ်တို့၏ သင်ရိုးညွှန်းတမ်းတွင် အဘယ်အရာတို့ကို ထင်ရှားစေသင့်ပါသနည်း။ အ သုံးလုံးကို ကျော်လွန်ပြီးလျှင် ၂၁ ရာစု ပညာခေတ်၏ တိုးပွားလာနေသော အ အလုံးကလေး ၃၀ ကို ကျောင်းပညာရေးမှ ဖြည့်ဆည်းပေးရတော့မည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အမျိုးသားအမှတ်အသား လက္ခဏာ၊ ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ကလေးငယ်၏ ကိုယ်ကာယ ဖွံ့ဖြိုးမှု၊ စိတ်နှလုံးသား သိမ်မွေ့မှု၊ ခံစားမှု လန်းဆန်းစေခြင်း၊ ကိုယ့်ကျင့်စာရိတ္တ၊ အခွင့်အရေး၊ အသိပညာ၊ မီဒီယာ၊ လူမှုဆက်ဆံရေး၊ ကျင့်ဝတ်နီတိနှင့် ပုဂ္ဂလ သက်မွေးဝမ်းကျောင်းဆိုင်ရာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်နိုင်ရန်မှာ တိုင်းရင်းသား ပြည်နယ်အဆင့် ကျောင်းသင်ရိုးညွှန်းတမ်းကို လွတ်လွတ်လပ်လပ် တည်ဆောက်နိုင်ခွင့် ရှိရပါမည်။ တင်းကျပ်လွန်းသော ဗဟိုချုပ်ကိုင်မှု မရှိဘဲ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်လည်း လိုအပ်သည်။ ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် တိုက်ရိုက်ပတ်သက်နေသော ဖက်ဒရယ် ပညာရေးမူဝါဒမှာ ကိုယ့်သင်ရိုးညွှန်းတမ်းကို ကိုယ်ကိုယ်တိုင် ဖန်တီး ရေးဆွဲခြင်းပင်ဖြစ်ပါကြောင်း။ သိန်းနိုင် သံလွင်တိုင်းမ်ဂျာနယ် (နိုဝင်ဘာ ၂၀၁၄)၊ မော်လမြိုင်မြို့။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx "ဖက်ဒရယ်ပညာရေး (အပိုင်း ၄)" ************************** Category: ပညာရပ်စာတမ်းများ Published on Friday, 02 January 2015 23:32 Written by သိန်းနိုင် သနားစရာ ပညာရေး အငြင်းအခုံများ နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခရာ ကျသကဲ့သို့ ကျောင်းပညာရေးတွင် သင်ရိုးညွှန်းတမ်းမှာ အခရာကျပါသည်။ သင်ရိုးညွှန်းတမ်းအရသာလျှင် ပညာရေး၏ အရေအတွက်နှင့် အရည်အသွေး တိုးတက်နိုင်မည်။ သင်ရိုးညွှန်းတမ်းအရသာလျှင် ပညာရေးမှတဆင့် လိုလားအပ်သော လူ့အဖွဲ့အစည်း အပြောင်းအလဲကို ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်လေရာ သင်ရိုးညွှန်းတမ်းမှာ အပြောကျယ်ပြန့်လှသော သဘောသဘာဝ ရှိပါသည်။ အလေးအနက်ထားကြရမည့် အရေးကြီး ပညာရေးကိစ္စ တစ်ရပ်ဖြစ်ရုံမျှ သာမကဘဲ နိုင်ငံရေးအရလည်း နက်နက်ရှိုင်းရှိုင်း ပတ်သက် ဆက်နွယ်နေလေသည်။ ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းအပေါ် ပညာရှင်တို့ အကြား အမြင်မတူ၊ ကွဲပြား ခြားနားမှုများစွာ ရှိရခြင်းမှာ နောက်ခံ နိုင်ငံရေးအယူအဆ၊ အတိမ်းအညွတ်၊ လားရာအမြင်နှင့် ပုံဖေါ် ဖန်တီးလိုသည့် လူ့အဖွဲ့အစည်း တည်ဆောက်မှုတို့နှင့်လည်း ဆက်နွယ်နေခြင်းကြောင့်ပင်။ ဒီမိုကရစ်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများတွင် ကျောင်းသင်ရိုးညွှန်းတမ်း စံနှုန်းများနှင့် မူဘောင်ကို ၄ နှစ် တစ်ကြိမ် ပြင်ဆင် ပြောင်းလဲ ရေးဆွဲကြပါသည်။ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသော်ငြားလည်း ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းကို ပြီးပြည့်စုံသော အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် မဟုတ်ပါချေ။ မြန်မာ့ပညာရေးသမားများ၊ ကျောင်းဆရာဆရာမများ၊ နိုင်ငံရေးသမားများအပါအ၀င် ကျောင်းသားမိဘများတွင်လည်း မိမိတို့ ကိုယ်ပိုင်အမြင်များဖြင့် ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းကို အဓိပ္ပါယ် ဖွင့်ဆိုနေကြလေသည်။ နေပြည်တော်မှဖြစ်စေ၊ တိုင်းရင်းသား ပညာရေးဌာနများအနေဖြင့်ဖြစ်စေ၊ ကျောင်းသား သမဂ္ဂများမှဖြစ်စေ “ပညာရေး” ဟူသော အဓိပ္ပါယ်ကို ဖွင့်ဆိုချက်များမှာ မတူညီကြောင်း တွေ့ရှိရသည်။ ထပ်တူကျသော အမြင်ဟူ၍ မရှိနိုင်ပါ။ ပညာရှင် ဆော်လ်တစ် (၁၉၇၈) ခုနှစ်၏ ဥပမာကို ကိုးကားပြီး အခြားပညာရှင်တစ်ဦးဖြစ်သူ ပို့တယ်လီမှ ဤသို့ မှတ်ချက်ချခဲ့သည်။ “သင်ရိုးညွှန်းတမ်း၏ အဓိပ္ပါယ် ဖွင့်ဆိုမှုကို ရှာပုံတော် ဖွင့်နေသူများမှ သနားစရာပင် ဖြစ်တော့သည်။ သားရဲတိရိစ္ဆာန်တို့ကို ဘေးမဲ့လွှတ်ထားသော ဆာဖရီတောနက်ထဲတွင် သေနတ်ငယ်လေး တစ်လက်နှင့် အမဲလိုက် မုဆိုးသဖွယ်နှင့်ပင် တူနေတော့သည်။” ဤပြက်ရယ်ပြုချက်အပေါ်တွင် အလေးအနက် ထားသင့်ပါသည်။ သို့ရာတွင် ဖက်ဒရယ်မြန်မာ့ပညာရေးတွင် နိုင်ငံတကာစံနှုန်းမီ သင်ရိုးညွှန်းတမ်း အဓိပ္ပါယ်ကိုတော့ဖြင့် ဖက်ဒရယ်ပညာရေးမူ အရဖြစ်စေ၊ သက်ဆိုင်ရာ ပြည်နယ်အလိုက်ဖြစ်စေ၊ ရှင်းလင်းရပါမည်။ ကျောင်းသားသမဂ္ဂများ၏ ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသော နေပြည်တော်၏ ၂၀၁၄ အမျိုးသား ပညာရေးဥပဒေ၊ အခန်း (၁) အပိုဒ် (လ) တွင် သင်ရိုးညွှန်းတမ်းကို ဤသို့ဖွင့်ဆို ရှင်းလင်းထားရှိသည်။ “… (လ) သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပညာရေး ရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍ သင်ယူမှု ရလဒ်များ၊ သင်ရိုးဝင် အကြောင်းအရာများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် တတ်မြောက်မှု စစ်ဆေးခြင်းတို့ အပါအ၀င် ကျောင်းတွင်းနှင့် ကျောင်းပြင်တို့၌ လေ့လာသင်ယူရမည့် ပညာရပ်နယ်ပယ်အလိုက် စနစ်တကျ ရေးဆွဲ သတ်မှတ်ထားသော အစီအစဉ်များကို ဆိုသည်။” ယေဘုယျကျသော ဤအဓိပ္ပါယ် ဖွင့်ဆိုချက်ထဲတွင်လည်း ဖက်ဒရယ် ပညာရေးဆိုင်ရာ မေးခွန်းများ ပါရှိနေပါသည်။ အထူးသဖြင့် “ပညာရေးရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍” ဟု ဆိုထားရာ ဤသင်ရိုးညွှန်းတမ်းများက တိုင်းရင်းသားတို့၏ ပညာရေး ရည်မှန်းချက်များ အပေါ်တွင် ရာခိုင်နှုန်းမည်မျှ ပေါက်ရောက် အောင်မြင်စေနိုင်ပါသနည်း။ ပညာရေး ရည်မှန်းချက်များမှာ နိုင်ငံရေးစနစ်အတွက် မောင်းနှင်အားဖြစ်ခြင်းနှင့် အနာဂတ်လားရာအတွက် ကိရိယာလည်းဖြစ်သည့် အချက်များကိုတော့လည်း တိုင်းရင်းသားတို့က ထည့်သွင်း စဉ်းစားရပါလိမ့်မည်။ အထောက်အကူပြု “ငြမ်း” သဖွယ် သင်ရိုးညွှန်းတမ်း သင်ရိုးညွှန်းတမ်းများမှာ သင်ကြားရေးနှင့် သင်ယူရေးတို့ကို ထောက်ကူပေးထားသော ကိရိယာဟု တင်စား ခေါ်ဝေါ်ကြပါသည်။ ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းထဲတွင် အင်္ဂါစဉ် ၄ ပိုင်းပါရှိပါသည်။ (၁) သင်ယူရမည့် အကြောင်းအရာ၊ (၂) သင်ယူခြင်း-သင်ကြားခြင်းနည်းနာ၊ (၃) ပညာရပ်အလိုက် အတိမ်-အနက်၊ အကျယ်အပြန့်၊ အစီအစဉ်၊ (၄) တတ်မြောက်မှုကို စစ်ဆေးခြင်းတို့ဖြစ်သည်။ ဤ ၄ ပိုင်းမှာလည်း တစ်ခုနှင့် တစ်ခု ထပ်နေပြီး ဆက်နွှယ်မှုများစွာ ရှိ၏။ ဆရာများအတွက် လမ်းညွှန်ပေးခြင်းနှင့် အောက်ပါမေးခွန်းတို့ကိုလည်း ဖြေဆိုပေးထားသည်။ - ဘာကို သင်ယူရမှာလဲ (၁ - အကြောင်းအရာ) - ဘယ်လို သင်ပေးရမလဲ (၂ - နည်းနာ) - ဘယ်လောက် နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် သင်ပေးရမလဲ (၃ - အတိမ်-အနက်) - ကျောင်းသားတွေ တကယ်ပဲ နားလည်တတ်မြောက်တယ်ဆိုတာ ဘယ်လို သက်သေပြနိုင်မလဲ (၄- စစ်ဆေးခြင်း) ဖက်ဒရယ်ပြည်ထောင်စု၏ သင်ရိုးညွှန်းတမ်း စံနှုန်းများ၊ အညွှန်းဘောင်က အထက်ပါ မေးခွန်းများကို ဆရာဆရာမမျာ၊ မိဘများ၊ ကျောင်းသားများနှင့် ပြည်သူလူထုအတွက် ဖြေဆိုပြထားခြင်းပင်။ ပါးလွှာလှသော သင်ရိုးညွှန်းတမ်း စံနှုန်းများ အညွှန်းဘောင်မှာ ဖက်ဒရယ်ပညာရေး၏ ထောက်တိုင်အနေဖြင့် တည်ရှိနေနိုင်ပါသည်။ ဖက်ဒရယ် သင်ရိုးညွှန်းတမ်း မူဝါဒကို တနိုင်လုံးရှိ လူတန်းစား အလွှာအသီးအသီက အကျေအလည် လေ့လာ ဆွေးနွေးပြီး ပါလီမန်တွင် အတည်ပြုပြီးသည့်နောက်ဝယ် ပြည်နယ်များအလိုက် လွတ်လပ်စွာဖြင့် ဖတ်စာအုပ်များ၊ သင်ကြားရေး အစီအစဉ်များကို ထပ်ဆင့် ရေးဆွဲနိုင်ကြသည်။ ကျွမ်းကျင်သူ တိုင်းရင်းသားပညာရှင်များက ဖက်ဒရယ်ပညာရေးမူအပေါ် အခြေခံလျက် သင်ရိုးဝင် ဖတ်စာအုပ်များကို သက်ဆိုင်ရာ ဒေသ၊ ပြည်နယ်အလိုက် ရေးဆွဲခွင့် အပြည့်အ၀ရှိသည်။ ဖက်ဒရယ်မူနှင့် မဆန့်ကျင်လျှင် လုံလောက်ပြီ။ သူတို့တွင် ဒေသနှင့် ပြည်နယ်များ ဗဟုသုတ၊ ပညာရေးလိုအပ်ချက်နှင့် ပညာရပ်ဝမ်းစာ ပြည့်ဝထားသူများ မဟုတ်ပါလား။ ဤသည်မှာလည်း academic freedom ဟု ခေါ်ဆိုသည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပညာရှင်လွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသား ပြည်နယ်များ၏ ပညာရေးအာဏာဟု ခေါ်ဆိုနိုင်ပါသည်။ ကျောင်း ဆရာများက နှစ်သက်ရာ ဖတ်အုပ်များကို ရွေးချယ် အသုံးပြုခွင့်ရှိနေပြီ။ ပညာရေးဈေးကွက်အရ ပိုမိုလွတ်လပ်၊ တိုးတက်သော သင်ရိုးဝင် ဖတ်စာအုပ်များ၊ ကလေးများအတွက် ဆွဲဆောင်မှု ရှိသော ဖတ်စာအုပ်များ၊ မင်ရောင် စိုပြေသော၊ ခေတ်မီ သစ်လွင်သော ဖတ်စာအုပ်များကို ဤပြည်နယ်တို့က ပိုင်ဆိုင်ကြမည်။ ကြီးပြင်းလာနေကြဆဲ ပြည်နယ်သားငယ်၊ ပြည်နယ်သမီးငယ်တို့ စိတ်ဝင်စားမှုအပြည့်၊ ခံစားချက် အပြည့်၊ ပြည်နယ်ကလေး ဗဟိုပြုနည်းနာများ၊ တိုင်းရင်းသားဗဟိုပြု အကြောင်းအရာများကို ကမ္ဘာကြီးနှင့် ရင်ဘောင်တန်း လေ့လာ လိုက်စားနိုင်ကြပါလိမ့်မည်။ အဲဒါကို ဘာဖြစ်လို့ သင်ရမှာလဲ - ဆရာမ။ ဒီထက်ပိုကောင်းတာ မရှိတော့ဘူးလား။ အထက်ပါ ပညာရေးတစ္ဆေ မေးခွန်းကို ကလေးငယ်များထံမှ မကြာမကြာ ကြားနေရပါသည်။ လွန်စွာ တရားဝင်လှသော မေးခွန်းပင်။ သူတို့ကိုယ်ပိုင် လေ့လာလိုသော အရာများလည်း ရှိနေသေးသည် မဟုတ်ပါလား။ စာသင်ခန်းအတွင်းတွင်သာ မဟုတ်ဘဲ ကျောင်းဝင်း၊ လမ်း၊ အိမ်၊ ရွာနှင့် ကစားကွင်းတို့တွင်လည်း တရစပ်ပင် သင်ယူ လေ့လာနေကြလျက်။ သြစတြေးလျားနိုင်ငံမှ သင်ရိုးညွှန်းတမ်း အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ Garth Boomer က ဤသို့မိန့်ဆိုပါသည်။ “စာသင်ကျောင်းများက ဤအချက်ကို အလေးအနက်ထား သင့်ပါတယ်၊ ကလေးတွေရဲ့ ကိုယ်တိုင်သင်ယူလိုတဲ့ အကြောင်းအရာများနဲ့ စာသင်ခန်းတွင်း အစီအစဉ်တွေကို ညှိနှိုင်း ရေးဆွဲပေးရမယ်။” မြန်မာတိုင်းရင်းသား ကလေးငယ်များ ကိုယ်ပိုင် သင်ယူလိုသော အကြောင်းအရာများကို ထည့်သွင်းစဉ်းစား ရပါလိမ့်မည်။ စာသင်ကျောင်းက ပြင်ဆင်ထားပေးသော သင်ခန်းစာများအပေါ် ဘာဖြစ်လို့ သင်ရမှာလဲ ဆိုသည့် မေးခွန်းမှာ ခမ်းနားထည်ဝါလွန်းသော တရားဝင်မေးခွန်း ဟူ၍လည်း ဆရာတို့က ရှုမြင်ပေးရပါမည်။ သို့ရာတွင် အထက်တန်း အထက်ဆင့်အထိ မရောက်သေးမီ ကာလတွင်မူ ကျောင်းသားငယ်များ အတွက် ရွေးချယ်စရာ များများစားစား မရှိသေးပါ။ ပြဌာန်းထားသော ဖတ်စာအုပ်များ၊ ဘာသာရပ်များအတွင်းရှိ အကြောင်းအရာများကို စိတ်ပါဝင်စားသည်ဖြစ်စေ၊ မ၀င်စားသည်ဖြစ်စေ၊ ကလေးတို့ လိုအပ်ချက်နှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သင်ယူနေကြရသည်။ ဖတ်စာအုပ်ပါ အကြောင်းအရာတို့မှာ ကလေးငယ်၏ အနီးစပ်ဆုံး ပတ်ဝန်းကျင်ကမ္ဘာငယ်နှင့် မည်မျှ အလှမ်းဝေးနေပါသနည်း။ ဆရာမရော ခံစားလို့ ရပါရဲ့လား။ အချက်အလက်များသာ ပြွတ်သိပ်ပါဝင်နေသော ဖတ်စာအုပ်များထဲတွင် ဆရာနှင့် ကလေးငယ်၏ တီထွင် ဖန်တီးမှုများ နစ်မြုပ်၊ ပျောက်ဆုံး သွားလေတော့သည်။ တွေးခေါ် ကြံဆမှုများ၊ သစ်လွင်သော စိတ်ကူးစိတ်သန်းများ၊ ရင်တွင်းဆန္ဒများ၊ ဗီဇစွမ်းရည်များ၊ ရိုးရာဓလေ့များ ဝေးလွင့် ကြွေကျ ပျောက်ကွယ်လေသည်။ ကံကြမ္မာများကို အတင်းအဓမ္မ ပြဌာန်း ခံထားရသော ဖတ်စာအုပ်၏ စာမျက်နှာများက ၀ါးမျိုလိုက်ပြီ။ မြန်မာတိုင်းရင်းသား ကလေးငယ်မှာ မမွေးဖွားမီကတည်းကပင် “ဗဟို” က အသည်းအသန်၊ အတင်းအကျပ် ချုပ်ကိုင်လွှမ်းမိုးထားသည့် သင်ရိုးညွှန်းတမ်းအောက်တွင် လူလားမြောက်ရန် မသေချာတော့ပြီ။ သင်ရခြင်း အကြောင်းရင်း ကလေးငယ်၏ အထက်ပါမေးခွန်းကို ဖြေဆိုရန် နည်းလမ်းအချို့တော့ဖြင့်ရှိနေပါသည်။ - ဒါကတော့ ပညာတတ်တဲ့ လူတိုင်း သိထားရမယ့်အရာကွဲ့၊ ဘာသာရပ်ထဲမှာ ပါနေတာလေ၊ (ဘာသာရပ်ဗဟိုပြု အဖြေ - subject discipline) - မင်း ဒီဟာကို မလုပ်တတ်ဘူး၊ မသိဘူးဆိုရင်တော့ မင်းကြီးလာရင် အလုပ်ရဖို့ မလွယ်ဘူးကွ။ ဒါမှမဟုတ်ရင်လည်း ဒီလို စဉ်းစားစေချင်တယ်။ ဒါကို မသင်ယူ၊ မတတ်မြောက်ဘူးဆိုရင် မင်း ၁၀ တန်း၊ ၁၁ တန်း ရောက်တဲ့အခါ ဒုက္ခ လှလှ တွေ့တော့မှာ။ (လက်တွေ့အသုံးဝင်မှု - Instrumental) - ဆရာ ဒါကို သင်ရခြင်းကတော့ မင်းရဲ့ ဗီဇစွမ်းရည်ကို ပိုတိုးတက်လာစေဖို့ပါ။ ဒီစီမံကိန်းသင်ခန်းစာကတော့ ငါ့တပည့်အတွက် သင့်တော်မယ်လို့ ဆရာယူဆပါတယ်။ မင်း တကယ် စိတ်ဝင်စားရဲ့လား။ မင်း ပိုလို့ စိတ်ပါဝင်စားမယ့် သင်ခန်းစာ ပရောဂျက်၊ စာတမ်းခေါင်းစဉ်နဲ့ လေ့လာမှုကို ရွေးချယ်လို့ ရပါသေးတယ်ကွာ၊ မင်းလုပ်ချင်ကိုင်ချင်စိတ် ပိုရှိမယ့် ခေါင်းစဉ် တစ်ခုခုပေါ့ကွာ။ (လူသားတိုးတက်မှု ဗဟိုပြု ဖက်ဒရယ် ပညာရေးအဖြေ - progressive) “ဒါကို ဘာဖြစ်လို့ သင်ရမှာလဲ” ဆိုသော တိုင်းရင်းသား ကလေးငယ်၏ တရားဝင်မေးခွန်းမှာ ဆရာတို့အတွက် ပညာရေးတစ္ဆေ အခြောက်ခံရသည်နှင့် တူနိုင်ပါသည်။ သို့သော် ပညာရေး ဒဿနတန်းဝင်၊ ဖီလော်ဆော်ဖီပြဿနာကို ကလေးငယ်က ဤပြည်နယ်၏ ဖက်ဒရယ်ပညာရေး မူဝါဒအတွက် ပြဌာန်းပေးလိုက်ခြင်းပင်။ ဘာကို သင်ယူရမလဲ၊ ဘာဖြစ်လို့လဲ၊ ဘာတန်ဖိုးရှိသလဲ၊ ဒီထက်ပိုကောင်းတာ မရှိဘူးလား။ ဒီမိုကရက်တစ် ဖက်ဒရယ် ကျောင်းဆရာ - သင်မည်သို့ အဖြေပေးနေပါသလဲ။ သိန်းနိုင် (မောက္ခပညာရေး) သံလွင်တိုင်းမ်ဂျာနယ်၊ မော်လမြိုင်မြို့၊ ဒီဇင်ဘာ ၂၀၁၄ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx "ဖက်ဒရယ်ပညာရေး (အပိုင်း ၅)" ************************* Category: ပညာရပ်စာတမ်းများ Published on Saturday, 24 January 2015 04:00 Written by သိန်းနိုင် လူမှုတရားမျှတမှုအတွက် ပညာရေး မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုတို့ကို ပိုမို ဆွေးနွေး ပြောဆိုနေကြပြီဖြစ်သည်။ တရားမျှတမှုကို တောင့်တနေခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ။ အချိန်လွန် လူ့အဖွဲ့အစည်းပင် ဖြစ်နေလေပြီလား။ တရားမျှတမှုမှာ မျက်ကွယ်ပြုထား၍ မရသည့်အပြင် လူ့အဖွဲ့အစည်း၏ ရေရှည်တည်မြဲမှုအတွက် အခရာ ကျလှပါသည်။ လွှတ်တော်တွင်လည်း တရားဥပဒေစိုးမိုးရေး ကော်မီတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ တရားမျှတမှုအတွက် တောင်းဆိုသံတို့မှာလည်း ပိုမို ကျယ်လောင်လာနေသည်။ အလွှာအသီးသီးရှိ ပြည်သူလူထု၏ ရင်ဖွင့်သံ၊ ၀န်ထမ်းများ၏ ညီးတွားသံ၊ အိမ်ရှင်မများ၏ ဈေးဆစ်သံ၊ လယ်သမားများ၏ ထွန်တုံးသံ၊ ဂျာနယ်လစ်များ၏ စုဖွဲ့သံ၊ တိုင်းရင်းသားမျိုးနွယ်စုတို့၏ ဖက်ဒရယ် တောင်းဆိုသံ၊ ကျောင်းသူ ကျောင်းသားများ၏ ပေတစ်ရာ လမ်းမထက်က ကြွေးကြော်သံတို့တွင် တရားမျှတမှုဆိုင်ရာ အချက်အလက်များ နက်နက်နဲနဲ ပါဝင်နေပါသည်။ မီဒီယာများတွင်လည်း မပါမဖြစ် ထည့်သွင်းဖော်ပြလာနေကြသည့် တရားမျှတမှုကဏ္ဍမှာ ပျိုးထောင်နေဆဲ ဒီမိုကရေစီ မြန်မာ့လူ့အဖွဲ့အစည်း၏ လူလားမြောက်ရန် ပင်မ အချက်ပင်ဖြစ်ပါလိမ့်မည်။ ပညာရေးဆိုင်ရာ တရားမျှတမှု အတွက်လည်း တောင်းဆိုသံများ မကြာမကြာ ကြားနေရပြီ။ တကယ်တော့လည်း လူမှုတရားမျှတမှုကို စာသင်ခန်းများက စတင်ရပါလိမ့်မည်။ ဤသည်မှာ ဖက်ဒရယ်ပညာရေးအတွက် နိဒါန်းပင်ဖြစ်ပါသည်။ Federal-5 အာဏာခွဲဝေ လိုက်ပြီဖြစ်သည့် စာသင်ခန်း တရားမျှတမှုကို ကျောင်းပညာရေးကတဆင့် လေ့ကျင့် ပျိုးထောင်ပေးသင့်သည်ဟူသော အရေးကြီးလှသည့် ပညာရေးဆိုင်ရာ အမြင်တစ်ရပ်ကို ဆွေးနွေးလိုပါသည်။ မည်သူမဆို ကျောင်းစာသင်ခန်းကို အနိမ့်ဆုံးအားဖြင့် နှစ်အနည်းငယ်မျှတော့ ဖြတ်သန်းဖူးသူချည်းပင် မဟုတ်ပါလား။ “လူမှု တရားမျှတမှုအတွက် ပညာရေး - education for social justice” ဆိုသည်မှာ အဘယ်နည်း။ ဖက်ဒရယ်ပညာရေးကို တည်ဆောက်သည်နှင့် တပြိုင်နက်တည်းမှာပင် နိုင်ငံ တစ်ဝှမ်းလုံးရှိ စာသင်ကျောင်းများ၊ စာသင်ခန်းများ၊ ရပ်ရွာဌာနများအသီးသီးတွင် စတင်ကျင့်သုံးသင့်သော နည်းနာအချို့ကို မိတ်ဆက် ဆွေးနွေးပါမည်။ ကျောင်းဆရာဆရာမများအနေဖြင့် မည်သည့်ဘာသာရပ်ကို သင်ကြား နေသည်ဖြစ်စေ လူမှုတရားမျှတမှုအတွက်လည်း လှုံ့ဆော်စည်းရုံးသူများဖြစ်နိုင်ပါသေးသည်။ အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုအတွက် ကျွန်တော်တို့ထံတွင် ရှိသော လုပ်ပိုင်ခွင့် အာဏာကို အသုံးချပြီး အသိအမှတ်ပြုခြင်းနှင့် ပြုမှုလုပ်ဆောင်ခြင်းမှာ လူမှုတရားမျှတမှု အခြေခံပင်ဖြစ်၏။ နိစ္စဒူဝပင် ကျောင်း စာသင်ခန်းများ အတွင်း ဆရာဆရာမများမှာ နည်းလမ်း အသွယ်သွယ်ဖြင့် ဤကိစ္စကို ဖြေရှင်း ဆောင်ရွက်နေကြပါသည်။ နောက်ထပ်တဆင့် တက်၍ တိုးမြှင့်လုပ်ဆောင်နိုင်ရန် လိုအပ်ပါမည်။ ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် အားထုတ် လုပ်ဆောင်နိုင်ပါသည်။ “လိုလားအပ်သော အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှု” များ မည်သို့ ဖြစ်ထွန်းနိုင်ကြောင်းနှင့် တဆင့်ပြီးတဆင့် တိုးတက် ဖြစ်ပေါ်လာနေသည်ကို ကျောင်းသူကျောင်းသားများကိုယ်တိုင် ခံစားသိမြင်ခွင့် ပေးရန် အရေးကြီး၏။ ဤပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင်လည်း သူတို့လေးတွေ ကိုယ်တိုင်ပင် ပါဝင် ဆောင်ရွက်လုပ်ကိုင်ခွင့် ရှိနေကြောင်းနှင့် ဦးဆောင်ဦးရွက်ခွင့် ရရှိနေကြောင်းလည်း ထင်သာမြင်သာ ဖြစ်စေသင့်ပါသည်။ အာဏာပိုင်သူမှာ သူတို့လေးတွေပင်ဖြစ်ကြောင်း ဆရာက ဦးစွာ လမ်းညွှန်ပြသ ထားရှိသင့်ပါသည်။ ယခင် နှစ်ကာလများနှင့် မတူတော့။ တစ်ဦးတစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့တွင်သာလျှင် အခွင့်အာဏာ တည်ရှိမနေတော့ပါ။ ၂၁ ရာစုပညာရေးလမ်းကြောင်းနှင့် ဖက်ဒရယ်အိပ်မက်အတွက် စာသင်ခန်းများ အတွင်းတွင် စတင်ပြီး အာဏာခွဲဝေ ကျင့်သုံးလိုက်ပြီဖြစ်သည်။ ဦးဆောင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက် ချမှတ်ရဲစွမ်း ရှိသူများ ဦးရေ တိုးပွားလာတော့မည်။ စာသင်ခန်းအတွင်း ဒီမိုကရေစီ (အပြည့်အ၀) ရရှိလေပြီ။ အပိုဘာသာ မဟုတ်ပါ… တကယ့်ဘာသာ လူမှုတရားမျှတမှုအတွက် ပြင်ဆင်ထားသော သင်ခန်းစာများမှာ စာသင်ခန်းအတွက် အကောင်းဆုံးသော အကျင့်အကြံတို့ကို ရောင်ပြန်ဟပ်ခြင်းလည်း မည်ပါသည်။ စာသင်ခန်းအတွင် သီးသန့် အပိုဖြည့်စွက် သင်ကြားခြင်း တော့လည်း လုံးဝ မဟုတ်ပါ။ ဤအချက်ကို သိထားရန် လိုအပ်ပါသည်။ မည်သည့် ဘာသာရပ်ကို သင်ကြားသည်ဖြစ်စေ ဆရာဆရာမများအနေဖြင့် ဘာသာရပ် အသိ၊ ဗဟုသုတတို့ကိုလည်း အရည်အသွေးမြင့်မြင့် သင်ကြားပြသနိုင်မည်။ ထို့အပြင် တရားမျှတမှု ရှိသော စာသင်ခန်းကိုလည်း တည်ထောင်နိုင်ခြင်းဖြစ်သည်။ သို့မှသာလည်း ဆရာကောင်း မည်ပါမည်။ မည်သည့်စာသင်ခန်းတွင် သင်ကြားနေသည်ဖြစ်စေ တရားမျှတမှုရှိသော အတန်းကို တည်ထောင်နိုင်ပါသည်။ အသွေးအရောင်စုံ စာသင်ခန်းများထဲတွင်လည်း လုပ်ဆောင်ရမည်ဖြစ်သလို လူမျိုးတစ်မျိုးတည်းသာ ရှိသော စာသင်ခန်းတွင်လည်း လိုအပ်ပါသည်။ ကျောင်းအားလုံး၊ စာသင်ခန်းအားလုံးနှင့် သက်ဆိုင်နေပါသည်။ အဆင့်မြင့် တွေးခေါ်ကြံဆနိုင်စွမ်းများ ပါဝင်နေသည့် ဘ၀တစ်သက်တာလုံးအတွက် ပညာရေးခရီး လမ်းညွှန်လည်းဖြစ်သည်။ ကျောင်းသားများ၏ လူမှုပတ်ဝန်းကျင် ဘ၀များနှင့် ဆက်စပ်ပေးပါ။ သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆုံးဖြတ်ချက်များ၊ သင်ခန်းစာ ပြင်ဆင်မှုများ ပြုလုပ်သည့်အခါတိုင်းဝယ် အတန်းထဲရှိသည့် စာသင်သားများ၏ နောက်ခံ အခြေအနေများ၊ သိရှိပြီးသား ဗဟုသုတများအပေါ်တွင် သင်ခန်းစာ အသစ်ကို ထပ်ဆင့် တည်ဆောက်ခြင်း၊ တန်ဖိုး ဆက်စပ်ခြင်း၊ ထည့်သွင်း စဉ်းစားခြင်းတို့ ပြုလုပ်သင့်ပါသည်။ သို့ဖြစ်လေရာ ဆရာအနေဖြင့် ကျောင်းသူကျောင်းသားများ၏ နောက်ခံကို အတန်ငယ်မျှတော့ သိရှိထားသင့်ပါသည်။ သူတို့လေးတွေ၏ စိတ်ပါဝင်စားမှုများ၊ လူမှုပတ်ဝန်းကျင် အနေအထားနှင့် အခြား အချက်အလက်များ ပါဝင်နိုင်ပါသည်။ ကျောင်းဝင်းထဲနှင့် စာသင်ခန်းများအတွင်းသို့ သူတို့လေးတွေ ကိုယ်စီ ယူဆောင်လာကြသည့် ကောင်းသော၊ မွန်သောအရာများအပေါ် ဆရာတို့က အသိအမှတ်ပြု ပေးခြင်းနှင့် ထပ်တူ တန်ဖိုးထားပေးခြင်း၊ ခံစားပေးခြင်းမှာ - လူမှုတရားမျှတမှု - အတွက် အကောင်းဆုံးသော သင်ခန်းစာများကို စတင်လိုက်ခြင်းလည်း မည်ပါသည်။ မတူသော အမြင်များနှင့် တကယ့်ပြဿနာများကို မိတ်ဆက်သင်ကြားတော့မည် စာသင်ခန်း…. မနေ့က အတိတ် စာသင်ခန်းများနှင့် မတူတော့ပြီ။ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်အတွက် ယနေ့ စာသင်ကျောင်းများ အတွင်းတွင် သင်ကြား၊ ဆွေးနွေးမည့် အကြောင်းအရာများမှာ ပြဌာန်းစာအုပ်ဘောင်ကို (များစွာ) ကျော်လွန်ရပါလိမ့်မည်။ သင်ကြား ပြသနေမှုများတွင် မြန်မာနှင့် ကမ္ဘာကြီး၏ လက်တွေ့ လူမှုပြဿနာများ၊ ယနေ့ နိုင်ငံရေးကိစ္စရပ်များ၊ လက်လုပ်လက်စား လူမှုစီးပွား ဘ၀များနှင့် ဆက်စပ်ပေးခြင်းဖြင့် လက်တွေ့ကျသော စာသင်ခန်းများ ဖြစ်လာနိုင်သည်။ စာသင်ခန်း နံရံတို့ကို ဖောက်ထွက်ကြမည့်သူများမှာ ဆရာများနှင့် ကျောင်းသားများ ကိုယ်တိုင်ပင်ဖြစ်သည်။ နံရံများနှင့် ပြဌာန်းဖတ်စာအုပ်များက ပြင်ပလက်တွေ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးလောကနှင့် ဆက်သွယ်ပေးရာတွင် အတားအဆီးများ မဖြစ်သင့်တော့ပါ။ အပိတ်အဆို့၊ အတားအဆီးတို့ကို ကျော်ဖြတ်နိုင်ကြပြီ။ အစစ်အမှန်တို့နှင့် ထိတွေ့ခွင့်ရသည်နှင့် တပြိုင်နက် ပိုမို အဓိပ္ပါယ်ရှိသော ပညာရေးဖြစ်လာမည်။ တိုင်းရင်းသားဒေသတို့တွင် ကျောင်းအတု၊ စာသင်ခန်းအတု၊ ဖတ်စာအုပ်အတုတို့မှာ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သူရိယနေမင်း ထွန်းလင်း ပေါ်ထွက်လာသည်နှင့် တပြိုင်တည်းပင် မြူနှင်းတို့ တစစ ကင်းစင်ဘိသကဲ့သို့ ကွယ်ပျောက်ရပါလိမ့်မည်။ ဤတွင် ရောင်ခြည်တစ်ထောင် အလင်းရောင်မှာ တိုင်းရင်းသားဆရာနှင့် ကျောင်းသားတို့ပင်တည်း။ ပညာအရောင် အစစ်အမှန်ကို ထိတွေ့ရပါလိမ့်မည်။ ပညာမျက်စိ ကိုယ်စီ ရှိတော့မည်။ လင်းပွင့်စာသင်ခန်းတို့ ဤပြည်နယ်တွင် ပေါ်ထွန်းလာနေပြီ။ ဤသည်ပင်လျှင် ဖက်ဒရယ်၏ အစဖြစ်တော့သည်။ မီဒီယာမှာ ပါသမျှ စာသင်ခန်းနှင့် ဆက်စပ်ပေးပါ…. လွတ်လပ်ပွင့်လင်းစ မြန်မာမီဒီယာ စာမျက်နှာများ၊ သတင်းစာ၊ ဂျယ်နယ်များပေါ်တွင် တင်ဆက်နေသော လက်တွေ့ ပြဿနာများမှာ ကျောင်းစာသင်ခန်းများနှင့် ဆက်စပ်ပေးရမည့် အကြောင်းအရာများ မဟုတ်ပါလား။ သင်ခန်းစာများကို ပြင်ဆင်ရာတွင်လည်း လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ တကယ့်ပြဿနာကြီး၊ အငြင်းပွားဖွယ်ရာ အကြီးကြီးကို ရွေးချယ်ပါလေ။ ထိုထိုသော ပြဿနာများမှာ မနေ့ကတည်းပင် ရှိနေခဲ့ပါသည်။ အသက် ၃၀ ကျော်များ၊ ၄၀ ကျော်များ၊ ၅၀ ကျော်များ၊ ၆၀ ကျော်များ၊ ၇၀ ကျော်များ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့မျှ မဖြေရှင်းပေးနိုင်ခဲ့ပါ။ သို့ရာတွင် ကျွန်တော်တို့ ကလေးငယ်များနှင့် ကျောင်းသူကျောင်းသားများက ဖြေရှင်းပေးနိုင် ကောင်းပါရဲ့။ သူတို့လေးတွေ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ပင် မဟုတ်ပါလား။ ကျောင်းသားများကိုယ်တိုင်လည်း ရွေးချယ်ပါစေ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအတွက် လူမှုရေးဘာသာဖြစ်စေ၊ အခြားဘာသာဖြစ်စေ သူတို့က ဆက်စပ်ပေးနိုင်ပါသည်။ ဆရာကသာ မေးလိုက်ပါ။ မေးရဲဖို့တော့ လိုပါမည်။ “ဒီကိစ္စနဲ့ပတ်သက်လို့ အပြင်မှာ ဘာတွေဖြစ်နေသလဲ၊ မင်းတို့ ဘာကြားထားသလဲ”။ စိတ်ဝင်စားဖွယ်ရာ မြန်မာနှင့် ကမ္ဘာပြဿနာတို့ကို ကျောင်းသားများက ရှင်းပြပါလိမ့်မည်။ ကျောင်းဆရာ အသင်ကိုယ်တိုင် မသိသေးသော ဆရာများသမဂ္ဂ ဖွဲ့စည်းတည်ထောင်နေသည့်သတင်း၊ ကျောင်းသားများ ဆန္ဒပြပွဲ၊ တိုင်းရင်းသားဒေသ စစ်ပွဲသတင်း၊ လက်နက်ဆန်းများအကြောင်း၊ သတင်းထောက်ကို ရက်ရက်စက် သတ်ဖြတ်လိုက်သည့် သတင်း၊ လာမည့် AIDS နိုင်ငံတကာနေ့တွင် ကွန်ဒုံအခမဲ့ ဝေမည့်သတင်း၊ တရုတ်နိုင်ငံလုပ် ကလေးမုန့်ပဲ သရေစာများကို ကျောင်းတွင် မရောင်းရဟူ၍ တားမြစ်ထားသည့်သတင်း၊ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ခရီးသည်တင်ကားကို ဓါးပြတိုက်သည့် သတင်း၊ ရှေ့အပတ် သောကြာနေ့တွင် တစ်မြို့လုံး သန့်ရှင်းရေး လုပ်ကြမည့်အတွက် ကျောင်းပိတ်သည့် သတင်း၊ မျိုးစောင့်ဥပဒေ၏ ကောင်းကျိုး-ဆိုးကျိုးသတင်း၊ ငြိမ်းချမ်းရေး လက်မှတ် မထိုးနိုင်သေးသည့် သတင်း၊ အာဆီယံတွင် မြန်မာတို့ ရာသက်ပန် ဥက္ကလုပ်မည့်သတင်း၊ အဆိုတော် rihina မင်္ဂဆောင်သည့်သတင်း၊ ကြေကွဲမှုများစွာဖြင့် မိုးဟေကို သီလရှင် အပြီး ၀တ်သွားသည့် သတင်း၊ အိုဘားမား နောက်တစ်ကြိမ် မြန်မာပြည် လာသည့်အခါ နမ်းမည့်သူများ စာရင်း၊ လစာနှင့် ကုန်ဈေးနှုန်းသတင်း… …။ ဆရာဆရာမများကသာ သက်ဆိုင်ရာ သင်ခန်းစာအလိုက် ပြင်ပလောကအကြောင်းကို မေးမြန်းလိုက်ပါလေ…။ မေးရဲရုံမျှသော သတ္တိတော့ လိုပါလိမ့်မည်။ ပိုမိုတရားမျှတသော ဖြေရှင်းချက်များ ရရှိနိုင်ပါလိမ့်မည်။ ဖက်ဒရယ်ပညာရေးကို ဖတ်စာအုပ်များချည်းနှင့် တည်ဆောက်၍ မရပါ။ ပြင်ပလက်တွေ့ နိုင်ငံရေးဘ၀၊ လူမှုလောကနှင့် ဆက်စပ်ထားသော မေးခွန်းများဖြင့်သာ တည်ဆောက်နိုင်ပါလိမ့်မည်။ သိန်းနိုင် (မောက္ခပညာရေး) သံလွင်တိုင်းမ်ဂျာနယ်၊ မော်လမြိုင်မြို့၊ Jan. 2015 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ပထမအကြိမ်အစည်းအဝေး နောက်ဆုံးနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ကျေးဇူးတင်စကား အပြည့်အစုံ

ကျမတို့ဒီညီလာခံကြီးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အစဉ်တစိုက် လုပ်နေဖို့အရာဖြစ်ပါတယ်။ ကျမတို့ဟာ ဒီညီလာခံထဲမှာရောက်နေတဲ့ အချိန်မှာပဲ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားဖို့မဟုတ်ပါဘူး။ အစည်းအဝေးတွေကျင်းပနေချိန်မှသာ ငြိမ်းချမ်းရေးကို စဉ်းစားနေဖို့ မဟုတ်ပါဘူး။ တချိန်လုံး ကျမတို့ဟာငြိမ်းချမ်းရေးကို ဘယ်လိုရအောင်ယူကြမလဲ ကျမတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံအောင်ချမ်းသာအောင်လို့ဘယ်လို လုပ်ကြမလဲဆိုတာ အစဉ်တစိုက် ကျမတို့ စဉ်းစားနေကြရမယ့်ကိစ္စဖြစ်ပါတယ်။ အခု ဒီညီလာခံကြီးအတွင်းမှာ ဆွေးနွေးခဲ့တဲ့ အရာအားလုံးကို ပြည်သူလူထုသိနိုင်အောင်လို့ ကျမတို့လွှင့်ပေးပါတယ်။ဒီလိုလွှင့်ပေးခြင်းအားဖြင့်ပြည်သူလူထုဟာ ကျမတို့ ရဲ့ငြိမ်းချမ်းရေးညီလာခံထဲမှာ မဖြစ်မနေပါဝင်ရမယ့်ပုဂ္ဂိုလ်များဖြစ်တယ် ဆိုတာကို နားလည်စေချင်တယ်။ ပြည်သူများအနေနဲ့ကျမတို့ငြိမ်းချမ်းရေးရဖို့ဘယ်လိုအခက်အခဲတွေ ကျော်လွှားဖို့လိုမလဲဆိုတာကို နားလည်စေချင်တယ်။ အခက်အခဲတွေရှိတယ် ဆိုတာသိမှ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှား ရမလဲဆိုတဲ့ အဖြေကို ကျမတို့ရှာနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် အစုအဖွဲ့ အသီးသီး ပုဂ္ဂိုလ်များအရ အစုအဖွဲ့များအရ ပြောသွားတဲ့နေရာမှာ ဘယ်သူတွေဟာ အတိတ်ကို ပိုပြီးလှည့်ကြည့်တဲ့နေရာမှာအားသန်သလဲ ဘယ်သူတွေဟာ အနာဂတ်ကို မျက်နှာမူတဲ့ နေရာမှာ အားသန်သလဲ ဆိုတာလည်း ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒါတွေက ထာဝရ မဟုတ်ပါဘူး။ အခုချိန်မှာ အတိတ်ကိုလှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များဟာ နောင်တချိန်မှာ အနာဂတ်ဘက်ကို လှည့်သွားတာလဲ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း ကျမတို့ မျှော်လင့်ပါတယ်။ အတိတ်ရဲ့ ချည်နှောင်မှုကို ကျမတို့က ခံနေမှာလား။ အနာဂတ်ကိုသတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီးတော့ တည်ဆောက်သွားမှာလား ဆိုတာကိုကျမတို့ တစ်ဦးချင်းတစ်ဦးချင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အစုအဖွဲ့တစ်ခုအတွက်လည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း အတွက်လည်း မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးစု တစ်ခုအတွက်လည်းမဟုတ်ပါဘူး ကျမတို့ ပြည်ထောင်စုကြီးအတွက် ဖြစ်တယ်ဆိုတာကို ကျမတို့ သဘောပေါက်ဖို့လိုပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့်မို့ ဒီခန်းမထဲကဖြစ်စဉ်ကို တကမ္ဘာလုံးကလည်း စိတ်ဝင်စားကြပါတယ်။ ဒီလိုငြိမ်းချမ်းရေး ရယူဖို့ဆိုတာအင်မတန်မှ ခက်ခဲတဲ့ကိစ္စပါ။ အခြားနိုင်ငံတွေမှာလဲ အခက်အခဲတွေ ကျော်လွှားပြီး ငြိမ်းချမ်းရေးရယူကြတယ်။ အဲလိုရယူတဲ့အချိန်မှာဆိုရင် မုဒိတာပွားကြတယ်။ စိတ်ချမ်းသာကြတယ်။ဘာဖြစ်လို့လဲဆိုတော့လူသားတွေထဲမှာဆိုရင် အချင်းချင်းဆက်နွယ်မှုဆိုတာရှိတယ်။ တနေရာမှာငြိမ်းချမ်းရေးရသွားပြီဆိုရင်ကျမတို့ နိုင်ငံအတွက် မျှော်လင့်ချက်ရသလို ကျမတို့နိုင်ငံမှာငြိမ်းချမ်းရေးအောင်မြင်မယ်ဆိုရင် တခြားနိုင်ငံတွေ အတွက်လဲ မျှော်လင့်ချက်ပေးရာရောက်ပါတယ်။ ဒါကြောင့်ကျမတို့အားလုံးကိုယ့်တာဝန်ဟာဘယ်လောက်ကြီးမားတယ်။ ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့အခွင့်အရေးဟာဘယ်လောက် ဂုဏ်သိက္ခာရှိတယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ အခုဆိုလို့ရှိရင် ဒီညီလာခံဟာ ညီလာခံရဲ့နိဒါန်းပဲဖြစ်ပါတယ်။ ပထမအစည်းအဝေး ပါ။ ပထမအစည်းအဝေးပြီးရင် နောက်လည်း အစည်းအဝေးတွေလည်းလာဦးမှာပါ။ကြားထဲမှာ လုပ်စရာတွေအများကြီးရှိပါတယ်။ အမျိုးသားအဆင့်ဆွေးနွေးပွဲ များလုပ်ဖို့ ဆိုတာဟာဒီညီလာခံပြီးတာနဲ့ အစည်းအဝေးပြီးတာနဲ့ စတင်ပြီးပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ ကျမတို့ရဲ့ CSO ဖိုရမ်တွေဖြစ်မြောက်ဖို့ စတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။လုပ်စရာ အလုပ်တွေကအများကြီးပါပဲ။ဒါပေမယ့်လုပ်ရကျိုးနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့လုပ်နေတာက နိုင်ငံရဲ့အနာဂတ် အတွက် လုပ်နေတာဖြစ်ပါတယ်။နိုင်ငံရဲ့အနာဂတ်ဆိုတာဟာ အင်မတန်မှကြာရှည်တဲ့ ကာလကြီးပါ။ နိုင်ငံရဲ့ အနာဂတ်မှာဒီနိုင်ငံရဲ့အရိပ်ကိုခိုလုံသွားရမယ့်ပြည်သူ ပြည်သားများ ဆိုတာလည်းမရေမတွက်နိုင် အောင်ရှိပါလိမ့်မယ်။ဒီကမ္ဘာကြီးဘယ်လောက်ကြာကြာခံ နိုင်မလဲဆိုတာက ကျမတို့တယောက်မှမသိပါဘူး။ ကမ္ဘာ့တည်သရွေ့ ကျမတို့ မှီတင်းနေထိုင်သူများ အားလုံး လုံခြုံဖို့အတွက်ကိုယ်စိတ်နှစ်ဖျာ ချမ်းသာဖို့အတွက်ကျမတို့လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒါဟာ ကျမတို့လူဖြစ်ရ ကျိုးနပ်ပြီလို့အားလုံးကပြော နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ညီလာခံကို တတ်ရောက်လာတဲ့ ကိုယ်စားလှယ်များအားလုံး ဒီညီလာခံရဲ့အောင်မြင်မှုမှာ ပါဝင်ရ မယ့်ကိုယ်စားလှယ် အားလုံးဟာ လူဖြစ်ရကျိုးနပ်အောင်ကြိုးစားကြပါလို့ကျမ တိုက်တွန်းချင်ပါတယ်။ ကျမတို့ဟာဒီလောကကြီး လာသွားရတာဟာ တစ်ခဏလေးပါ။ ကျမတို့အသက်ဘယ်လောက်ရှည်နိုင်မလဲ။ ကျမသိသလောက်ကမ္ဘာဆုံးအသက်အရှည်ဆုံး ပုဂ္ဂိုလ်ဟာ ၁၂၀လောက်ဖြစ်ပါတယ်။ ၁၂၀ဆိုတာဘာမှမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့သက်တမ်းနဲ့စာလို့ရှိရင် ကမ္ဘာကြီးရဲ့သက်တမ်းနဲ့စာလို့ရှိရင် ၁၂၀ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကျမတို့တွေကံကောင်းလို့ကျန်းမာရေးကောင်းလို့ ၁၂၀ ထိနေနိုင်တယ်ပဲဆိုပါဦးစို့ ဒီ၁၂၀ ဆိုတာ တခဏလေးပါပဲ။ ကျမတို့လိုအသက်ရောက်နေတဲ့သူတွေဆိုရင် ၁၂၀ ထိနေဖို့ဆိုတာ သိပ်တော့မကျန်တော့ပါဘူး။ ဒီတော့ကျမတို့ဟာကိုယ်ရှိတဲ့အချိန်လေးကို တန်ဖိုးရှိအောင် သုံးကျပါစို့ ကိုယ်ရှိတဲ့ အချိန်လေးကိုအရင်တုန်းကဖြစ်ခဲ့တဲ့ ကိစ္စတွေကိုပြန်လှည့်ကြည့်ပြီး အာယာတတွေပွားနေမယ့်အစား တစ်ဦးပေါ်တစ်ဦး သံသယတွေပွားနေမယ့်အစားကျန် တဲ့အချိန်အတွင်းမှဘယ်လို အာယာတတွေပျောက်အောင်လုပ်မလဲ။ ဘယ်လိုဒီသံသယတွေကင်းစင်အောင်လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့မလဲဆိုတာကို စဉ်းစားကြပါစို့ လို့ကျမ ကနေပြီးတော့ တိုက်တွန်းချင်ပါတယ်။ အခုကျမတို့ညီလာခံအတွင်းမှာ တစ်ခါတလေအထစ်အငေါ့လေးတွေဖြစ်တယ် မပြေလည်တဲ့ကိစ္စတွေ ရှိပေမယ်ဒီညီလာခံဖြစ်မြောက်အောင်လို့ လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုကျမ လိုက်လိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ဒီညီလာခံလုပ်ဖို့အချိန်လည်းသိပ်ရှိခဲ့တာမဟုတ်ဘူး။ အချိန်သိပ်ရှိခဲ့တာ မဟုတ်ဒါဆို အချို့ကမေးမယ်ဘာလို့မြန်မြန်လုပ်လဲ ဘာလို့မစောင့်လဲဆိုရင် ဒါက စောင့်ရမယ့်ကိစ္စလည်းမဟုတ်ဘူး ကျမတို့မှာ ရှိတဲ့ အချိန်ကိုလုပြီးလုပ်နေရတာပါ။ ရှိတဲ့အချိန်ကလုပြီးလုပ်တယ်ဆိုတာ ကကျမတို့အတွက်လည်းမဟုတ်ဘူး။ကျမတို့အစိုးရအတွက်လည်းမဟုတ်ဘူး။ ကျမတို့ အစိုးရဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ပြည်သူလူထုရဲ့ထောက်ခံမှုမရှိရင် ဘယ်ကိစ္စကိုမှ အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့က ပြည်သူလူထုရဲ့ယုံကြည်မှု ထောက်ခံမှုပြည်သူလူထုရဲ့လေးစားမှုရအောင်လို့ညီလာခံကြီးဖြစ်မြောက်အောင်အားလုံးကြိုးစား ၀ိုင်းလုပ်ဖို့လိုပါတယ်။ ပြည်သူတွေကကြည့်နေကြပါတယ်။ ပြည်သူတွေက နားထောင်နေကြပါတယ်ပြည်သူတွေက မျှော်လင့်နေကြ ပါတယ်။ ပြည်သူတွေကသုံးသပ်နေကြပါတယ်။ ဘယ်သူတွေဟာဘယ်လိုစိတ်ထားရှိတယ် ဘယ်လို ပြသာနာတွေ ကျမတွေအားလုံးကျော်လွှားရမယ်။ ဘယ်သူတွေက ကျမတို့နိုင်ငံအတွက် အဓိကစေတနာထားပြီး ကြိုးစားမယ်ဆိုတာကို ပြည်သူတွေကဆုံးဖြတ်မှာပါ။ ကျမတို့ဆုံးဖြတ်လို့ရတာမဟုတ်ဘူး။ လူတစ်ဦးရဲ့တန်ဖိုးဆိုတာတနေ့တနေ့ပြောင်းနေပါတယ်။ဘာလို့လဲဆိုတော့နေ့တိုင်း နေ့တိုင်းကအခွင့်အရေးသစ်ပါ။တနေ့နေ့မိုးလင်းလာတာနဲ့ကိုယ့်မှာ အခွင့်အရေးသစ်တွေရလာတာပါ။ ဒီအခွင့်အရေးသစ်တွေကိုထိုက်ထိုက်တန်တန်သုံးကြပါလို့တိုက်တွန်းချင်ပါတယ်။ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန်သုံးခြင်းအားဖြင့်ကျမတို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ။ အခုပြောသွားတဲ့ ပွင့်ပွင့်လင်းလင်းဝေဖန်တာတို့တိုက်ခိုက်တာတို့လည်းပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ကျမကလည်းဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာမရှိဘူးလို့ကျမဒီလိုပဲယုံကြည်ပါတယ်။ စိုးရိမ်စရာမရှိဘူး။ ပြသာနာကိုစိုးရိမ် စရာမရှိပါဘူး။ ပြသာနာမရှိချင်ယောင်ဆောင်နေရတာဟာ ဒါကသာစိုးရိမ်စရာဖြစ်ပါတယ်။ ပြသာနာ မရှိချင်ယောင်ဆောင်နေရင် ပြသာနာတွေဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သတ္တိရှိရှိနဲ့ဒီပြသနာတွေကို ရင်ဆိုင်မယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေမွေးထုတ်မယ်။တစ်ဦးကိုတစ်ဦး ကူညီမယ်ဖေးမမယ်။ တစ်ဦးရဲ့အမြင်တစ်ဦးကလေးစားမယ် နားထောင်မယ်။သဘောထားချင်းမတိုက်ဆိုင်ရင် တောင်ဘာကြောင့် မတိုက်ဆိုင်တဲ့သဘောထားတွေရှိနေလဲဆိုတာစဉ်းစားရမယ်။ ဒါမှကျမတို့အားလုံးညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ကျမဒီညီလာခံကြီးကိုနေ့တိုင်းမတတ်ဖြစ်ဘူးဒါပေမယ့် ကျမဒီဖြစ်စဉ်ကြီးကိုအင်မတန်မှ အလေးထားပါတယ်။ ကျမတို့အစိုးရက အဓိက အင်အားက ပြည်သူတွေလက်ထဲမှာရှိတယ်ဆိုတဲ့ မူကို အလေးထား ပါတယ်။အစိုးရအဖွဲ့ဆိုတာပြည်သူလူထုရဲ့ တွေကိုက်ညီစွာ ပြည်သူတွေ ရဲ့ သဘောထား တွေကို လိုက်နာဖို့က အလေးထားဖို့ အရေးကြီးပါတယ်။ ကျမတို့ဟာ အစိုးရကောင်းတစ်ခုဖြစ်အောင်ကြိုးစားနေပါတယ်။ ၂၁ပင်လုံဟာ ၁၉၄၇ ခုနှစ် ကျင်းပခဲ့တဲ့ပင်လုံလိုပဲ ကျမတို့နိုင်ငံသမိုင်းမှာ ဂုဏ်ယူစရာဝင့်ကြွားစရာ အားတတ်စရာ အခမ်းအနားကြီး အခင်းအကျင်းကြီး တစ်ခုဖြစ်စဉ်ကြီးတစ်ခုဖြစ်ဖို့ဝိုင်းဝန်းကြိုးစားကြပါလို့ပြောရင်းနိဂုံးချုပ်ပါတယ်။ Myanmar State Counsellor Office

Saturday 16 July 2016

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံမှုကြီး ကိုယ်တွေ့ မျက်မြင်ခံစားချက်မှတ်တမ်း

( (၆၉) နှစ်မြောက် အာဇာနည်နေ့သတိတရ အထူးဆောင်းပါး) မုတ်သုံနိုးသည် - ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်ခဲ့ မခိုင်စိတ်ဝမ်း ၊ မလန်းဘဝင် မရွှင်နှလုံး၊ ကြိမ်မီးအုံးသို့ ညှိုးချုံးပူဆွေး၊ မမေ့သေးခဲ့ အရေးခုတိုင်၊ ကြုံဆိုင်ရဆဲ နေမိခဲရှင့်......။ ။ ''ပျောက်သောသူရှာလျှင်တွေ့၊ သေသောသူကြာလျှင် မေ့'' မြန်မာတို့ပြောနေကျ ဆိုရိုးစကားဖြစ်သည်။ ယေဘုယျ မှန်သောစကား ဖြစ်လင့်ကစား၊ လွန်ခဲ့သည့် ၆၉ နှစ်က အလွန် အရုပ်ဆိုးအကျည်းတန် မိုက်မိုက်ကန်းကန်းဖြစ်ပျက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများအား မြန်မာ့ သမိုင်းတစ်လျှောက် ဘယ်လိုမှမေ့ဖျောက်ပစ်၍မရနိုင်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကိုကား မိမိသေသည်အထိ အမှတ် ထင်ထင် ဆင်ခြင်မှန်းဆ သတိတရရှိနေမည်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးပမာ ညှိုးချုံးပူဆွေး ငိုကြွေးခဲ့ကြသည့် ဖြစ်ရပ်ဆိုး ကြီးနှင့်တကွ ထိုနေ့ရက်မတိုင်မီ တစ်လမျှအတွင်း ဖြစ်ပျက်ခဲ့ ပါသောဖြစ်ရပ်များကို အနီးကပ်လေ့ လာထောက်လှမ်းသိရှိ ခဲ့ရသူ မိမိအဖို့ မမေ့ရက်နိုင်ရုံမျှမက အလွန်ခံပြင်းစွာနာကြည်း ကြေကွဲ လှိုက်လှိုက်လှဲလှဲ ယူကြုံးမရဖြစ်ရခြင်း၊ ဝမ်းနည်း ပူဆွေးရခြင်းစသည့် စိတ်လှိုင်းရိုက်ခတ်မှုဒဏ်ကို နှစ်စဉ် ဆိုသလို ဇူလိုင်လကျရောက်တိုင်း ခံစားနေရပါသည်။ ဗိုလ်ချုပ်နှင့်သတင်းစာဆရာများ ဗိုလ်ချုပ်သည် မိမိတို့သတင်းစာသမားတွေကို ခင်သည်။ မိမိတို့ကလည်း ဗိုလ်ချုပ်အပေါ်တွင် ယုံကြည်စိတ်ကဲသော ခင်မင်မှုဖြင့် ချစ်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ အပြင်းထန် ဆုံးသော ၁၉၄၅-၁၉၄၆ ကာလတစ်လျှောက် ဗိုလ်ချုပ်သွားလေ ရာရာ ပြည်တွင်းခရီးစဉ်များတွင် မိမိတို့သတင်းစာသမား များ လိုက်ပါကြစမြဲ။ မိမိတို့မလိုက်ပါရသည့် အခါများတွင် ပြန်ရောက်လာသည်နှင့် အချိန်အခါမဆိုင်းဘဲ သတင်းစာ ရှင်းလင်းပွဲခေါ်ယူပြီး ဗိုလ်ချုပ်ကိုယ်တိုင်ရှင်းပြစမြဲဖြစ်သည်။ ပြက္ခဒိန်တစ်ခုလုံး သွေးစွန်းသွားသော ဇူလိုင် ၁၉ ရက်စနေနေ့ ထိုနေ့နံနက် ၁ဝ နာရီခန့်က ရန်ကုန်မြို့အတွင်းဝန်များ ရုံး ဗိုလ်ချုပ်အောင်ဆန်း၏ ဝန်ကြီးဌာနအစည်းအဝေးခန်း တွင် အမှုဆောင်ကောင်စီဝင်ဝန်ကြီးများ အစည်းအဝေးရှိ သည်။ ဗိုလ်ချုပ်နှင့်ကက်ဘိနက်ဝန်ကြီးများ တက်ရောက်ကြ မည်ဖြစ်သည်။ ထိုအစည်းအဝေးနှင့်ကပ်လျက် အခန်းတွင် မိမိတို့ သတင်းထောက်တစ်စု အစည်းအဝေးသတင်းယူကြ ရန် ကြိုတင်ရောက်ရှိနေကြသည်။ မိမိမှတ်မိသလောက် သတင်းထောက် လေး၊ ငါးယောက်လောက်ရှိမည်။ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် အစည်းအဝေးကလည်း မပြီးသေး၊ မိမိမှာ လည်း အစာမစားခဲ့ရသဖြင့် ရုံးပေါ်မှဆင်းလာခဲ့ပြီး ဖရေဇာ လမ်းနှင့် စပတ်လမ်းထောင့် သူရိယသတင်းစာတိုက်နှင့် မျက်နှာချင်းဆိုင်ရှိ မမကြီးလက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါး စားနေခိုက် ခေါင်မိုးတစ်ခုပေါ်မှ မျက်နှာကြက်အချပ်များ အစုလိုက်အပြုံလိုက် ပြိုကျလာသံလို၊ ဝေါခနဲ ဝေါခနဲအသံများ ကို ဆူညံစွာကြားလိုက်ရ၍ စပတ်လမ်း လမ်းဆုံဘက်သို့ လှမ်း ကြည့်လိုက်သည်တွင် အတွင်းဝန်များရုံးဘက်မှ လူအုပ်ကြီး တစ်အုပ်က ''ဗိုလ်ချုပ်တို့သေကုန်ကြပြီ၊ သေကုန်ကြပြီ'' ဟု အော်ဟစ်ပြီး ပြေးထွက်လာ သည်ကိုတွေ့လိုက်ရ၍ ကျသင့်ငွေ ကိုရှင်းပေးပြီး မိမိလည်း အတွင်းဝန်ရုံးဝင်း အတွင်း အနောက် ဘက်ပေါက်မှ ထွက်ပြေးလာနေသော လူအုပ်နှင့် ဆန့်ကျင် ဘက်အတွင်းသို့ ပြေးဝင်ခဲ့မိလေသည်။ ရင်ဆို့ဖွယ်မြင်ကွင်း ရုံးပေါ်သို့တက်ရန် လှေကားများရှိရာ ဗဟိုဆင်ဝင်အောက် သို့အရောက်တွင် ရဲချုပ်ဦးထွန်းလှအောင်နှင့် တာဝန်ရှိသူ အစိုးရအရာရှိကြီးများက ကျဆုံးသွားကြသောခေါင်းဆောင် ကြီးများ၏အလောင်းများကို ထိုလှေကားပေါ်မှ ထမ်းစင်များ ဖြင့် သယ်ယူချလာသည်ကို တွေ့လိုက်ရသည်နှင့် မပြောပြနိုင် လောက်သောခံစားချက်တစ်ရပ်သည် မိမိ၏ ရင်ဝယ် ဆောင့် တက်သွားလေသည်။ မိမိဦးစွာ တွေ့မြင်လိုက်ရသူမှာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဖြစ်နေသည်။ မသေသေး၊ လှုပ်ရှားညည်းညူနေဆဲ တွေ့လိုက်ရသည်။ နောက်ဆုံး သယ်ယူလာသူမှာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်။ မသေသေးဟု ထင်နေကြသော်လည်း မကြည့်ရက်၊ မမြင်ရက်လောက်အောင် သွေးသံရဲရဲရွဲရွဲစိုနေ ချေပြီ။ ဗိုလ်ချုပ်အသက်ရှင်ရန် ဆုတောင်းကြပုံ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးအချို့ တို့မှာ ထိုနေ့နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်အချိန်တွင် ဆန်ကောလောက်မှ ဇောက်မနက် အကြံပက်စက်သည့် မသမာသူတစ်စုတို့၏လက်ချက်ဖြင့် ကျဆုံးသွားကြ ရရှာလေ ပြီ။ မိမိသည် မျက်ရည်လည်ရွဲလျက် ဓာတ်ပုံရိုက်ရန် ကင်မရာ ကိုဆွဲလျက် ရန်ကုန်ဆေးရုံကြီးဆီသို့ အပြေးအလွှား ရောက် သွားပါတော့သည်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံတွင်ကား လူ အများ ကြိတ်ကြိတ်တိုးဝိုင်းအုံကြည့်ရှုလျက် မျက်ရည်ဖြိုင်ဖြိုင် ကျကာ ဗိုလ်ချုပ်အသက်ရှင်သန်ရန် မေတ္တာပို့ဆုတောင်းနေ ကြလေသည်။ ငိုသူတို့လည်း ငိုနေကြလေပြီ။ သို့သော် ဗိုလ်ချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးခုနစ်ဦး၊ အတွင်းဝန် ဦးအုန်းမောင်၊ဝန်ကြီး ဦးရာဇတ်၏သက်တော်စောင့် ကိုထွေး ပေါင်း ကိုးဦးတို့ကား ဆုံးရှုံးကွယ်လွန်ကြရရှာလေပြီ။ ကျဆုံးကြရသော ခေါင်းဆောင်ကြီးများ (၁)ဗိုလ်ချုပ်အောင်ဆန်း (ခ)ဗိုလ်တေဇ (၃၂နှစ်) မြန်မာ့ လွတ်လပ်ရေး အမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒုတိယသဘာပတိ သို့မဟုတ် လွတ်လပ်ရေးမရမီ ဗြိတိသျှ မြန်မာနိုင်ငံ အစိုးရဝန်ကြီးချုပ်၊ ထို့အပြင် ၄င်းအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့်နိုင်ငံခြားရေး ဌာနဝန်ကြီး။ ကျည်ဆန် ၁၃ ချက်သင့်သော ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးရသည်။ (၂)ဒီးဒုတ်ဦးဘချို (၅၄နှစ်)၊ သတင်းစာဆရာ၊ စာရေး ဆရာနှင့် ဒီးဒုတ်ဂျာနယ် အယ်ဒီတာ၊ ပြန်ကြားရေးဌာနဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲဝင်သွားသော ကျည်ဆန် အပါအဝင် ကျည်ဆန်ငါးချက် ထိမှန်ရရှိသည့်တိုင် ထိုနေ့ နေ့လယ်ပိုင်းအထိ ရန်ကုန်ဆေးရုံကြီးတွင် အသက်ရှင် ကုသ ခံယူနေဆဲဖြစ်သည်။ (၃) သခင်မြ (၄၉ နှစ်)၊ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီး ရင့်သော နိုင်ငံ့ခေါင်းဆောင်၊ ဘဏ္ဍာ ရေးဝန်ကြီး။ အဆုတ်ကို ဖောက်ထွင်း ထားသော ဒဏ်ရာဖြင့် နေရာတွင်ပင် ကျဆုံးသည်။ (၄) ဦးအဗ္ဗဒူရာဇတ်( ၄၉ နှစ်)၊ မန္တလေးမြို့ အမျိုးသား ပညာရေးခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီး။ ဒဏ်ရာခြောက်ချက်ရရှိပြီး နေရာတွင်ပင် ကျဆုံးသည်။ (၅) ဦးဘဝင်း (၄၆နှစ်) ၊ ဗိုလ်ချုပ်ဆောင်ဆန်း၏ အစ်ကို၊ ကူးသန်းရောင်း ဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး။ ကျည်ဆန်ဒဏ်ရာ ရှစ်ချက်ဖြင့် နေရာတွင်ပင် ကျဆုံးသည်။ (၆)မန်းဘခိုင် (၄၃ နှစ်)၊ ဟင်္သာတမှ ကရင်အမျိုးသား များ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေး တွင် ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ် သမားဌာနဝန်ကြီး။ ကျည်ဆန် ၁၅ ချက် ထိမှန်ခဲ့သည်။ နေရာ တွင်ပင် ကျဆုံးသည်။ (၇) စဝ်စံထွန်း (၄ဝ နှစ်)၊ ရှမ်းပြည်နယ်မှ မိုင်းပွန် စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာနှစ်ချက်ရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေစဉ် အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၂ဝ ရက် မွန်းတည့်ချိန်တွင် ကွယ်လွန်သည်။ (၈) ဦးအုန်းမောင် (I.C.S) (၃၄ နှစ်)၊ သယ်ယူပို့ဆောင် ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် စီမံကိန်း အစီရင်ခံစာ လာရောက်တင်ပြနေစဉ် နေရာတွင်ပင် ကျဆုံးသည်။ (၉) ကိုထွေး(၁၈ နှစ်)၊ ဝန်ကြီးဦးရာဇတ်၏ သက်တော် စောင့်၊ မန္တလေးတောင်ပြင်၊ သိပ္ပံရပ်မှ လူငယ်တစ်ဦးဖြစ်သည်။ အစည်းအဝေးခန်းမှ သေနတ်ပစ်ခတ်သံများ ကြားရသဖြင့် အနီးရှိ ရုံးခန်းအတွင်းမှ ထွက်ပြေးလာစဉ် ရုံးအပေါ်ထပ် Corridor စင်္ကြံတွင် လူသတ်သမားများ၏ ပစ်ခတ်ခြင်းခံရ သည်။ ဒဏ်ရာ လေးချက်ရရှိပြီး ဆေးရုံရောက်မှ သေဆုံးသည်။ ကမ္ဘာတစ်ဝန်းတွင် တုန်လှုပ်သွားသောနေ့ ထိုနေ့က မြန်မာနိုင် ငံဒေသ အနှံ့သာမက ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း တုန်လှုပ်ချောက်ချားသွားကြလေသည်။ ရန်ကုန်မြို့အနှံ့ လူအုပ် လူစုလူဝေးကြီးများ မည်သည့်အလုပ်မျှ မလုပ်နိုင်ကြဘဲ အုန်းအုန်းကျွက်ကျွက် ဆူပွက်ငိြုေ<ွကးကြလျက် ပျားပန်းခပ်လှုပ်ရှားနေကြလေ၏။ ထိုအဖြစ်အပျက်ဆိုးကြီး ကို မြန်မာသာမက ကမ္ဘာကပါ ယနေ့ ၆၉ နှစ်ထိတိုင်အောင် သတိတရအမှတ်ပြုနေကြဆဲ ဖြစ်သည်။ ယင်းအဖြစ်ဆိုးအတွက် အကြောင်းရင်းကိုစရလျှင် ဂဠုန် ဦးစောကဖြစ်သည်။ ဦးစော၏ လုပ်ရပ်မှာ ထိုစဉ်က မြန်မာပြည် ကို အုပ်ချုပ်နေကြသော ဗြိတိသျှအရာရှိကြီးများပါ တုန်လှုပ် ချောက်ချားသွားခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဗိုလ်တထောင်B.O.D ခေါ်British Army Ordinance Deport ဗြိတိသျှစစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်းအလက် ၂ဝဝ၊ ပြောင်းပို ၂ဝဝ၊ ဘရင်းဂန်းမဂ္ဂဇင်း ကျည်ကတ် ၈ဝဝ၊ ရိုင်ဖယ်သေ နတ်များ၊ ဒသမ ၃ဝ၁ ကျည်ဆန် အမြောက်အမြား၊ ပစ္စတိုသေနတ်၊ ခြောက်လုံးပြူး သေနတ် များ၊ လက်ပစ်ဗုံးများကို ထုတ်ယူသွားကြကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် သတင်းစာအချို့တွင် ဖော်ပြပါရှိခဲ့သည်။ ထုတ်ယူသွားသော လက်နက်များမှာ လော်လီကား သုံးစီး တိုက်စာမျှ ဖြစ်သည်။ ဦးစောကိုယ်တိုင်ပါဝင်ခဲ့ပုံ ဂဠုန်ဦးစောသည် ထိုလက်နက်များ ထုတ်ယူသွားရာ၌ ရှမ်းဘောင်းဘီ၊ နေကာမျက်မှန်အနက်၊ ဆွယ်တာလက်ပြတ် ဝတ်စားထားပြီး ထုတ်ယူသွားသော ကားတစ်စီး၏ရှေ့ခန်း၊ မောင်းသူ၏ ဘေးဘက်ခုံတွင် ထိုင်လျက်လိုက်ပါသွားကြောင်း ဖြင့် ဦးစောတို့လူစုCoup De' tat လက်နက်ဖြင့် အာဏာ သိမ်းရန် ကြံစည်လျက်ရှိနေပြီဖြစ်ကြောင်းဖြင့် ဗမာ့ခေတ် သတင်းစာက ဖော်ပြခဲ့သည်။ ထိုသတင်းကို ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင် ဦးဗဆွေ နှင့် ဝန်ကြီး ဦးဗဂျမ်းတို့က ဗိုလ်ချုပ်ကို ပထမဆုံးပြောပြကြ သည်။ ဗိုလ်ချုပ်က ခါးခါးသီးသီးငြင်းပယ်ခဲ့သည်။ ''ကိုဗဆွေ၊ ခင်ဗျားသတင်းမှားနေပြီထင်တယ်။ မဟုတ် နိုင်လောက် ပါဘူးဗျာ...''ဟု ဗိုလ်ချုပ်က ငြင်းဆိုသည်။ ဗိုလ်ချုပ်၏ခေါင်းမာ မှုကြောင့် ဆက်လက်မငြင်းကြတော့ဘဲ နေကြသည်။ မိမိတို့ သတင်းစာဆရာများ၊ သတင်းထောက် များကလည်း ဗိုလ်ချုပ်အား အကြောင်းတိုက်ဆိုင်သလို ပြော ပြကာ သတိပေးခဲ့ကြသည်။ ဗိုလ်ချုပ်သည် မိမိကိုယ်တိုင် ပြောပြသည့်အခါတိုင်းလည်း ''မဖြစ်နိုင်ပါဘူး။ မဖြစ်လောက် ပါဘူး။ ကျုပ်ကိုယ်ကို တိုင်းပြည်ကို အပ်ထားပြီးသား၊ တိုင်းပြည် က မကျေနပ်လို့ သတ်ချင်သပဆိုလည်း သတ်ကြပါစေဗျာ'' စသဖြင့် ပြန်ကြားပြောဆိုသည်။ ဗေဒင်ဆရာအခါကောင်းအချိန် ထိုမှ တဖြည်းဖြည်းနှင့် ဇူလိုင်လဆန်းရောက်လာ သည်။ ဂဠုန်ဦးစောသည် အင်္ဂလိပ်အရာရှိကြီးအချို့နှင့် ဆက်သွယ်၍ အကြံအစည်ကြီး တစ်ခုလုပ်ဆောင်နေပြီဖြစ် ကြောင်း သေချာသလောက်သိရှိနေကြသည်။ တစ်နေ့တွင် ဦးစောသည် ထိုအချိန်က နာမည်ကြီး ဗေဒင်ဆရာတစ်ယောက် ကိုခေါ်ပြီး ဗေဒင်ကိန်းခန်းအရ သူ့အကြံအောင်မြင်စေရန် အခါကောင်းကို တောင်းဆိုသည်။ ထိုဗေဒင်ဆရာက တွက်ချက် ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း တနင်္ဂနွေအချိန်ဖြစ်သော နံနက် ၁ဝ နာရီမှ ၁ဝ နာရီ မိနစ် ၃ဝ အတွင်း အခါကောင်း သည်ဟု ရွေးပေးလိုက်ကြောင်းကို သတင်းထောက်များက သတင်းကြားသိကြရ၍ ဗိုလ်ချုပ်ကို ပြောကြသည်။ ဗိုလ်ချုပ်က လုံးဝအယုံအကြည်မရှိ လက်မခံပေ။ ဗိုလ်ချုပ်၏ယုံကြည်ချက်သဘောထား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထောက် လှမ်းရေးကလည်း ထိုသတင်းကို ရရှိကြသဖြင့် ထိုနေ့ထိုအချိန်တွင် ဝန်ကြီးအဖွဲ့ အစည်းအဝေးရှိသည်ကို လုပ်ကြံကြလိမ့်မည်ဟု ယူဆပြီး ဗိုလ်ချုပ်ထံ အမြန်တင်ပြခဲ့ကြသည်။ ''ဒီလောက်ကြီး ဗြောင်ကျကျ အတင့်ရဲတဲ့အကြံမျိုး ဒီအချိန်မှာ မကြံရဲကြပါဘူးဗျာ''ဟု ပြောဆိုလိုက်သည်ဟု ကြားကြရသည်။ ဗိုလ်ချုပ်သည် ဘာကြောင့်များ ဒီလောက် ငြင်းဆန်နေသည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။ ဗိုလ်ချုပ် သည် ဂဠုန်ဦးစောကို ယုံကြည်နေပုံရသည်။ ဦးစောသည် ¤င်းကဲ့သို့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး တိုင်းပြည်လွတ်လပ် ရေးရအောင် ပါဝင်ကူညီလိမ့်မည်ဟု ထင်မှတ်ထားပုံရ သည်။ ဗိုလ်ချုပ်ကိုယ်တိုင် ဦးစောထံသို့သွားကြည့်ခြင်း ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က မြေနီကုန်း အဝိုင်းတွင် ဦးစော သေနတ်ပစ်လုပ်ကြံခံရသည်။ ပစ်လိုက် သော ကျည်ဆန်မှာ ကားမှန်ကိုထိပြီး မှန်စစဉ် ထိမှန်သဖြင့် ဦးစောမျက်စိကန်းမလိုဖြစ်သွားသည်။ အခင်းဖြစ်ပြီး နှစ်ရက် သုံးရက်လောက်အကြာတွင် ဗိုလ်ချုပ်သည် သခင်နုကိုခေါ်၍ ဦးစောအိမ်သို့ သွားသတင်းမေးခဲ့သေးသည်။ ဗိုလ်ချုပ်က ဦးစောအပေါ် ဤမျှအထိ ယုံကြည်ခင်မင်သည်။ လုပ်ကြံမှုကြီးမဖြစ်မီ တစ်ရက်အလို ဇူလိုင်လ ၁၈ ရက် နေ့တွင် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေး ကျင်းပသည်။ ဘိလပ်မှ ပြန်လာသော သခင်နုက ဘိလပ် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တင်ပြသည်။ ထို့နောက် ဝန်ကြီး များက ဦးစော၏ လုပ်ကြံရန်ကြံစည်နေပုံသတင်းများကို တင်ပြပြီး နောက်နေ့တွင် ကျင်းပမည့် အစည်းအဝေးကို ရွှေ့ ဆိုင်းရန် သို့မဟုတ် ဗိုလ်ချုပ်အိမ်သို့ ပြောင်း၍ကျင်းပရန် အကြံပြုတင်ပြကြသည်။ ''ခင်ဗျားတို့က ဒီလူတွေကို ဒီလောက်တောင်ပဲ အထင် ကြီးနေကြသလား။ ဒီလောက်အတင့်ရဲဗြောင်ကျတဲ့အလုပ် မျိုးကို မလုပ်ရဲကြပါဘူး။ ကျုပ်က ခင်ဗျားတို့အကြံပေးသလို လုပ်လိုက်ရင် ကျုပ်သူတို့ကို ကြောက်ရာကျမှာပေါ့ဗျာ'' ဟု ပြောသည်။ လုံခြုံရေးအစီအစဉ်သုံးရပ် ဗိုလ်ချုပ်အောင်ဆန်းသည် အားလုံးဝိုင်းဝန်းတင်ပြ အကြံပြုကြသည်ကိုလည်း လက်မခံဘဲဖြစ်နေ၍ ဝန်ကြီးများ က အစီအစဉ်တစ်ခု ထပ်မံပြုလုပ်ကြပြန်သည်။ ခေတ္တပြည်ထဲ ရေးဝန်ကြီးတာဝန်ကို ယူထားရသော ဝန်ကြီး ပျော်ဘွယ် ဦးမြက အတွင်းဝန်များရုံးလုံခြုံရေးအတွက် ရဲဝိုင်ယာလက် ကားစီစဉ်ချထားပေးရန်၊ ပြည်သူ့ရဲဘော်ဌာနချုပ်မှ လက်ရွေးစင် အသေခံရဲဘော်နှစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်း အပါးတွင် လိုက်ပါချထားပေးရန်၊ ဝန်ကြီးအဖွဲ့ စည်းဝေးနေစဉ် အတွင်းဝန်ရုံးတစ်ဝိုက်တွင် အရပ်ဝတ်ဖြင့် ရဲဘော်များကို စောင့်ကြပ်ချထားပေးရန် စီစဉ်ကြသည်။ ထိုစဉ်အခါက ရန်ကုန်အတွင်းဝန်များရုံးမှာ အဆီးအတား မရှိ လူတိုင်းလွတ်လပ်စွာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် နိုင်ကြသည်။ ဝန်ကြီးများတွင်လည်း လက်နက်ကိုင်အစောင့် (သက်တော်စောင့်)မထားကြ။ အပါးတော်မြဲလောက်သာ ထားရှိကြပြီး သွားလာနေကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတွင် ကိုယ်ရံတော်အစောင့်ရှိသော် လည်း ဘယ်တော့မှ သွားလေရာ ခေါ်သွားလေ့မရှိ။ အပါးတော်မြဲ ဗိုလ်ထွန်းလှ တစ်ဦးတည်း သာ လိုက်ပါရသည်။ အစောင့်အရှောက်များကို နှင်ထုတ်ခြင်း ထိုနေ့က နံနက် ၉ နာရီကျော်ကျော်လောက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အစည်းအဝေးရှိရာ အတွင်းဝန် များရုံးသို့ ထွက်ခွာရန် အိမ်ပေါ်မှဆင်းလာသည်။ ကားပေါ်တွင် ပြည်သူ့ရဲဘော်ဌာနချုပ်မှ တာဝန်ချထားသည့် အသက်စွန့် ရဲဘော်နှစ်ယောက်ကို တွေ့လိုက်သည်။ ''ဟေ့- မင်းတို့က ဘာကောင်တွေလဲ။ ဘာလာရှုပ် တာလဲ'' ဟု ဗိုလ်ချုပ်က မြင်မြင်ချင်း မေးမြန်းကြိမ်းမောင်းတော့ သည်။ ဗိုလ်ထွန်းလှနှင့် ထိုရဲဘော်များက ရှင်းပြကြသည်။ ဗိုလ်ချုပ်က လက်မခံ။ ''မလိုချင်ဘူး။ အခုဆင်းခဲ့ကြ...'' ရဲဘော်နှစ်ယောက် ဆင်းနေရစ်ကြရသည်။ အတွင်းဝန်များရုံးသို့ ရောက်သောအခါတွင်လည်း အဆင်းအတက်လှေကားရှိရာ ဆင်ဝင်အောက်တွင် ရဲဝိုင်ယာ လက်ကား ရပ်ထားသည်ကို တွေ့ရသည်။ ''ဟေ့ ဒီမှာ မင်းတို့အလုပ်မရှိဘူး ... သွားကြ'' ဟု နှင်ထုတ်လိုက်ပြန်သည်။ ဗိုလ်ချုပ်အလှပဆုံး ဝတ်ဆင်လာသောနေ့ ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းမှာ ခါတိုင်းလိုဝတ်နေကျ စစ်ယူနီဖောင်း အင်္ကျီဘောင်းဘီများ ဝတ်ဆင်မထားဘဲ အရပ် ဝတ်ဖြင့် ဝတ်ဆင်ထားသည်။ ရွှေဖလားရောင် ဘန်ကောက် လုံချည်၊ ပိုးတိုက်ပုံအင်္ကျီ၊ ကော်လံလည်ကတုံးနှင့် ဆံပင်မှာ လည်း ခါတိုင်းလိုစုတ်ဖွားဖွားမဟုတ်၊ ညှပ်ပြီးစ သပ်ရပ်နေသည်။ ရုံးခန်းဝတွင် ဝန်ကြီးဦးဗဂျမ်းက အံ့အားတသင့်ဖြင့် တစ်ခွန်းပြောလိုက်သည်။ ''ဗိုလ်ချုပ်က ဒီလိုတော့လည်း အချောကြီးပဲ'' ''နိုင်ငံရေးသမားတွေဆိုတာ လွတ်လပ်ရေးရပြီးပြီဆိုရင် စစ်သားစိတ်ပျောက်ပြီး အရပ်သားစိတ်မွေးမြူကြဖို့ အရေးကြီး တယ်။ အခုကတည်းက ကြိုတင်လေ့ကျင့်ထားရမယ်'' ဟု ပြန်ကြားပြောဆိုပြီး ဗိုလ်ချုပ်တို့နှစ်ဦး အခန်းတွင်းသို့ ဝင်သွား ကြသည်။ အစည်းအဝေးခန်းအတွင်း နေရာယူကြပုံ အစည်းအဝေးခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် ဝင်ပေါက်တံခါးမကြီး သုံးပေါက်ရှိသည်။ အစည်းအဝေး စားပွဲ သည် ထိပ်တွင် ''ဂ'' ပုံ ထောင့်ချိုးပိတ်၊ တစ်ဖက်တစ်ချက်ရှိ ခုံရှည်များဖြင့် ဆက်ထားသည်။ ထိုစားပွဲခုံ၏ အလယ်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းထိုင်၍ လက်ယာဘက်ခြမ်းတွင် ဝန်ကြီး အဖွဲ့အတွင်းဝန် ဦးရွှေဘော်၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ ထိုင်ကြသည်။ လက်ဝဲဘက်တွင် ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ထိုင်ကြသည်။ လူသတ်သမားတို့ရောက်လာချိန် အစည်းအဝေး ချိန်းဆိုထားသည့်အတိုင်း ၁ဝ နာရီမှာ စသည်။ စပြီးမကြာမီ ဒုတိယအတွင်းဝန် ဦးအုန်းမောင် ရောက် လာသည်။ အတွင်းဝန် ဦးအုန်းမောင် ရောက်လာပြီး မရှေး မနှောင်းမှာပင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက် အနောက်မြောက်ဘက် တံခါးပေါက်ကိုတွန်းဖွင့်၍ စစ်ဝတ်စုံဝတ် လူငယ် ငါးယောက်၊ တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်လျက် အစည်းအဝေးခန်းမ အတွင်း ဝင်ရောက်လာကြသည်။ ဗိုလ်ချုပ်ကို မဲပြီး ပစ်ခတ်ခြင်း ထိုလက်နက်ကိုင်လူစုတို့သည် စားပွဲထိပ်သို့ မျက်နှာမူ လျက် တန်းစီရပ်ကာ ရှေ့ဆုံးမှဝင်လာသူက ''ဟိတ်'' ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ရုတ်တရက်မတ်တတ်ရပ်ပြီး လက်ကာပြကာ တစ်စုံတစ်ရာပြောလိုက်စဉ် ရှေ့ဆုံးမှ တော်မီဂန်း ကိုင်ဆောင် ထားသူက စတင်၍ ''ပစ်-ပစ်-ပစ်'' ဟု အမိန့်ပေးလျက် ဗိုလ်ချုပ်အောင်ဆန်းကို မဲပြီး ပစ်ခတ်လိုက်လေသည်။ သေနတ်သံများနှင့်အတူ မီးခိုးများဖုံးလွှမ်းသွားသည်။ ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ထိုင်ခုံကိုအသာ လှဲချလိုက်ပြီးနောက် ဘေးပြတင်းပေါက်မှ ကျော်ထွက်ပြေးကြ သည်။ ဦးဗဂျမ်းမှာ ထိပ်ဆုံးစားပွဲနှင့်ယှဉ်ကာ ကြမ်းပြင်ပေါ် တွင် မှောက်၍ အိပ်ချလိုက်သည်။ သေနတ်သမားတို့သည် မတ်တတ်ရပ် ပစ်ခတ်နေရာမှ မကျေနပ်နိုင်ကြသေးဘဲ ဒူးထောက်ထိုင်ကာ ပစ်ခတ်ကြသေး သည်။ မီးခိုးများ ဖုံးလွှမ်းလျက်ရှိသောအခန်းထဲမှ သေနတ် သမားတို့ ထွက်သွားကြလေပြီ။ ဦးဗဂျမ်းတို့ ထပြီးကြည့်ရာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့မှာ အတုံးအရုံး သေဆုံးနေကြလေ ပြီ။ မိုင်းပွန်စော်ဘွားကြီးကား မသေသေး။ ထပြီးလမ်းလျှောက် နိုင်သေးသည်။ ဒဏ်ရာရရှိထားသော မိုင်းပွန်စော်ဘွားကြီး အား အမြန်ဆုံးကုသပြုစုနိုင်ရန် ဦးဗဂျမ်းတို့သည် ရောက်လာ သော ရဲချုပ်ဦးထွန်းလှအောင်တို့နှင့်အတူ ခေါ်ဆောင်ကြလေသည်။ မည်သို့ပင်ကြိုးစားကြပေမယ့် ရရှိထားသော ဒဏ်ရာ ပြင်းထန်လွန်းမှုကြောင့် မိုင်းပွန်စော်ဘွားကြီးမှာ ဆေးရုံတွင် ကွယ်လွန်သွားရရှာသည်။ အသက်မသေ ကျန်နေကြသူများ ထိုနေ့က လုပ်ကြံသတ်ဖြတ် မှုကြီးတွင် ကံကောင်းထောက်မ အသက်ဘေးမှ သီသီကလေးလွတ်ခဲ့ကြသော ခေါင်းဆောင် ကြီးများမှာ ဝန်ကြီးဦးဗဂျမ်း၊ ဝန်ကြီးပျော်ဘွယ် ဦးမြ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ အတွင်းဝန် ဦးရွှေဘော်တို့ ဖြစ်ကြသည်။ ထိုဖြစ်ရပ်ဆိုးကြီးမှာ မြန်မာတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေး ငိုကြွေးကုန်ကြ သည်။ အသည်းဆတ်ဆတ်နာ လက်စားချေလို နေကြသည်။ ရန်ကုန်တစ်မြို့လုံး ဆူပွက်နေကြလေပြီ။ ဗိုလ်ချုပ်၏ အလောင်း ကို သေသပ်စွာခွဲစိတ်ကုသပြီး သည့်နောက် ဗိုလ်ချုပ်နေအိမ် တာဝါလိန်းအိမ်သို့ ဦးစွာ ပို့ဆောင်ကြလေသည်။ မသမာသူ လူသတ်သမားတစ်စုတို့ ၏ လက်ချက်ဖြင့် ကျဆုံးသွားရရှာခြင်းဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း၏အလောင်း တာဝါလိန်းနေအိမ်သို့ အရောက်တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် အလောင်းအနီးတွင် ပုဆစ်ဒူးတုပ်ထိုင်ပြီး ဦးသုံးကြိမ်ချ၍ ကန်တော့လေသည်။ သောကမီးအထွတ်အထိပ်သို့ တောက်လောင်ဆုံးအချိန် ဖြစ်သော်လည်း ဒေါ်ခင်ကြည်သည် နိုင်ငံတော်မျိုးချစ် ခေါင်းဆောင်ကြီး၏ ဇနီးပီသစွာ စိတ်ကိုတင်းလျက် ကိုယ်ကို လည်း ချုပ်တည်းနိုင်သမျှ ချုပ်တည်းလျက်၊ သွေးဆူနေကြကုန် သော ပြည်သူလူထုကြီးအား အောက်ပါအတိုင်း ပြောဆို နှစ်သိမ့်လိုက်လေသည်။ သောကမီးတောက်လောင်နေချိန် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏စကား ''ကျွန်မ၏ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလပ်မှာ ကျဆုံးခဲ့ရပါပြီ'' ''လူထုကို ကျွန်မပြောလိုတာကတော့ မိမိတို့အားကိုး ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်ရက်စက်စက် လုပ်ကြံလိုက်ကြတဲ့အတွက်ကြောင့် ဒေါသထွက်ပြီး စိတ်လိုက် မာန်ပါမလုပ်ကြဖို့ ပြောချင်ပါတယ်။ သူချခဲ့တဲ့လမ်းစဉ်အတိုင်း တစ်သဝေမတိမ်းလိုက်နာကျင့်ဆောင်ပြီး သူရည်မှန်းခဲ့တဲ့ လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါလို့ ကျွန်မပြောလို ပါတယ်'' ဗိုလ်ချုပ်မိခင်ကြီး ဒေါ်စု၏ပြောစကား ထိုစကားများသည် သမိုင်းတင်စကားများဖြစ်၍ တစ်ဆက်တည်း ပြောပြလိုသည်။ ဗိုလ်ချုပ်နှင့်အတူ ဗိုလ်ချုပ်၏ အစ်ကိုအရင်း ဦးဘဝင်းတို့ လုပ်ကြံခံလိုက်ရသဖြင့် သားနှစ်ဦး အဆုံးရှုံးခံလိုက်ရသော မိခင်တစ်ဦးအဖို့ အဘယ်မျှ ရင်ကွဲ ဝမ်းနည်းရမည်ကို စာနာမိခဲ့ပါသည်။ ထိုနေ့က အမေစုသည် သားနှစ်ယောက်၏အဖြစ်ဆိုး သတင်းကို ကြားလိုက်ရသည်နှင့် အလွန်အမင်း အံ့သြသွား သည်။တစ်နိုင်ငံလုံး တစ်မျိုးသားလုံးက လေးစား ချစ်ခင် မေတ္တာထားကြသော ပုဂ္ဂိုလ်တို့ကို ရက်ရက်စက်စက် လုပ်ရက်ကြလေခြင်းဟုလည်း ရင်ထုမနာဖြစ်သွားရှာသည်။ အမေစုနှုတ်မှ ထွက်ပေါ်လာသော ရင်တွင်းခံစားချက် စကားသံ မှာ ဤသို့ဖြစ်ပါသည်။ ''ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုသတ္တိ ကြောင်တဲ့အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးဘဝကစလို့ ရှုတ်ချခဲ့တဲ့လူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင် ကြီး ဦးစောကို မသမာသူတို့ ချောင်းမြောင်းပြီး သေနတ်နဲ့ ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ပြစ်တင်ရှုတ်ချ တဲ့စကားတွေ ပြောခဲ့ပါတယ်'' ''ဟိုတုန်းက ဗိုလ်ချုပ်က နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာ လိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစ အရာရာ သတိထားပါကွယ်လို့ ပြောမိတယ်'' ''ဒီတော့ ကျုပ်သားက ''ဗျာ.... ဒါကတော့ ဘုရားတောင် မှ အတိုက်အခံ ရှိသေးတာပဲ၊ ကိုယ်ကသာ လမ်းမှန်ကနေပြီး၊ မှန်တဲ့အလုပ်ကို လုပ်ကိုင်ထားရင် ဘာမှကြောက်စရာမရှိပါဘူး အမေရယ်။ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့ သေးတာ။ အခု တိုင်းပြည်နဲ့ လူထုဟာ အရင်လိုမဟုတ်တော့ ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ'' လို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်'' ''အခုတော့ ကျုပ်သားအောင်ဆန်းဟာ သူအလွန်မုန်းတီး ရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွားရရှာပြီ။ ကျုပ် မှာချင်တာကတော့ သူ့ကိုလေးစားကြသလို၊ ခေါင်းဆောင် များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ ဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သား နှစ်ယောက်ဆုံးရတဲ့အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါ လိမ့်မယ်'' ဟူ၍ ဝမ်းနည်းပက်လက် ပြောဆိုခဲ့ပေသည်။ ''ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်သူ့ပန်းတို့ သွေးလွှမ်းပေးဆပ်၊ သက်နှင်းအပ်လျက် မြေမြတ်မြန်ပြေ၊ လွတ်လပ်စေခဲ့ ဒို့တွေခံစား၊ ကျေးဇူးတရားကို မေ့ငြားမရှိ၊ အစဉ်သိလျက် နေ့ရှိသမျှ၊ သတိရသည် အာဇာနည်နေ့၊ ဒို့မမေ့....'' (၆၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိ အာဇာနည်ခေါင်းဆောင်ကြီး များအား ထာဝရ သတိတရ အလေးပြုလျက် . . . .။ ဟံသာဝတီ - ဦးအုန်းကြိုင်B.A,Dip.in Journalism မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဝါရင့်သတင်းစာဆရာကြီး MOI

Sunday 10 July 2016

အာဇာနည်နေ့ သမိုင်းကြောင်း အစုံ

ကျွန်တော် ဒီအကြောင်းအရာလေးကို မျှဝေဖို့ ရှာနေတာ တော်တော်ကြာပါပြီ။ ဘယ်သူမှလည်း မတင်ကြဘူး။ တင်တော့ တင်ကြပါတယ်။ သတင်းစာကို ဓာတ်ပုံရိုက်ပြီး တင်ကြတယ်။ အဲလိုကျတော့ ဖတ်ရတဲ့သူအတွက် အဆင်မပြေဘူးလို့ထင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းစာ ဓာတ်ပုံထဲက အကြောင်းအရာတွေကို ပြန်လည်ရိုက်ချပြီး ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ Google မှာ ရှာကြည့်ပါတယ် ။ အာဇာနည်နေ့ဆိုပြီးတော့ပေါ့။ ထွက်တော့လာပါတယ်။ အခမ်းအနားလုပ်တဲ့ အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်လိုချင်တာက အဲဒီနေ့ကအဖြစ်အပျက်ကိုလိုချင်တာပေါ့။ ၁၉ ရက်နေ့အမှီတင်မလို့ပါပဲ ။ ဒါပေ့မယ့် မမှီတော့ဘူး။ ဒီနေ့ညနေပိုင်းလောက်မှတွေ့လို့ အတင်း စာရိုက်ပြီး တင်လိုက်ရပါတယ်။ ကူညီစာရိုက်ပေးသော သူငယ်ချင်း မင်းဟိန်း နဲ့ ညီလေး ၀င်းထက်ကို ကျေးဇူးတင်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။ အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။ နံနက် ၁၀ နာရီ ခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မဲ့ ၀န်ကြီးများ အစည်းအဝေး ကိုတက်ရန် ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့ အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။ ၁၀ နာရီ ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ် ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မဲ့ အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောင်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။ ကာကွယ်ရေး ၀န်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန် အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုင်းခန်း လှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေး ဌာန ၀န်ကြီး စောစံဘိုးသင်း ၊ အင်္ဂလန်မှ အပြန် လမ်းခရီးမှာပဲ ရှိနေသေးတဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဌာန လက်ကိုင်မရှိ ၀န်ကြီး ဦးတင်ထဋ် တို့မှအပ ကျန်တဲ့ အစိုးရ အဖွဲ့ ၀န်ကြီးတွေ စုံစုံညီညီ ရောက်ရှိ နေကြပြီ ဖြစ်တယ်။ ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် တို့လည်း အစည်းအဝေး အတွက် လိုအပ်မဲ့ စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ စုဆောင်းကာ အစည်းအဝေးကျင်းပမဲ့ အခန်းထဲကို တခုပြီး တခုပို့ဆောင်ရင်း ၀င်ချေ ထွက်ချေ အလုပ်များနေကြတယ်။ ဒီနောက် အစည်းအဝေး ကျင်းပရာ အခန်းထဲကို ဗိုလ်ချုပ်နှင့် အပါးတော်မြဲ ဗိုလ်လှထွန်တို့ ၀င်လာပြီး ၊ ဗိုလ်လှထွန်းက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာ တွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်တယ်။ ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေး ခန်းမကနေ သူရဲ့ရုံးခန်း ရှိရာကို ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ရှိနေခဲ့တယ်။ အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့ ၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန ၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန ၃။ ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊ ၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန ၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊ ၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊ ၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊ ၈။ ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေး ဌာန၊ ၉။ ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊ ၁၀။ ဥိးအောင်ဇံဝေ-ပြည်သူ့ဝန်ထမ်း ဌာန၊ ၁၁။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။ ကျဆုံး အာဇာနည်များ ဦးအုံးမောင်ဟာ သူ့ ၀န်ကြီး စောစံဖိုးသင်း ခရီးထွက်နေပြီး အစည်းအဝေး မတက်နိုင်လို့၊ လမ်းပန်း ဆက်သွယ်ရေး ဌာနနဲ့ ပက်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြည်လည်ဖြေကြားနိုင်ဖို့ ရောက်ရှိနေတာဖြစ်တယ်။ အရင်ကတော့ ၀န်ကြီးများ (ဘု၇င် အမှု့ဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံ့ သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘုရင်ခံ ကိုယ်တိုင် ဦးစီး ကျင်းပလေ့ ရှိပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ ၊မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက် ပေးရတော့မဲ့ အခြေအနေနဲ့ ဖဆပလ ဘုရင် အမှု့ဆောင် ကောင်စီကို ကြားဖြတ်အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့ ၁၉၄၇ ဇန်န၀ါရီ လောက်ကစပြီး ဘုရင်ခံ ကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့ဘဲ ၊ ဘုရင်အမှုဆောင် ကောင်စီ ဒဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း ကပဲ သဘာပတိ အဖြစ် ဦးစီး ကျင်းပနေတာဖြစ်တယ်။ အစည်းအဝေးကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ အထဲကို ၀င်ရန် တံခါး ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်ပြီး၊ လက်ဝဲဘက်မှာ အတွင်းဝန် ဦးရွှေဘော်ရဲ့ အခန်း၊ လက်ယာဘက်မှာ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ အခန်းတွေ ရှိပါတယ်။ ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ် အလုပ်လုပ်တဲ့ စားပွဲရှိပြီး ၊ တောင်ဘက် နံရံမှာတော့ ၀န်ကြီး တွေ အစည်းဝေးပွဲ ကျင်းပတဲ့ စားပွဲကြီးတွေ ရှိပါတယ်။ ၀န်ကြီးတွေ အစည်းအဝေး ကျင်းပရာ နေရာမှာစားပွဲရှည်ကြီး ၃ ခုကို “ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတခု၊ ဘေးထဖက် တချက်မှာ တစ်လုံးစီ ချထားတယ်။ ထိပ်က စားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေးတဖက် တချက်က စားပွဲ ၂ ခု ကတော့အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။ အဲဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲ အလည်တည့်တည့် မှာထိုင်နေပြီး လက်ယာဘက် စားပွဲမှာ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဥိးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင် တို့ အစဉ်အတိုင်း ထိုင်နေကြကာ၊ လက်ဝဲဘက် စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြနဲ့မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း တို့ ထိုင်နေကြတယ်။ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်က အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့ ထပ်စားပွဲ ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ရှိနေတယ်။ အစည်းအဝေးကို အစီအစဉ် အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ကျင်းပပြီး ၀န်ကြီး ဌာနအလိုက် အရေးကြီးတဲ့ သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်။ ဒီလိုနဲ့ ဌာနဆိုင်ရာ ကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေးလာခဲ့ရာ ၁၀ နာရီခွဲခန့်မှာ လမ်းပန်းဆက်သွယ်ရေး ဌာန ကိစ္စရပ်တွေကို တွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယ အတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေး ခန်းမထဲကို ရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြ အနားမှာ ၀င်ထိုင်လိုက်တယ်။ တွေ့ရခဲသော ဗိုလ်ချုပ်ပုံစံတစ်မျိုးနှင့် စီးတော်ယာဉ် ကားနက်ကလေး နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ " ငါ့တပည့်များ အောင်ပါစေကွာ" ဆိုတဲ့ စကားသံအဆိုံးမှာ အင်းလျှားကန် ဘေးရှိ ဦးစောအိမ်ဝင်းထဲကနေ ဂျစ်ကားအစိမ်းလေး တစင်းဝူးခနဲ ထွက်လာပြီး အတွင်းဝင်ရုံးဘက်ကို ဦးတည်မောင်းနှင်သွားတယ် ဒီဂျစ်ကားလေးကိုဦးစောရဲ့ တပည့် တစ်ဦးဖြစ်တဲ့ သုခက မောင်နှင်ပြီးကားပေါ်မှာ တခြားတပည်တွေဖြစ်တဲ့ စိန်ကြီး မောင်စိုး ရန်ကြီးအောင်သက်နှင်းတို့က တော်မီဂန်းနဲ့ စတင်းဂန်းတွေ အသင့်ကိုဆောင်ကာ လိုက်ပါလာကြတယ်။ မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ အာစီ/၁၈၁၄ နံပါတ်ဂျစ်ကား အစိမ်းလေးကဟာ စ်မိုးကာတွေခြုံထားပြီးစစ်ယူနီဖောင်းဝတ် နံပါတ် ၁၂ တပ်မ ခြင်္သေ့တံဆိပ် တပ်ထားတဲ့ လူ ၄ဦးကို တင်ဆောင်ကာ အပြေးမောင်နှင်လာတယ်။ ဒီဂျစ်ကားလေးဟာ မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်ပြီးအနောက်မှ အရှေ့သို့ မောင်းနှင်လာတယ်။ နောက် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် ဒီကမှ တဆင့် ဖရေဇာလမ်း(ယခုအနော်ရထာလမ်း)ကို ဖြတ်ကျော်လာပြီး အတွင်းဝန်ရုံးရဲ့တောင်ဘက် ဂိတ်ဝကို ရောက်တဲ့အခါ စက်ရှိန် လျှော့ပြီးအတွင်းဝန်များရုံးဝင်းအတွင်း ၀င်ရန် ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တယ်။ ဒီအချိန်ဟာ ရုံးတက်စ ၁၀နာရီခွဲခန့်ဖြစ်လို့ အရာရှိကြီးငယ်တွေရဲ့ ကားကြီးကားငယ်တွေ ၀င်နေကြလို့ ဂိတ်ဝမှာ ခဏရပ်စောင့်နေရသေးတယ်။ နောက်မှ ကားဘီးကို ခပ်ဖြည်းဖြည်းလိမ့်ကာ အနောက်ဘက်ဆင်ဝင်ကြီးအောက်က တဆင့် ကာကွယ်ရေးဌာနဘက်သို့ ကွေ့ဝင်ကာ အနောက်တောင် ထောင့်မှာ ထိုးရပ်လိုက်တယ်။ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည်(Canva Shoes)စီးထားပြီး စတင်းဂန်းတလက်၊တော်မီဂန်း၃လက် တို့ကို အသင့် ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး ရန်ကြီးအောင်နဲ့ သက်နှင်းတို့လည်း ကားပေါ်က ခုန်ဆင်းကာ အတွင်းဝန် များရုံးထဲကို အပြေးဝင်ရောက်လာကြတယ်။သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်၊သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ အတွင်းဝန်ရုံးတောင်ဘက်မှ မြောက်ဘက်အတိုင်းဗိုလ်ချုပ်ရုံးခန်းရှိရာ ကို လျှောက်လာကြပြီး အခန်းဝမှာ စောင့်နေတဲ့ မင်းစေကိုတွန်းဖယ်ကာ မြောက်ဘက်ဆုံးတံခါးပေါက်ကနေ ၀န်ကြီးများစည်းဝေးနေတဲ့ အခန်းတွင်းသို့ဝင်လိုက်ကြတယ်။ နံနက် ၁၀နာရီ ၃၇ မိနစ်၊ရှေ့ဆုံးမှ ၀င်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်သံနဲ့ အတူ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင် ပစ်ခတ်တော့တယ် တချိန်တည်းမှာပဲ စားပွဲထိပ်မှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာက လက်ကာပြရင်း ၀င်လာသူတွေကို တစုံတခု လှမ်းပြောဖို့ ကျိုးစားခဲ့သော်လည်း အချိန် မမှီတော့ပေ။လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေကြောင့် ဗိုလ်ချုပ် နောက်သို့ လန်ကျကာ လူရော ကုလားထိုင်ပါ လုံးထွေး လဲပြိုသွားတော့တယ်။ဒီနောက်မှ ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ၀န်ကြီးတွေကိုလည်း တဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ ဘယ်ဘက်ကို မွေ့ယမ်းလိုက်တယ်။ ၀န်ကြီး ပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန် ဦးရွှေဘော်တို့ဟာ ရှေ့ဆုံးက လူသတ်သမားက ဗိုလ်ချုပ်ကို စတင်ပစ်ပစ်ခြင်း နောက်ကျောဘက်က ပြတင်းပေါက် ကနေ အချိန်မှီ ခန်ချပြေးကြလို့ ဒဏ်ရာ မရရှိဘဲ လွတ်မြောက်ခဲ့ရတယ်။ဝန်ကြီးဦးဘဂျမ်းကလည်း ပစ်ပစ်ခြင်း သူ့ဘေးမှာ ရှိတဲ့ ဦးအောင်ဇံဝေရဲ့ လက်ကို ဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်လှဲချလိုက်လို့ အသက်ဘေးက လွတ်ခဲ့ရတယ်။ ကျန်တဲ့ ၀န်ကြီးတွေ ကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိမှန်ကာ အတုံးအရုံးလဲကျ ကုန်တယ်။နောက်တော့ မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ အားရပါးရ စိတ်တိုင်းကျ ဆက်လက်ပစ်ခတ်ကြပြန်တယ်။ စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့ နောက်မှ လူသတ်သမားတွေဟာ အပစ်ရပ်ကာလှေကားရှိရာဘက်ကို ပြေးထွက်လာကြတယ်။ ဒီအချိန်မှာ လှေကားထိပ်ရှိ အခန်းထဲက ၀န်ကြီးဦးရာဇတ်ရဲ့ သက်တော်စောင့် ကိုထွေးထွက်လာရာ လူသတ်သမားတွေက ကိုထွေးကို စတင်းနဲ့ တချက်မွှေလိုက်ပြီး"ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း လှေကားအတိုင်း တဟုန်ထိုးပြေးဆင်းသွားကြတယ်။ဆင်ဝင် အပေါက်ကြီး အောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့ သုခ ကားပေါ်တက်ကာ စပတ်လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို ကွေ့ကာ ဒါဟိုစီ(ယခုဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေးမောင်းနှင်လွတ်မြောက်သွားကြတယ်။ ဦးစောဟာ ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ ဖဆပလ အစိုးရပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဥက္ကဌ သခင်နုကိုပါ လုပ်ကြံဖို့ တပည်တစ်ဦး ဖြစ်တဲ့ ဘညွန့်ကို စေလွှတ်ခဲ့ပေမဲ့၊အဲဒီနေ့က သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမဲ့ ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီး တွေကို လူသတ်သမားတွေက လုပ်ကြံသတ်ဖြတ်ခြဲ့ပြီးနောက် အခန်းထဲသို့ ပထမဆုံးေ၇ာက်ရှိလာတဲ့ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်ကိုလဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်မှာ ဒဏ်ရာနှစ်ချက် သုံးချက်ခန့် ရတယ်လို့ ထင်ခဲ့တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ပြီးနောက် ဆရာဝန်ကြီးတွေက အသေအချာ စစ်ဆေးကြည့်ရှု့တဲ့အခါမှာတော့ ဗိုလ်ချုပ် ကိုယ်မှာ သေနတ်ဒဏ်ရာ ၁၃ တိတိကိုတွေ့ခဲ့ကြရတယ်။ ပျော်ဘွယ် ဦးမြနဲ့အတူ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွင်းဝန်ဦးရွှေဘော်မှာ လုံးဝထိခိုက်ခြင်းမရှိခဲ့ပေ၊ ကြမ်းပြင်ပေါ်ကို မှောက်လဲ ချခဲ့တဲ့ ဦးအောင်ဇံဝေလည်း ထိခိုက် ဒဏ်ရာ မရခဲ့ပေမဲ့၊ဦးဘဂျမ်းကတော့ လက်ဝဲဘက် နံပါးမှာ တချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တချက်အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။ တကယ်တော့ ဦးဘဂျမ်းဟာ အဲဒီနေ့က အည်းအဝေးကို တက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟင်္သာတ ခရိုင်ကို ခရီးထွက်ရာကနေ ပြန်ရောက်ခါစ ဖြစ်ပြီး အအေးမိကာ အနည်းငယ် မကျန်းမမာဖြစ်နေတာကြောင့် ဖြစ်တယ်။ဒါပေမယ့် သူကဟာ အဲဒီအချိန်က အရေးကြီးသတင်းထူး တခုကိုအမြန်ဆုံးတင်ပြ အစီရင်ခံဖို့ လိုအပ်နေတယ်လို့ ယူဆပြီး အစည်းအဝေးကို ကြိုးစားလာတက်ခြင်းဖြစ်တယ်။ ဦးဘဂျမ်းရရှိခဲ့တဲ့ သတင်းထူး တစ်ခုကတော့ လွန်ခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်အတွင်းက ဗိုလ်တထောင် ဘီအိုစီ(Base Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးခဲ့မှုရဲ့ တရားခံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲဖြစ်တယ်။ ဂဠုန်ဦးစောရဲ့ လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာတော့ ကြာပါပြီ။နောက်ပြီးဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်ဟာ ဦးစောရဲ့လူသတ်မှုတွေကို သင်္ကာ မကင်းဖြစ်ကာ၊ မိမိနေအိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့် ညအချိန် စောင့်ကြည့်နေခဲ့ရာ ဦးစောဟာ တပည့် လေးငါးယောက်နဲ့ အတူ အင်းလျှားရေပြင်မှာ လှေတစင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ပြီး ဒီသတင်းကိုလည်း ဘုရင်ခံရဲ့ အတွင်းဝန် ဖိလစ်နက်ရှ်ထဲမှ တဆင့် ဘုရင်ခံက ဇူလိုင်က ၁၈ရက်နေ့မှာ သိထားပြီးဖြစ်တယ်။နောက်ပြီး အဲဒီလုပ်ကြံမှု့ဖြစ်ပွားတဲ့နေ့က လူ၅ဦးကို တင်ဆောင်ကာအပြေးမောင်းနှင်လာတဲ့ ဂျစ်ကားလေးတစ်စီး ဦးစောအိမ်ထဲကို ချိုးဝင်သွားတယ်၊အ၀င်မှာ ဦးစောနဲ့ဆုံမိကြတော့ "အောင်ပြီ၊အောင်ပြီ" လို့လက်သီးလက်မောင်းတန်း ကြွေးကြော် နှတ်ဆက်ကြတာကို လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ(မှုခင်းတပ်ဖွဲ့)ကို သတင်းပို့ခဲ့တယ်။ ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူ နှိမ်နှင်းရေး တပ်တို့ပူးပေါင်းပြီး အင်းလျှားကန်စောင်းရှိ ဦးစော နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပါတယ်။ဦးစောရဲ့တပည့်တစ်ဦးဖြစ်သူ မိုက်ရူးရဲ မှုံကြီးက သေနက်ကို ကိုင်စွဲကာ ခုခံပစ်ခတ် ခဲသေးသော်လည်း အင်အားချင်း မမျှသည်ကို ရိပ်မိတဲ့ဦးစောက အချိန်မီ တားဆီးခဲ့တဲ့အတွက် ဦးစောတို့ လူသိုက် အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။ ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ ပြုလုပ်ထားတဲ့ "ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေနဲ့အတူ အင်္ဂလိပ် စစ်တပ်က ပျေက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေထဲက တချို့ကို အိမ်ထဲကရော အိမ်အနီးက အင်းလျှားကန်ကရော ရှာဖွေသိမ်းဆည်းရမိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသူ ဦးစော ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထက်လာပြီးလုံခြုံရေး အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာဝန်တွေကိုပါ ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို ထုတ်နှတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။ ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထက်လာပြီးလုံခြုံရေး အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာဝန်တွေကိုပါ ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို ထုတ်နှတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။ မြန်မာပြည်ရဲ့ ကံဆိုးမိုးမှောင်ကျမှု အစလို့ ပြောရမဲ့ ကိစ္စကတော့ ၊အဲဒီတပ်စိတ်ထဲကရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်က တွေ့ပြီး ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့ အမိန့်ပေးခဲ့တာကြောင့် လုပ်ကြံမှု့ မဖြစ်ပွားခင် ရက်ကမှ ဒီလုံခြုံရေးကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ “သူ့ကို လုပ်ကြံမဲ့လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင်အယောင် ပကာသန တွေကို ရွံ့ ရှာ စက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ဗိုလ်ချုပ်ရဲ့ စိက်ရင်း စေတနာ ဖြူစင်ရိုးသားမူကို မချင့်မရဲဖြစ်ကာ မြန်မာပြည်နဲ့ လူထု ရဲ့ဆိုးဝါးလှတဲ့ ကံကြမ္မာလို့ ပဲပြောရမလား မသိတဲ့ အဖြစ်အပျက်ကိုသိမြင်ခွင့်ရခဲ့တော့ အံကြိတ် “တောက်” ခေါက်မိရင်း ” “ရန်သူမရှိဘူး” ဆိုတဲ့ ဗိုလ်ချုပ်ရေ ဘယ့်နှယ့်လဲ ကွဲ့။ ” လို့သာ ဟစ်အော်လိုက်ချင်တော့တယ်။ ဦးစေ ဒီလို နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို လုပ်ကြံ သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက လန်ဒန်ဆွေးနွေးပွဲမသွားမီ လအနည်းငယ်အလိုက ကာကီရောင်ဝတ်ထားတဲ့ လူ နှစ်ယောက်က ဦးစောကို သေနတ်နဲ့ ပစ်လုပ်ကြံခဲ့ရာမှာ အသက်မသေခဲ့သော်လည်း မျက်ခုံးကိုရှပ်မှန်ကာ ဒဏ်ရာရခဲ့တယ်။ ဒီလုပ်ကြံမူကို ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ အစီအမံနဲ့ ဦးမြလိုင်(ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာဟောင်း) က ကားမောင်းကာ၊ ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေက ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။ ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီါ်ပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ တပ်ရင်းမူးဗိုလ် နေဝင်း(အဲဒီအချိန်က ဗိုလ်နေဝင်းဟာတပ်ရင်းမူးသာရှိ သေးတယ်)ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။ဒီကိစ္စ ဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ပြည်သူ့ရဲဘော် လက်ချက်ဖြစ်တယ်လို့ယူဆကာ ဦးစော က ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေ တာလို့ပြောကြတယ် အမှန်တော့ ဒီလုပ်ကြံမူ ကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်။ ဦးစောဟာ ဗိုလ်ချုပ်တို့ကို ညှီးသူရန်ဘက် အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုက်၊ ဦးစော တချိန်က “ကောင်လေးတစ်ယောက်” လို့ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံအမျိုးသားခေါင်းဆောင်ဖြစ်လာပြီး သူလို နိုင် ငံရေးသမား စားဖားအိုကြီးတွေအတွက် မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ နေရာမရှိဖြစ်နေရတဲ့အဖြစ်ကို ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်။ဒါ့ကြောင့် ဦးစောအနေနဲ့ ဖဆပလ ခေါင်းဆောင်အားလုံးကု ဖယ်ရှားနိုင်မှသာသူ့အနေနဲ့အာ ဏာရနိုင်မှာဖြစ်တယ်လို့ ယူဆကာ ရန်ကုန်ရှိ ဖဆပဘ ခေါင်းဆောင်အားလုံးကိုသာမက နယ်ရှိဖဆပလ ခေါင်းဆောင်တွေကို ပါ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်။ ဒါ့ကြောင့်လဲ အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်း ခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေ ကိုအိမ်အနီး အင်းလျားကန်ထဲမှာ ဝှက်ထားသလိုလက် နက်တချို့တဝက်ကို လဲမျိုးချစ်ပါတီဝင်တွေဆီ ကိုဖြန့်ဝေထားပြီးဖြစ်တယ်။ ဒီလိုဦးစောက အကြံအစည် ကြီးကြီးမားမားကြံစည်နိုင်မူ ဟာ နယ်ချဲ့ဗြိတိသျှတွေ ရဲ့မြှောက်ပင့်အားပေး မူကြောင့်သာဖြစ်တယ်။ဗြိတိသျှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေ၊စစ်ဘက်နဲ့အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်းအာဏာရနေတာကိုမရူစိမ့်မနာလိုကြ ပါဘူး။ဒါကြောင့် မြန်မာနိုင် လွတ်လပ်ရေး မယူမီမှာ ဖဆပလ အစိုးရအဖွဲ့ ကိုဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံ အတွင်းမှာဆက်ရှိနေအောင် ဂဠုန်ဦးစော လိုပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ ပြီးပါပြီ။ နောက်တစ်ခုအနေနဲ့ ဒေါင်းလော့ချပြီးသိမ်းထားချင်သူများအတွက် PDF ဖိုင်လေး တင်ပေးထားပါတယ်။ မောင်ကျောက်ခဲ မှ ကူးယူဖော်ပြသည်.... ဒေါင်းလော့ချရန် >>