Tuesday 31 May 2016

“လူကြောက်ရောဂါ”

'အကြောက်ဒီဂရီ' ကျွန်တော်တို့မြန်မာတွင် လူကြောက်ရောဂါ စွဲနေသည်။ အကြောက်ဒီဂရီကို ကျွန်တော်တို့ အဆင့်လိုက် တိုင်းတာပါက- ကြောက်သည်။ အလွန်ကြောက်သည်။ အလွန့်အလွန်ကြောက်သည်ဟူသော အဖြေကိုရသည်။ 'ကျိုးနွံစေဖို့' အကြောက်တရားက စ,တာကတော့ ကျောင်းများမှ ဖြစ်သည်။ ''ဆရာ ကျွန်မကလေးကို ကြိုက်သလိုဆုံးမ ပါ။ ရိုက်ပါ။ မကျိုးမပဲ့ရင်ပြီးရော'' ဟုဆိုကာ ကျောင်းတွင်အပ်လေ့ရှိသည်။ တစ်ချိန်ကအနောက်တိုင်းတွင် ‘တုတ်ကို မသုံးလျှင် ကလေးပျက်စီးသည်။ Spare the rod and spoil the child’ ဟူသော စကားပုံပင်ရှိသည်။ မိဘများသည် သားသမီးကို ကျိုးနွံနေအောင် ဆုံးမထားရမည်ဟု ဆိုပါသည်။ ထိုသို့ဆုံးမရာတွင် အရိုက်အနှက်သည် အင်မတန်ကောင်းသော လက်နက် ဖြစ်သည်။ ကျွန်တော်တို့လည်း အရှိုးထင်အောင် အရိုက်ခံရသည်။ ထိုအခါ ကလေးသည် မိဘကိုကြောက်သွားသည်။ ဆရာကိုကြောက်သွား ကြတော့ သည်။ ကြောက်သည်။ အလွန်ကြောက် သွားသည်။ အလွန့်အလွန် ကြောက်သွားသည် လည်းရှိသည်။ 'တာဝန်ယူတတ်သော အလေ့အထ' မြန်မာ့ရိုးရာ ဓလေ့ထုံးစံအရလည်း ဆရာမိဘကို ဘုရားနှင့်တစ်ဂိုဏ်းတည်း ထားသည်။ ထို့ ကြောင့် ဘာသာရေးအရ ငယ်စဉ်ကပင် ဆရာနှင့် မိဘသည် လက်ဦးမှုကို ရယူထားသည်။ ဆရာနှင့်မိဘကို ပြန်မပြောရဲကြပါ။ တစ်ခုခု ခိုင်းလျှင် ခိုင်းတဲ့အတိုင်းလုပ်တတ်သောအလေ့ကို ရသည်။ တကယ်တမ်း အရွယ်ရောက်လာသည့်အထိ ခိုင်းတဲ့အလုပ်ကို မကြိုက်ဟုပြောရဲဆိုရဲခြင်း မရှိကြပေ။ ခိုင်းတာကိုလုပ်သည်။ ထိုသို့ခိုင်းတာကိုလုပ်သည်ဟူသော စကားသည် ကြောက်စရာကောင်းလှသည်။ အခိုင်းခံရသူ လူငယ်သည် ဘာကိုမှ ပြန်မပြောဘဲလုပ်သည်။ ဒါကိုလူကြီးတွေက သဘောကျသည်။ တကယ်တမ်းတွင် ထိုသူငယ်တွင် တာဝန်ယူတတ်သောအလေ့အထ ဆုံးရှုံးသွားတော့သည်။ ဘယ်သူခိုင်းခိုင်း လုပ်သောသူတွင် တာဝန်ရှိသည်။ ထို့ကြောင့် ဘာကိုဘယ့်အတွက် လုပ်ရသလဲ။ ဆန်းစစ်ခြင်းမပြုတော့ပေ။ ''လူကြီးခိုင်းတာကို လုပ်တာပဲ။ သူ့မှာတာဝန်မရှိ''ဟု ယူဆသည်။ တာဝန်မသိ၍ တာဝန်မယူတတ်သောသူသည် တစ်ချိန်တွင် လူကြီးဖြစ်လာ လေသည်။ သူဦးဆောင်ကာ တာဝန်ယူရသော ဌာနများကို သူတာဝန်မယူ တတ်တော့ပါ။ သူဘာလုပ်မလဲ မှားသွားပါက ဆင်ခြေတွေ တစ်ခုပြီးတစ်ခု ပေးနေတော့သည်။ ထိုသို့ တာဝန်မယူပါက ကျွန်တော်တို့ နိုင်ငံသည် ဘယ်သောအခါတွင်မှတိုးတက်တော့မည်မဟုတ်ပါ။ို့ကြောင့်ကျောင်းများတွင် တာဝန်ယူတတ်စေဖို့ သင်ကြားပေးရပါမည်။ ကြောက်အောင် ရိုက်နှက်သော ခေတ် ကုန်သွားပါပြီ။ အနောက်တိုင်းတွင် ကလေးကို ဘယ်သူမှရိုက်ခွင့် မရှိတော့ပါ။ 'ဆရာများ' အမှန်တော့ဆရာများသည် တာဝန်ယူသော အလေ့အထကို လေ့ကျင့်ပေးရန် အရေးကြီးလှသည်။ သို့သော် ကျောင်းဆရာများသည် မိမိတို့ကိုယ်တိုင် တာဝန်ယူလိုစိတ် မရှိသည်ကိုတွေ့ရပေမည်။ တစ်ချိန်ကဌာနဆိုင်ရာအတော် များများတွင် မလုပ်မရှုပ်မပြုတ်ဟူသောစကား ခေတ်စားဖူးသည်။ ကျောင်း ဆရာများတွင်မူ အပြောင်းအရွှေ့(Transfer) ကို ကြောက်နေကြရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်မှစ၍ ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိ အလုပ်မြဲစေရန် ဝတ်ကျေတန်းကျေသာလုပ်တော့သည်။ ဌာနဆိုင်ရာများတွင် တပ်မတော်မှ အရာရှိကြီးငယ်များသည် အငြိမ်းစားယူ၍သော်လည်းကောင်း၊ Gun-Shotဖြင့်သော်လည်းကောင်း ရောက်လာကြလေ့ရှိသည်။ ထိုပုဂ္ဂိုလ်များ အုပ်ချုပ်မှုအောက်တွင် အဆင်ပြေစွာ နေထိုင်ရေးသည် အလွန်အရေးကြီး သည်။ဝန်ထမ်းအချို့သည်ထိုအကြီးအကဲများကို အဘအဘနှင့်မနေကြသည်။ ဆရာများနှင့်ပတ်သက်တာကတော့ စစ်ဘက်နယ်ဘက်ဆိုင်ရာ အရာရှိကြီး ငယ်တို့၏သားသမီးများပင်ဖြစ်သည်။သူတို့သည်သင်ကြားရေးတွင်ဝင်ရောက် စွက်ဖက်ကြသည်။ စာမေးပွဲအမှတ်ပေးရာတွင် ပါဝင်ပတ်သက်လာသည်။ ဘာကြောင့် ဘယ်လိုပေးလဲဆိုတာကို စုံစမ်းစစ်ဆေးကြကုန်သည်။ ကျောင်း ဝရန်တာပြိုကျပါက ကျောင်းအုပ်ကြီး အလုပ်ပြုတ်သည်။ အောင်ချက်လျော့ နည်းပါက ပြောင်းရွှေ့ရသည်။ ကျောင်းအုပ်ကြီးလစာကိုမရ၊ လစာမတိုးသော ပြစ်ဒဏ်ကို အပေးခံရသည်။ အောင်ချက်ကောင်းပါက ဂုဏ်ပြုခံရသည်။ 'မိဘပြည်သူများ' တကယ်တော့ ထိုပြဿနာများနှင့်ပတ်သက်ပြီး မိဘပြည်သူများတာဝန်မကင်း ကြပါ။ ကျောင်းဆရာတွေ မတရားပြစ်ဒဏ်အပေးခံရသည်ကို မိဘပြည်သူများ သိကြပါသည်။ သို့သော်ဘယ်သူကမှ ကျောင်းဆရာများဘက်တွင် ရှေ့နေ မလိုက်ကြပါ။ (မီဒီယာများကလည်း မပြောကြပါ) ဥပမာ-ဝရန်တာပြိုတာ ကျောင်းအုပ်ဆရာ ကြီးအပြစ်လား၊ ဆရာကြီးသည် အင်ဂျင်နီယာ မဟုတ်ပါ။ သူတာဝန်ရှိသည်ဆိုပါက ပညာရေးဝန်ကြီးက ပို၍တာဝန်ရှိပါသည်။ (ကြောက်သည် မပြောရဲကြပါ) ၁ဝ တန်းစာမေးပွဲအောင်စာရင်းတွင် ဂုဏ်ထူးများများထွက်ပါက ထိုကျောင်းမှဆရာ၊ ဆရာမများ ဂုဏ်ပြုခံရသည်။ တကယ်တော့ ထိုကျောင်းတွေကိုသွားကြည့်ပါ။ အောက်တိုဘာလကတည်းက ကျောင်းတွင် ၁ဝတန်းကျောင်းသားများ မရှိတော့ပါ။ သူတို့အားလုံး ကျူ ရှင် တက်ကုန်ကြသည်။ ကျူရှင်များများတက်နိုင်သော ကျောင်းများကဂုဏ်ထူးများ များနှင့် ရာနှုန်း များများအောင်ပါသည်။ (ကြောက်သည်မပြောရဲ ကြပါ) ဒါကိုလည်း မိဘပြည်သူတွေအားလုံး သိကြပါသည်။သို့သော်အားလုံး ခပ်တည်တည်နှင့် နေကြသည်။ အမှန်တရားနှင့် ကြာလေဝေးလေဖြစ်သော မြန်မာတို့၏ လူမှုအသိုင်းအဝိုင်းသည် ဘယ်လိုတိုးတက်ကြီးပွား လာမှာနည်း။ ကျောင်းအဖွင့်မှာ နာမည်ကြီးကျောင်းများကို ငွေထုပ်နှင့်ကျောင်းအပ်သူများ ပွဲစားများကိုတွေ့ရပါဦးမည်။ (ကြောက်သည် မပြောရဲကြပါ) 'ပါရမီရှင်ကျောင်းသားများ' စာရေးဆရာ သိပ္ပံမောင်ဝကို သတိရနေမိသည်။ မောင်လူအေးသည် သူ၏ သားလေး မောင်လူမွှေးကို ဘယ်လိုကျောင်းမှာထားပါမည်နည်း။ စာတွေကို အလွတ်များများရ၍ ဆရာ၊ ဆရာမတွေက စာအုပ်ထဲကစာကို ကျောင်းသား ခေါင်းထဲ ထည့်ပေးသောစနစ်ကို ကျွန်တော်တို့ လက်ခံထားကြသည်။ ကျောင်းသား၏လွတ်လပ်ခွင့်ကို မစဉ်းစားတော့ပါ။ စာပြီးရင်စာ၊ ကျက်စာ၊ ဖတ်စာ၊ တွက်စာ ဒါတွေနှင့် ချာချာလည်နေတော့သည်။ များများကျက်ရမည်။ များများတွက်ရမည်။စာမေးပွဲအမှတ်သည်သူတို့၏ပန်းတိုင်ဖြစ်သည်။ သို့သော် သူတို့အတွက် အခြားသောလှုပ်ရှားမှု(Activity)မရှိပါ။ ထိုပုံစံများကို တွေး၍ပင် မဖြစ်နိုင်တော့ပါ။ကျောင်းဆင်းသည့်အခါ သူတို့ခမျာ၊ ကျူရှင်တွေနဲ့သာ နပမ်း လုံးနေရသည်။ သူတို့ ဘာတွေတွေးလို့ ဘာတွေရေးမည်နည်း။ သူတို့ တွေး စရာမလိုပါ။ သူတို့ကကျက်ထားတာကိုသာ ရေးပါမည်။ ကျက်ထားတာတွေ တစ်ပိုင်းပါပါက အမှတ်တစ်ဝက်ရမည်။ အပြည့်ပါပါက အမှတ်အပြည့်ရမည်။ ထိုသို့'တိုး'ပါက ဆေးတက္ကသိုလ်ထိပင်ရောက်သွားနိုင်သည်။ ဆေးတက္ကသိုလ် နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်သို့ ရောက်သူအများသည် ကျူရှင်နှင့်မကင်းသူများသာ ဖြစ်တတ်ကြသည်။ 'အနာဂတ်ခေါင်းဆောင်များ' တပည့်များသည် ဆရာထက်တော်ရပါမည် ဟူသော စကားရှိသည်။ ကျောင်းသားများသည်ဆရာပေးသောစာကိုကျက်မှတ်သည်။ ပြန်ရေးချသည်။ ဒါနဲ့စာမေးပွဲအောင်သွားကာ ဘွဲ့ရသွားကြသည်။ သူတို့ဘာတွေ လုပ်ကြလဲ၊ သူတို့အတွက် အလုပ်မရှိဟုပြောပါက အစိုးရကို အပြစ်တင်ကြသည်။ သူတို့ ကျက်ထားသောစာသည် အလုပ်များနှင့် အံဝင်ခွင်ကျမဖြစ်ပါ။ သို့သော် နီးစပ်မှု(Favoritism)မှ အလုပ်တွေကို ရတတ်ပါသည်။ တကယ်တမ်းလိုအပ် သောနေရာများတွင် ကျွမ်းကျင်သူများမရကြပါ။ ဥပမာ- သင်ကြားရေး လက်မှတ်မရှိသော ကျောင်းဆရာ၊ ဆရာမ အတော်များများကို အလုပ်ခန့် ရပါသည်။ တကယ်တော့ ပညာရေးသည် အင်မတန်အရေးကြီးသည်။ ထိုဆရာ၊ ဆရာမများသည် အနာဂတ်ခေါင်းဆောင်များကို အဘယ်သို့ မွေးထုတ်ပေးပါမည်နည်း။ 'မသိနားမလည်ခြင်း' မြန်မာနိုင်ငံသည် ဒုတိယထောင်စုနှစ်လောက်ကတည်းက တိုးတက်လျက် ရှိသည်။ အနော်ရထာမင်းကြီး (ခရစ်နှစ် ၁ဝ၄၄- ၁ဝ၇၇ ခုနှစ်) လက်ထက် ကတည်းက တိုင်းပြည်တစ်ခုလုံးကို သိမ်းသွင်းပြီးဖြစ်သည်။ အနော်ရထာ မင်းကြီးလက်ထက်က အခြေချခဲ့သော ထေရဝါဒဗုဒ္ဒဘာသာသည်လည်း ယနေ့တိုင် စွဲစွဲမြဲမြဲတည်နေပါသည်။ ၁၉ ရာစုနှစ်က အင်္ဂလိပ်တို့က တစ်စ တစ်စ နယ်ချဲ့ကာ မြန်မာပြည်တစ်ပြည်လုံးကိုသိမ်းပိုက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာတို့၏စီးပွားရေးသည်အရှေ့တောင်အာရှတွင် ထိပ်တန်း၌ရှိနေကြောင်း မှတ်တမ်းများတွင် တွေ့နေရသည်။ ပညာရေးတွင်လည်း မြန်မာပြည်ရှိ ကောလိပ်များသည်၂ဝ ရာစု မစမီကပင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကို ၁၉၂ဝ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် အမှုထမ်း ခဲ့သည့် ပညာရှင်များသည် နောင်တွင် ကမ္ဘာကျော်များဖြစ်ခဲ့ပါသည်။ မြန်မာ့ စီးပွားရေးသည် စစ်ကြီးအပြီး၌ စစ်ဒဏ်မခံရသော ထိုင်းနိုင်ငံနှင့် မကွာရုံမက ၁၉၅ဝမှ၁၉၆၂ စီးပွားရေးကို လေ့လာလျှင် စီးပွားရေး ရွှေခေတ်ဟုပင်ခေါ်နိုင် သည်။ သို့သော်၁၉၆၂ ခုနှစ်-၁၉၉၅ခုနှစ်အတွင်း မြန်မာတစ်ဦးချင်းစီ၏ ဝင်ငွေသည် ထိုင်းနိုင်ငံနှင့်စာလျှင် များစွာလျော့နည်းလာကြောင်း တွေ့ရ သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်း ဆင်းရသွားရသည်မှာ တိုင်းပြည်ပညာရေးချွတ်ခြုံ ကျပြီးမသိနားမလည်သော သူများအုပ်စိုးနေသောကြောင့်ဟု မှတ်ချက်ချနိုင်သည်။ 'နိဂုံး' နှစ် (၅ဝ) ကြာသောအခါ သိတတ်နားလည်သောသူများ အုပ်စိုးနေပါပြီ။ သူတို့သည် သိတတ်အောင်လည်း ကြိုးစားနေကြပါသည်။ ယနေ့ ကျွန်တော် တို့၏ အရပ်သားအစိုးရသည် ခြေလှမ်း အတော်သွက်နေပါသည်။ ပြည်သူ အများ အားရကြပါသည်။ ရက် (၁ဝဝ) စီမံချက်များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပါမည်။ အခက်အခဲတွေများစွာ ရှိပါသည်။ ပြည်သူတွေ ကူညီမှ ဖြစ်ပါမည်။ ခိုင်ခိုင် မြဲမြဲလက်တွဲထားကြပါ။ ဒေါက်တာခင်မောင်ညို No.107, 20 May The Politics Journal

"ကျွန်ုပ်နှင့် 'ဘသုံးလုံး' များ"

ဘေးထိုင်၊ ဘိုင်ကျဘုပြောသူများကိုအတိုကောက်အားဖြင့် 'ဘသုံးလုံး'ဟု အရပ်စကားဖြင့် ပြောကြလေသည်။ ကျွန်ုပ်အနေဖြင့်မူ 'ဘသုံးလုံး'ကို အနည်းငယ်ချဲ့လိုပါသည်။ 'ဘေးထိုင်၊ ဘိုလိုပြော၍ ဘုကျ သူများ'၊ 'ဘေးထိုင်၊ ဘုပြော၊ ဘိုကျ' သူများအားလည်း 'ဘသုံးလုံး'တွင် ထည့်သွင်းလိုပါသည်။ ကျွန်ုပ်သည်မြို့သားမဟုတ်ပါ။ တောမှာနေ၊ကျောင်းပေါင်းစုံတက်ရောက်ပြီး ယခုမြို့ကြီးတွင် နေထိုင်သူဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် တောသား၊ ကျောင်းသား၊ မြို့သားဟုပြောလျှင်ရပါသည်။ ကျွန်ုပ်တို့ရွာ၌ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရှိပါသည်။ နာမည်မှာ 'သံချောင်း'ဟူ၏။ ကျွန်ုပ်တို့ ရွာသည် သမိုင်းဝင်ဒေးစွန်ပါဘုရား၏ခြေရင်းတွင်တည်ရှိပြီး ဘုရားနှင့် သုံးမိုင်ခန့်ဝေးပါသည်။ လွန်ခဲ့သောနှစ်ပေါင်း(၅ဝ)ခန့်က နှစ်စဉ် သီတင်းကျွတ်တိုင်း၊ ဘုရားလမ်းအားတောခုတ် ရှင်းလင်းရပါသည်။ ရွာသူကြီးမှဆော်သြပြီး တစ်အိမ်တစ်ယောက်ထွက်၍ တောခုတ်ရပါသည်။ သံချောင်းကို သွားရောက်ခေါ်သောအခါ သူအလုပ်မအား၍ မလိုက်နိုင်ဟု ပြောပါသည်။ ဘုရားပွဲအချိန်ဘုရားသို့ သံချောင်းသွားရောက်ဖူးမြော်ပါသည်။ ပြန်လာသောအခါ ဘုရားလမ်းပြင်ထားသည်မှာ ဘာတွေဘယ်လိုကြောင့် ဝေဖန်ပါတော့သည်။ကျွန်ုပ်ကတော့ လိုတာရှိရင်မင်းပဲသွားပြင်လိုက်ကွာဟု ပြောလိုက်ပါသည်။ ကျွန်ုပ်ကျောင်းသားဘဝတွင် ကျွန်ုပ်၏ သူငယ်ချင်း တစ်ယောက်ရှိ၏။ သူ၏ဘိုအမည်က 'ဖရက်ဒီ' မြန်မာနာမည်အောင်ကျော်မိုး ဖြစ်၏။ သူက ထိုခေတ်ဘိုလိုသင်သောကျောင်းမှ ဆယ်တန်းအောင်၍ တက္ကသိုလ်ရောက်လာသူ၊ ကျွန်ုပ်ကတောကျောင်းမှ ဆယ်တန်းအောင်၍ တက္ကသိုလ်ရောက်လာသူ ဖြစ်သည်။ တက္ကသိုလ်တွင်သူငယ်ချင်းဖြစ်ကြ၏။ ကျွန်ုပ်နှင့်စကားပြောတိုင်း ဘိုလိုညှပ်၍ပြောရမှ ကျေနပ်သူ၊ နိုင်ငံခြား အကြောင်းပြောရမှ ဘဝင်ခွေ့သူဖြစ်၏။ ကျွန်ုပ်မှာကား တောကျောင်းမှ ဆယ်တန်းအောင်လာသူဖြစ်ရာ သူငယ်ချင်းအား အထင်ကြီးလေးစား ပါတော့သည်။ တစ်နေ့သ၌ ကျွန်ုပ်တို့ကျောင်းတော်ကြီး၏ 'မြန်မာနဲ့နိုင်ငံတကာ' ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပရန် ကြေညာလေ၏။ ကျောင်းသားအားလုံးဝင်ရောက်ဟောပြောနိုင်ကြောင်းသိ ရ၏။ 'ကျွန်ုပ်လည်း 'ဖရက်ဒီ'အားမင်းဝင်ပြောပါလားကွဟု တိုက်တွန်းလေ တော့၏။ သူက ဟောပြောမည့်နေ့တွင် သူချိန်းထားတာရှိ၍ မပြောနိုင် ကြောင်းပြော၏။ ကျွန်ုပ်ကတော့ မင်းမအားလည်း ဒီနေ့တော့ ဒို့များသွားနား ထောင်ရအောင်ကွာပြောတော့ သူလက်ခံ၏။ ကျွန်ုပ်တို့သူငယ်ချင်းများ 'ဦးချစ်'လက်ဖက်ရည်ထိုင်ကြသောအခါ ဟောပြောပွဲအကြောင်းပြောကြ၏။ သူငယ်ချင်းများက ဟောပြောပွဲမှ ဗဟုသုတရရှိကြောင်း ချီးမွမ်းပြောဆိုကြ၏။ 'ဖရက်ဒီ' ကတော့ဟိုလူပြောတာ ဘာလိုတယ်၊ ဟိုကောင်ပြောတာ ဒီဟာ လိုတယ် စသည်ဖြင့်ဝေဖန်ဖြစ် လေတော့၏။ ကျွန်ုပ်ကတော့ ''မင်းကိုယ်တိုင်တော့မပြောဘဲနဲ့ သူများအပြစ်တင်တာလွယ်တာပေါ့ကွာ''ဟု ပြော လိုက်၏။ ကျွန်ုပ်မြို့ကြီး၌နေထိုင်ပြီး လုပ်ငန်းများလုပ်ကိုင်နေသောအခါ ကျွန်ုပ်၌ အပေါင်းအသင်းတစ်ယောက်ရှိ၏။ သူ့ရဲ့နာမည်က 'ဦးဘိုမောင်' သူကဌာနတစ်ခု၌ အရာရှိကြီးလုပ်ခဲ့ပြီး ယခုအလုပ်ကြီးလုပ်နေသူ၊ ကျွန်ုပ်နှင့် ကား အလုပ်သဘောဆက်ဆံပြီး ပြောဖော်ပြောဖက်၊ ဂေါက်ဖော်ဂေါက်ဖက်၊ သောက်ဖော်သောက်ဖက်ဖြစ်၏။ စကားပြောတိုင်း ဦးဘိုမောင်က အရင်ပြော လေ့ရှိပြီး သူများအလှည့်ကျလျှင်သိပ် နားမထောင်ချင်၊ သူနှင့်ဂေါက်ရိုက်လျှင် လည်း သူကအရင်စရိုက်ရမှကျေနပ်သူ၊ အရက်သောက်လျှင်လည်း သူ့ကို အရင်ထည့်ပေးမှသဘောကျသူ၊စကားပြောလျှင်သူတိုင်းပြည်အတွက်ဘယ်လို အနစ်နာခံခဲ့ကြောင်း၊ ကိုယ်ကျိုး စွန့်ခဲ့ကြောင်းအခွင့်ကြုံတိုင်းပြောတတ်သူ။ ၁၉၈၈ ခုနှစ်တွင် 'ဒီမိုကရေစီအရေးတော်ပုံကြီး' ဖြစ်ပွားလေတော့၏။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ တတ်နိုင်သလောက် လက်သီးလက်မောင်းတန်း၍ ထိုအရေးတော်ပုံကြီးတွင်ပါဝင်ခဲ့ပါတော့သည်။ ဦးဘိုမောင်ကား ခေါ်၍မရ၊ ဆက်သွယ်၍မရ၊ ရှောင်နေပါတော့သည်။ အရေးတော်ပုံကြီးကား အာဏာ သိမ်းခြင်းဖြင့် အဆုံးသတ်၏။ ၁၉၉ဝ ရွေးကောက်ပွဲကျင်းပမည်ဟု ထိုစဉ်က အစိုးရကကြေညာခဲ့၏။ ဦးဘိုမောင်က အာဏာရအစိုးရရော၊ အတိုက်အခံ ကိုပါ နောက်ကွယ်မှငွေကြေးထောက်ပံ့သူ၊ စည်းရုံးဆောင်ရွက်ပေးသူအဖြစ် နှစ်ဖက်ချွန်လုပ်နေတော့၏။ ကျွန်ုပ်တို့နှင့်တွေ့လျှင်တော့ အာဏာရအစိုးရ မကောင်းကြောင်းတွင်တွင်ကြီးပြောလေတော့၏။ အခြားတစ်ဖက်၌တော့ ဘယ်လိုပြောသည်မသိ။ ၁၉၉ဝ မှ ၂ဝ၁ဝ နှစ်အတွင်း အတိုက်အခံမကောင်း ကြောင်းပြောရင်း ချမ်းသာလာလေ၏။ ၂ဝ၁၅ ရွေး ကောက်ပွဲပြီးနောက် အနိုင်ရပါတီအား မည်ကဲ့သို့ကူညီရင် ကောင်းမလဲ၊ စသည် စသည်ဖြင့် ကျွန်ုပ်အား အကြံဥာဏ်တောင်းပါတော့သည်။ ကျွန်ုပ်လည်း ဤသို့အကြံ ဥာဏ်ပေးလိုက်ပါသည်။ မိတ်ဆွေကြီး၏အတွေ့အကြုံအရ ပါတီတည်ထောင် သင့်ကြောင်း၊ယင်းပါတီအား'ဘသုံးလုံး'ပါတီ၊ ဘေးထိုင်၊ ဘိုကျ၊ ဘုပြောသော ထိုပါတီမှ တစ်ဆင့်ဘော့(စ)ဖြစ်နိုင်ကြောင်းပြောပြီးနောက်ပိုင်း ကျွန်ုပ်အား အဆက်အသွယ်ဖြတ်လိုက်ပါတော့သည်။ စာရှုသူ 'ဘသုံးလုံး' များနှင့် ကင်းဝေးကြပါစေ။ ကျွန်ုပ်တို့တိုင်းပြည်ကြီးတွင်'ဘသုံးလုံး' များနည်းနိုင် ပါစေ။ ဖိုးသာအောင် The Politics Journal

Sunday 29 May 2016

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့

ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်းဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဒီပဲယင်းအ၀င်လမ်း ၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာအထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်းမိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။ ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ်စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။ ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်းသေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။ သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။ ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကိုတွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကိုထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက်မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူမိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီးဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။ ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေးညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။ သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီးသတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာစစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။ ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ်အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မစုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။ သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကိုမှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်းနောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက်ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။ ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကိုအမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကိုရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင်တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်ကကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့ လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။ ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းကလူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။အောက်ကကောင်တွေကမခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။ အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွားဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ လိုက်ပို့ကြတယ်။ ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာတားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ် ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေကမသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံတိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့အနှောင့်အယှက် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာစားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။ အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာမုံရွာဘက်ကို ထွက်တယ်။မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။ အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်ကခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်းဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။ ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေစထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။ နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်ကလမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘောသူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာမှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီနီးပါးလောက်မှာ ရောက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက်ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့ ဖမ်းချုပ်တယ်။ အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့လာတဲ့အတွက် ပြောလည်တော့သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင်လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။ ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာကရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရားညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်းပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။ မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူအလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှတရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံလုပ်နေတဲ့အခါမှာဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေကကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကိုမကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။ စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။ တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာကကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။ အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။ ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်းပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက ၅နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ တလျှောက်လုံးမပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။ ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူကအဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။ လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့ကမောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။ ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့ကလိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာတခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်းရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။ ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့ကအုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေကကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေးယူပေးတယ်။ ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီးဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘကကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။ ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကိုမောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်ကအရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူလက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးကဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေမြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတေအားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာလှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီးကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကိုရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်ကကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။ အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။ သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့ကပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာကဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။ ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်ကရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ်လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလိုထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။ ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်းလိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။ ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်ကညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။ ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။ ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာကမန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေမရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက်ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။ ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေးရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်းတပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းကလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။ မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးကသနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကိုမရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေးသဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေကသူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။ ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။ မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင်နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။ ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျားဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်ကရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာနိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေအော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုကသင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှုရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။ သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှမထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေအေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး သွားကြည့်တယ်။ သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ထင်ရတယ်။ သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကိုဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီးလက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနနစည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီးပြောလိုက်တယ်။ ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝအုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။ အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေကသူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာမှတ်ထားလိုက်တယ်။ အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။ ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကိုပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။ ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကိုမလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့ကမလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက်လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကိုတွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကိုပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘကအိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာသွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။ ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီးအော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလိုဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။ အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်းအဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။ ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။ ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်းသွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်းရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကိုတယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ရှိစဉ် ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။ နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက်လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။ နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီးလုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝဖိုးလောက်ကတော့ မှာဖူးတယ်။ အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေးဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှမယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။ တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့်အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင်အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။ အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘစိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကိုကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကိုရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။ ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင်အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်းမသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာမကြာသေးဘူးပေါ့ဗျာ။ သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ်လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။ အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကိုဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကိုမိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံမခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။ ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ်အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကိုတက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။ အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းကလူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။ တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးနားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့်လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင်တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့်အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။ ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်းမဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့ကဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်းမပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေအားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကိုစွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။ ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့မတက်ဘူး။ ဒီနေ့ အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။ ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်းအောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက်အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။ တွေ့ဆုံဆွေးနွေးမှု ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက်စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာကပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။ အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲအားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း၆ဝကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံအများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီးလျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။ သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီးတုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်ကကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူလုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။ မောင်ချစ် O

Wednesday 11 May 2016

လာအိုခရီးစဉ် ဘယ်နိုင်ငံ အမြတ်ထွက်ခဲ့သလဲ

မြန်မာသမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ တရားဝင်နိုင်ငံတော်အဆင့် ပြည်ပခရီးစဉ်ကို လာအိုနိုင်ငံသို့ သွားရောက်ခြင်းဖြင့် ပထမဆုံးစတင်ခဲ့သည်။ နေ့ချင်းပြန်သွားရောက်ခဲ့သော ခရီးနှင့်ပတ်သက်၍ လုံခြုံရေးကြောင့်ဟု သုံးသပ်သူများရှိသကဲ့သို့ လျှပ်စစ်ပြတ်တောက်မှုဖြစ်နေသော မြန်မာအတွက် လာအိုမှ လျှပ်စစ်ဓာတ်အားဝယ်ယူရန် အစီအစဉ်ရှိသည်ဟု ဆိုသူများလည်း ရှိသည်။ ခရီးစဉ်၌ သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတို့ ပါဝင်သည်။ သို့သော် စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးတို့ ပါဝင်ခြင်းမရှိပေ။ အကယ်၍ လာအိုထံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူရေးဆွေးနွေးမည်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးများ ခရီးစဉ်၌ ပါဝင်မည်ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော လာအို၏ (၁၀) ကြိမ်မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်ညီလာခံ၌ လာအိုစွမ်းအင်နှင့် သတ္တုဝန်ကြီးဌာန၏ မိန့်ခွန်းတွင် ယခု ၂၀၁၆ ၌ မြန်မာသို့ ကနဦးလျှပ် စစ်ဓာတ်အားတင်ပို့မှု စတင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနှင့် လာအိုသည် နယ်စပ်နယ်နိမိတ် ၂၃၀ ကီလိုမီတာ (၁၄၂ မိုင်ကျော်) ထိစပ်နေပြီး ကနဦးလျှပ်စစ်တင်ပို့မှုကို လာအို၏ လူအန်နမ်သာပြည်နယ်နှင့်နီးသော မြန်မာဘက်ကျေးရွာများသို့ ပို့လွှတ်ခြင်းဖြင့် စတင်မည်ဟု ဆိုထားသည်။ ၂၀၁၅ နှစ်ကုန်ပိုင်းက မြန်မာအစိုးရသည် လာအိုထံမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀၀ တင်သွင်းမည့်စီမံကိန်းကို လာအိုအစိုးရထံ ကမ်းလှမ်းအဆိုတင်ခဲ့ကြောင်း လာအိုစွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးက ပြောကြားကြောင်း ဗီယန်ကျင်း သတင်းဌာနကို ၂၀၁၆ ဖေဖော်ဝါရီတွင် သတင်းဖော်ပြခဲ့သည်။ လာအိုအနေဖြင့် စီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်များ၊ တစ်ဆင့်ထုတ်လွှတ် ပေးပို့မည့်လိုင်းများ၊ လျှပ်စစ်ကို အသုံးပြုမည့်နေရာ အစရှိသည်တို့ကို လေ့လာနေသည်။ လာအိုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ကုန်ကျခံ၍ လျှပ်စစ်ဓာတ်အားစက်ရုံပေါင်း ၃၈ ရုံ တည်ဆောက်ထားပြီး ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ၂၀၁၇ တွင် လာအိုတောင်ပိုင်းဒေသ၌ ရေအားလျှပ်စစ် စက်ရုံလေးရုံ ထပ်မံတည်ဆောက်ရန် ရှိနေသည်။ မဲခေါင်မြစ်ပေါ်တွင် လာအိုက ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်များ တည်ဆောက်မည့် အစီအစဉ်ရှိနေပြီး ယင်းကို မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့က ကန့်ကွက်လျက်ရှိသည်။ အိမ်နီးချင်းလာအိုသည် ရေအားလျှပ်စစ်ကဏ္ဍကို ၁၉၉၅ ကတည်းက မြှင့်တင်ခဲ့သည်။ ထိုနှစ်မှာပင် မြန်မာနှင့်လာအိုကြား ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာမှ လာအိုသို့ ပို့ကုန်များအနက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးပစ္စည်းများ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ လာအိုအစိုးရသည် လွတ်လပ်သော စွမ်းအင်ထုတ်လုပ်သူများနှင့်တွဲ၍ စီမံကိန်း ၂၀ ခန့်လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းသို့ ရေအားလျှပ်စစ်ဖြန့်ဖြူးရန်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်မည့်ကုမ္ပဏီငယ်လေးများနှင့် နားလည်မှုစာချွန်လွှာပေါင်း ၂၀၀ ခန့် လက်မှတ်ထိုးခဲ့သည်။ သို့သော်လာအိုအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုအဆင့်အတန်းဆိုင်ရာနှင့် ရေရှည်ရေအားလျှပ် စစ်ထုတ်လုပ်ရေးဆိုင်ရာတို့တွင် ဝေဖန်ခံရမှုများရှိခဲ့၍ မြန်မာအနေဖြင့် ထိုသင်ခန်းစာများကိုယူ၍ အရည်အသွေးမြင့် စီမံကိန်းများကိုသာ ရွေးချယ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းကြီးက သတိပေးထားသည်။ မြန်မာ့လျှပ်စစ်ကဏ္ဍ လေ့လာဆန်းစစ်သူအချို့ကလည်း မြန်မာအနေဖြင့် ‘အာရှ၏ ဘက်ထရီအိုး’ဟု တင်စားခံနေရသော လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူရန် ဖြစ်နိုင်ခြေရှိကြောင်း အကြံပြုနေကြသည်။ ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ရန်ကုန်မြို့အတွက် အရန်ဓာတ်အားလိုအပ်ချက် ၃၀၀ မဂ္ဂါဝပ်ကို လာအိုနိုင်ငံမှ ၀ယ်ယူရန် Plan B,Plan C ရှိခဲ့ဖူးကြောင်း သိရသည်။ မြန်မာအနေဖြင့် လာအိုမှနေ၍ ရန်ကုန်အထိ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်း၍ ရယူမည်ဆိုပါက ခရီးဝေးကွာမှုကြောင့် လမ်းခရီးတွင် လျှပ်စစ်ယူနစ်ပျောက်ဆုံး ပမာဏများနိုင်ကြောင်း ထောက်ပြမှုများရှိသည်။ မေလ ၆ ရက် မြန်မာအကြီးအကဲများ၏ လာအိုခရီးစဉ်အပြီး နှစ်ဖက်ထုတ်ပြန်ချက်များအရ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ပူးပေါင်းမှုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံမြို့တော်များအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းရန်လည်း လုပ်ဆောင်ကြမည်ဟု သိရှိရသည်။ ထိုတရားဝင်ထုတ်ပြန် ချက်များအရဆိုလျှင်မူ လာအိုမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေး ကိစ္စကို ထည့်သွင်းမဆွေးနွေးရ သေးကြောင်း တွေ့ရသည်။ နိုင်ငံ့အကြီးအကဲများအနေနှင့် အစိုးရရုံးများစိုက်ရာ နေပြည်တော်တွင်သာ လုပ်ငန်းများ ဆောင်ရွက်နေပြီး လတ်တလောကာလအတွင်း ရန်ကုန်သို့ပင် လာရောက်မှုမရှိခြင်း၊ ပြည်ပခရီးစဉ်သွားရာတွင်လည်း နေ့ချင်းပြန်သာ သွားရောက်ခဲ့ခြင်းတို့သည် လုံခြုံရေးအရ စိုးရိမ်မှုရှိ၍ဖြစ်သည်ဟု အတွင်းသတင်းရင်းမြစ်အချို့က ဆိုသည်။ သို့သော် နိုင်ငံတော်သမ္မတရုံးလုံခြုံရေးအရာရှိချုပ် ရဲမှူးချုပ်ကမူ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ လာအိုသို့ နေ့ချင်းပြန် သွားရောက်ရခြင်း အကြောင်းရင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အတိုင်းသာဖြစ်ကြောင်း ပြောသည်။ အခြားသော လုံခြုံရေးဆိုင်ရာအခြေအနေမှာ လာအိုနိုင်ငံ၏ အနေအထားနှင့် သက်ဆိုင်သည်။ လာအိုတွင် မကြာသေးမီက ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ အနောက်နိုင်ငံများက ၎င်းတို့၏ ကမ္ဘာလှည့်ခရီးသွားမည့် နိုင်ငံသားများကို လာအိုသို့ခရီးသွားလျှင် လုံခြုံရေးသတိထားရန် အသိပေးထားသည်အထိပင်။ မြန်မာအကြီးအကဲများ လာအိုသို့မသွားမီရက်က လာအိုသမ္မတနှင့် တရုတ်သမ္မတ တွေ့ဆုံရာ၌လည်း လုံခြုံရေးကဏ္ဍ အသားပေးဆွေး နွေးမှုရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်တွင် လာအို၌ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန်ရှိသကဲ့သို့ မြန်မာသမ္မတအနေဖြင့် ယခုနှစ်အတွင်း အာဆီယံထိပ်သီး ညီလာခံတက်ရောက်ရန်လည်းရှိနေသည်။ ပထမဆုံးပြည်ပခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ရာတွင် ‘‘လာအိုနိုင်ငံသည် လက်ရှိတွင် အလှည့်ကျ အာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့်အတွက် မိမိတို့အနေဖြင့် အာဆီယံနှင့်ဆက်ဆံရေးကို အလေးထားကြောင်းလည်း ပြသခြင်းဖြစ်ပါတယ်’’ဟု ဖော်ပြခဲ့သည်။ ‘‘အာဆီယံအိမ်ရှင်နိုင်ငံကို ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ရွေးချယ်ခဲ့တာ သင့်လည်းသင့်တော်ပါတယ်လို့ မြင်တယ်။ သံတမန်ဆက်ဆံရေးထဲမှာ မြန်မာနိုင်ငံက အာဆီယံကို အလေးထားတာကိုလည်း ပြသနိုင်ခဲ့တယ်’’ ဟု အာရှအင်အားကြီးနိုင်ငံတစ်ခုမှ သံတမန်က ပြောသည်။ မြန်မာနှင့် လာအိုနှစ်နိုင်ငံသည် ၁၉၉၇ ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ခဲ့ကြသည်။ ယခုနှစ်တွင် အိမ်ရှင်လာအိုဦးဆောင်သည့် အာဆီယံအဖွဲ့သည် ကမ္ဘာ့အင်အားကြီးသုံးနိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံများနှင့် အမြင့်ဆုံးအဆင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ နှင့် နိုင်ငံခြားရေးဝန်ကြီးများအနက် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူ၊ အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးဖူးသူဖြစ်၍ ၎င်း၏နိုင်ငံတကာအမြင် များသည် အာဆီယံအတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ မေလ ၆ ရက် လာအိုခရီးစဉ်အတွင်းတွင်လည်း ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများအပေါ် အမြင်များဆွေးနွေးဖလှယ်မှုများရှိခဲ့သည်။ အာဆီယံအစည်းအဝေးများ တက်ရောက်ရာတွင် အငြင်းပွားမှုများ ပြည့်နှက်နေသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နက်နက်ရှိုင်းရှိုင်း ပါဝင်ပြောကြားဖွယ်မရှိသော်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက်မူ ပြောကြားဖွယ်ရှိကြောင်း ဒေသတွင်းနိုင်ငံရေး လေ့လာသူများကသုံးသပ်သည်။ ၁၉၇၅ မှစ၍ အာဏာချုပ်ကိုင်ခဲ့သော လာအိုကွန်မြူနစ်ပါတီသည် အတိုက်အခံများနှင့်သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုကြောင့် နာမည်ကျော်လူသိများခဲ့သည်။ လာအိုသည် ကွန်မြူနစ်ဗီယက်နမ်နှင့် နီးစပ်သော နိုင်ငံရေးဆက်ဆံမှုရှိပြီး ဗီယက်နမ်၏ နိုင်ငံရေးစနစ်ကို ရောင်ပြန်ဟပ်ကျင့်သုံးလျက်ရှိသည်။ ကွန်မြူနစ်အိမ်နီးချင်း တရုတ်ကလည်း ချေးငွေများ၊ အကူအညီများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတည် ဆောက်ပေးမှုများမှတစ်ဆင့် လာအိုအပေါ် လွှမ်းမိုးနိုင်ရန် အသည်းအသန်ယှဉ်ပြိုင်လျက်ရှိသည်။ ၂၀၁၆ ဧပြီ ၂၀ ရက်ကပြုလုပ်ခဲ့သော လာအိုအမျိုးသားညီလာခံမှ ကွန်မြူနစ်ပါတီ အကြီးအကဲ ဘွန်ညံဗိုရာချစ်အား လာအိုသမ္မတအဖြစ် ခန့်အပ်တင်မြှောက်ခဲ့သည်။ မြန်မာနှင့် လာအိုတို့သည် ၁၉၅၅ ဇူလိုင်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည်။ ၁၉၅၆ တွင် ရန်ကုန်မြို့၌ လာအိုသံရုံးကိုစတင်ဖွင့်လှစ်ခဲ့သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ၁၉၇၁ ၌ ခေတ္တပိတ်ခဲ့ကာ ၁၉၈၀ တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။မြန်မာသံရုံးကို ဗီယန်ကျင်းမြို့၌ ၁၉၆၇ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လာအိုသမ္မတဟောင်း Choummaly Sayasone သည် ၂၀၁၃ တွင် မြန်မာနိုင်ငံသို့ လာရောက်၍ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီစနစ် အသွင်ကူပြောင်းမှုနှင့် အမျိုးသားရင်ကြားစေ့ရေးအားထုတ်မှုများကို လာအိုက ထောက်ခံကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရသစ်၏ နိုင်ငံတော်အဆင့် ပထမဆုံးပြည်ပခရီးစဉ်သည် နိုင်ငံရေးအားဖြင့် ကမ္ဘာပေါ်တွင်အနည်းငယ်သာ ကျန်ရှိတော့သော ကွန်မြူနစ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် လာအိုသို့ ကမ္ဘာ့ဒီမိုကရေစီ ပြယုဂ်အဖြစ် သတ်မှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သွားရောက်မှုဖြစ်သည်။ သံခင်းတမန်ခင်းအရ ယခုနှစ်၏ အာဆီယံဥက္ကဋ္ဌဖြစ်သော လာအိုသို့သွားရောက်ခြင်းသည် အာဆီယံနှင့်ပတ်သက်၍ မြန်မာ၏အလေးထားမှုကို ပြသခြင်းဖြစ်သည်။ လာအိုသတင်းဌာနအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြထုတ်လွှင့်မှုမရှိခဲ့သော်လည်း ဆယ်စုနှစ်များစွာ ဖိနှိပ်ခံရပ်တည်ခဲ့ပြီးနောက် ယခုအခါအစိုးရသစ်ဖြစ်လာပြီဖြစ်သော မြန်မာ့ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်မှာ ဒုတိယကမ္ဘာစစ်ပြီးကတည်း ကတစ်ပါတီအာဏာရှင် လက်အောက်ရှိ လာအိုပြည်သူတို့ အတွက် စိတ်ဓာတ်ရေးရာ သက်ရောက်မှုဖြစ်စေခဲ့သည်။ ငြိမ်းငြိမ်းပြည့် - 7day (ဓါတ်ပုံ - နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လာအိုနိုင်ငံက ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

LSO Maung Maung News : ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ...

LSO Maung Maung News : ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ...: နိုင်ငံရေးပညာရှင်တွေက “ခေတ်သစ် နိုင်ငံတော်”ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲ? ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ လိုအပ်ချက်တေ...

LSO Maung Maung News : ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ...

LSO Maung Maung News : ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ...: နိုင်ငံရေးပညာရှင်တွေက “ခေတ်သစ် နိုင်ငံတော်”ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲ? ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ လိုအပ်ချက်တေ...

ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ လိုအပ်ချက်များမှ အရေးကြီးသော လိုအပ်ချက် တချို့။

နိုင်ငံရေးပညာရှင်တွေက “ခေတ်သစ် နိုင်ငံတော်”ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲ? ဒီမိုကရေစီ နိုင်ငံရယ်လို့ သတ်မှတ်နိုင်ဖို့ နောက်ခံ လိုအပ်ချက်တွေက ဘာတွေလဲဆိုတာကို အကျဉ်းချုပ် ဆွေးနွေး လိုပါတယ်။ 1. “ခေတ်သစ် နိုင်ငံတော်”နိုင်ငံဟုခေါ်ဆိုနိုင်ဖို့ လိုအပ်ချက်။ • လွပ်လပ်၊ တရားမျှတပြီး၊ အားလုံးပါဝင်ခွင့်ရှိတဲ့ အချိန်မှန်ကျင်းပတဲ့ ရွေးကောက်ပွဲများ မရှိရင်၊ • ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးခြင်း မရှိရင်၊ • နိုင်ငံသားများ၏ အခွင့်အရေးများကို တရားဥပဒေအရ ထိရောက်စွာ ကာကွယ်ပေးထားခြင်း မရှိရင်၊ အဲဒီလို နိုင်ငံရေး အတည်အထောင်ကို “ခေတ်သစ် နိုင်ငံတော်”လို့တောင် သတ်မှတ်လို့ မရနိုင်ပါဘူး။ 2. ဒီမိုကရေစီ နိုင်ငံဟု သတ်မှတ်နိုင်ရန် နောက်ခံ လိုအပ်ချက်များ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက သီးခြား ကင်းလွတ်ပြီး လွပ်လပ်စွာ ဖွဲ့စည်းတဲ့ အဖွဲ့အစည်း အတည်အထောင် ကွန်ယက်များနှင့် ဆောက်တည်၊ ထောက်ကူထားခြင်း မရှိရင်၊ ဒီမိုကရစီ ထူထောင်နိုင်ပြီလို့ သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင်၊ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းကို မကျော်ဖြတ်သေးပဲ ဒီမိုကရေစီ ထူထောင်နိုင်ပြီလို့ သတ်မှတ်၍ မရပါ။ ဥပမာ-ရွေးကောက်ပွဲများကျင်းပပြီး အစိုးရတစ်ရပ် ပေါ်ပေါက်လာသော်လည်း စစ်တပ် ကဲ့သို့သော အဖွဲ့အစည်း များကဖြစ်စေ၊ လူတစ်ဦး(လူတစ်စု)က ဖြစ်စေ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍတွေပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ၊ ၀င်ရောက် ခြယ်လှယ်ခွင့် အာဏာကို တနည်းနည်း နှင့်ရယူ ထားပြီး အစိုးရက မူဝါဒ(သို့) ပေါ်လစီများချမှတ်ရာမှာ de jure (သတ်မှတ်ပြဌာန်း ထား သော ဥပဒေ) (သို့)de facto (သတ်မှတ်ပြဌာန်းထားခြင်းမရှိသော ဥပဒေများ) အရ လုပ်ပိုင်ခွင့်များကို ထိမ်းချုပ်တာ ခံထားရတယ်ဆိုရင် ဒီမိုကရေစီ အသွင်းပြောင်းပြီလို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။ အုပ်ချုပ်သူများက ဒီမိုကရေစီနည်းကျစွာ အုပ်ချုပ်ရန် ပျက်ကွက်နေတယ်ဆိုရင်လည်း ဒီမိုကရေစီ ထူထောင်နိုင်ပြီလို့ သတ်မှတ်လို့ မရပါဘူး။ အုပ်ချုပ်သူများက ပြဌာန်းထားတဲ့ ဥပဒေများကို ချိုးဖောက်ပြီး ဥပဒေရဲ့ အထက်မှာ နေမယ်၊ လူတစ်ဦးချုင်းနှင့် လူနည်းစုတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ကျူးလွန်နေမယ်၊ နိုင်ငံသားတွေရဲ့ လူမှု လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးတာ၊ စတာတွေကို ကျူးလွန်မြဲ ကျူးလွန်နေမယ်ဆိုရင် ဒီမိုကရေစီ အသွင်ပြောင်းပြီဟု ဘယ်သောအခါမှ ပြောနိုင်မည် မဟုတ်ပါ။ တင်ဝင်း(ဒီမို-မန်း) ၂၀၁၆ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့။ “Study Group for Promoting Human Rights, Democracy and Pluralism in Burma. Freethinkers are those who are willing to use their minds without prejudice and without fearing to understand things that clash with their own customs, privileges, or beliefs. This state of mind is not common,but it is essential for right thinking, where it is absent, discussion is aptto become worse than useless.

“အမျိုးသား ဒီမိုကရေစီ အဖွှဲချုပ် အစိုးရ လက်ထက်က ဖြေရှင်းဖို့ ခက်လှတဲ့ ပေါ်လစီရေးရာ ပဟေဠိ များ” မြန်မာတိုင်းမ်

By Nicholas Farrelly | Monday, 09 May 2016 အပိုင်း(၁)။ အရင် စစ်အစိုးရ လက်ထက်က သူတို့ အုပ်ချုပ်ပုံတွေ၊ အစိုးရ အနေနှင့် သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေနှင့် ပတ်သက် ပြီး၊ ဝေဖန် ပြစ်တင်စရာတွေ မရေမတွက် နိုင်အောင် ရှိခဲ့ပါတယ်။ ထိပ်တန်း ခေါင်းဆောင်တွေက သူတို့ရဲ့ ရားထူး၊ အခွင့်၊ အာဏာတွေကို တလွဲသုံးပြီး၊ တဘက်မှာ ကိုယ့်ကိုကိုယ် ချမ်း သာအောင် လုပ်ခဲ့ကြသလို၊ အခြား တဘက်မှာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ဖိနှိပ်၊ ညဉ်းပမ်း အနိုင်ကျင့်မှုတွေကို လည်း ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီတုန်းက နိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်ဒေသကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ လူကုန်ကူးမှုပြသာနာတွေ၊ မူးယစ် ဆေးဝါး ထုတ်လုပ်မှုတွေ၊ အိခ်ျအိုင်ဗီ ရောဂါဖြစ်ပွားမှုတွေ၊ ပြည်တွင်းစစ်တွေ၊ ကလေးစစ်သားစုဆောင်းမှုတွေ၊ စီးပွားရေး ကမောက် ကမ ဖြစ်မှုတွေ၊ အတင်း စစ်သားစုဆောင်းမှုတွေနှင့် ခရိုနီတွေ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင် စီးပွား ရေးထူထောင်မှုတွေလို အာရုံစိုက် ကြည့်ရှုဖို့ လိုအပ်တဲ့ အဓိက ပြသာနာ တွေကို မမြင်ချင် အဆုံး၊ မြင်တွေ့ ခဲ့ရမှာ ဖြစ်ပါ တယ်။ အထက်က ပြောခဲ့တဲ့ အဓိက ပြသာနာ အများစုကြီးက အခု အမျိုးသား ဒီမိုကရေစီ အဖွှဲချုပ် အစိုးရ လက်ထက် မှာလည်း ဖြေရှင်းရမယ့် အရေးကိစ္စ အဖြစ် တည်ရှိနေဆဲပါ။ သို့ပေမယ့် အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွှဲချုပ်က အစိုးရ ဖြစ်နေပြီမို့၊ အစိုးရ တရပ် ဘယ်ပုံ ဘယ်နည်း စိမံခန့်ခွဲ ရမှာလဲ ဆိုတာနှင့် ပတ်သက်ပြီး၊ အားလုံး မဟုတ်တောင်၊ အများစုကြီးကို ကိုင်တွယ် လုပ်ကိုင်နိုင်နေပြီ ဖြစ်တာကြောင့် တခြား တစုံတဦးက လာပြီး ပြသာနာတွေကို ဖြေရှင်းပေးဖို့ မမျှော်လင့် နိုင်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွှဲချုပ် အစိုးရ အခုအခါ တစတစ နားလည် သိရှိလာနေတာက ဒီ ပြသာနာကြီးတွေကို ဖြေရှင်းနိုင် တဲ့ နည်းလမ်းက နည်းနည်းလေးပဲ ရှိတယ် ဆိုတာကိုပါပဲ။ လွန်ခဲ့တဲ့လက နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ် ပေးနိုင်ခဲ့တာက အမျိုးသား ဒီမိုကရေစီ အဖွှဲချုပ် အစိုးရရဲ့ အတော် ထိရောက်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဆက်လက်ပြီး နောက်ထပ် ကိုင်တွယ် ဖြေရှင်းရမဲ့ အရေးအရာတွေမှာတော့ အုပ်ချုပ်သူ အစိုးရက အန္တရယ်တေ ရှိတဲ့ စွန့်စားရမှုတွေနှင့် ရရှိနိုင်တဲ့ အကျိုးရလာဒ်ကောင်းတွေကို အသေအချာ တွက်ချက်ပြီး ၊ ကြောင်းကျိုး ဆီလျှော်စွာနှင့် မှန်ကန် ထိရောက်စွာ ဆင်ခြင် ဆုံးဖြတ် လုပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ အရင် (ဦးသိန်းစိန်) အစိုးရက နားလည် သိရှိခဲ့ရသလို၊ မြန်မာနိုင်ငံ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြသာနာတွက နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပြသာနာမျိုး ဖြစ်ပြီး၊ အဲဒါတွေကို ဖြေရှင်း နိုင်မယ့် နည်းလမ်းတွေကို အလွယ်တကူ ရှာဖွေ တွေ့ ရှိဖို့ မလွယ်ပါဘူး။ မှတ်သားဖို့ အကောင်းဆုံး အချက်က ပြည်ခိုင်ဖြိုးပါတီ ဟာ ခက်ခက်ခဲခဲ လုပ်ဖို့မလိုတဲ့၊ ခပ်လွယ်လွယ် လုပ်လို့ရမဲ့ ဆုံးဖြတ် လုပ်ကိုင်မှုမျိုးတွေကိုသာ ရွေးလုပ်ရင်းနှင့် သက်တမ်း ကုန်သွားခဲ့ရတာပါ။ သစ်ပင် တပင်ရဲ့ အနိမ့်ဆုံး နေရာက အလွယ်ဆုံး အသီးတွေကိုသာ ရွေးပြီး ခူးစားခဲ့ကြတာပါ။ သမ္မတဟောင်း ဦးသိန်းစိန်ဟာ သူ့ကို ပေးအပ်ခဲ့တဲ့ လုပ်ပိုင်ခွင့်တွေက အကန့်အသတ်တွေ ဘယ့်လောက်ကြီး နေသည့်တိုင်၊ သူက လိုအပ်ပြီး အရေးကြီးတဲ့ အပြောင်းအလဲ အချို့ကို လုပ်ခဲ့တာ အမှန်ပါပဲ။ အထူးသဖြင့် စီး ပွားရေး ယန္တရားမှာ ဖြစ်ပါတယ်။ သူရဲ့ အာဏာနှင့် လုပ်ပိုင်ခွင့်တွေကို သိမ်သိမ်မွေ့မွေ့ ကလေး စွန့်လွှတ်ပေး သွားခဲ့ပုံ အတွက်လည်း ချီးကျူး ဂုဏ်ပြု ထိုက်ပါတယ်။ အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အတိုင်ပင်ခံနှင့် ဦးထင်ကျော်က သမ္မတ ဖြစ်လို့ လာခဲ့ပါပြီ။ အဲဒီတော့ သူတို့က အစိုးရ တရပ်အနေနှင့် ဘယ် အရေးကိစ္စကို အာရုံစိုက်ကြမှာလဲ ? သူတို့ အာရုံစိုက် ရမဲ့ ထိပ်တန်း အရေးကိစ္စတွေထဲက တခုက စိတ်သောက ဖြစ်စရာ တရုပ် - မြန်မာ ဆက်ဆံ ရေးပဲ ဖြစ်ပါတယ်။ ကောင်းဖို့ ဖြစ်စေ ဆိုးဖို့ ဖြစ်စေ၊ အစိုးရသစ်က ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ရှင်သန် အားကောင်းနေဖို့ အဓိက အဆုံး အဖြတ်ပေးမှာက တရုပ် - မြန်မာ ဆက်ဆံ ရေးပဲ ဖြစ်ပါတယ်။ အခြား အရေးကိစ္စ တွေ အများအပြား အပေါ် ဒီ ဆက်ဆံရေးက လွှမ်းမိုးထားတာကြောင့် ဒီ ဆက်ဆံရေးကို သာမန်လို့ သဘောထား လို့ ဖြစ်ကို မဖြစ်နိုင်ပါဘူး။ ဆက်လက် ဖေါ်ပြပါမည်။ ဆီလျှော်အောင် အကျဉ်းချုပ် မြန်မာမှုပြုသည်။ တင်ဝင်း (ဒီမို-မန်း) Study Group for Promoting Human Rights, Democracy and Pluralism in Burma (based in Japan). ၂၀၁၆ခုနှစ်၊ မေလ (၈)ရက်။ Freethinkers are those who are willing to use their minds without prejudice and without fearing to understand things that clash with their own customs, privileges, or beliefs. This state of mind is not common, but it is essential for right thinking, where it is absent, discussion is apt to become worse than useless.

Foreign Policy မဂ္ဂဇင်း ကြီးပါ ဆောင်းပါးကို ဆီလျှောအောင် အကျဉ်းချုပ် ဘာသာပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ စီးပွားရေး ကို ကယ်တင် နိုင်ပါ့မလား? အပိုင်း (၁)။ ရွေးကောက်ပွဲမှာ အနိုင်ရတာက ကိစ္စတခု ပြီးမြောက်ခြင်းသာ ဖြစ်ပြီး၊ အခုအခါ နိုင်ငံသားတွေရဲ့ ဘဝတွေကို ပိုမို ကောင်းမွန်အောင် ဖန်တီးဖို့ အချိန်ကျရောက်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ နံပါတ်(၁) ဦးစားပေး လုပ်ဆောင်မည့် ကိစ္စက လွပ်လပ်ရေး ရစ ကတည်း က နိုင်ငံတော်ကို နှောာင့်ယှက် ဖျက်ဆီးလာနေခဲ့တဲ့ ပြည်တွင်း စစ်တွေ ကို အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အပေါ်အစွမ်းကုန် အားထုတ် ကျိုးပမ်း သွားရေးပဲ ဖြစ်ပါလိမ့်မယ်။ (၁၉၆၂) ခုနှစ်၊ တပ်မတော်က အာဏာသိမ်းယူ ခဲ့စဉ်က မြန်မာ နိုင်ငံဟာ ဒေသ အတွင်းက အား အကောင်းဆုံး စီးပွားရေးကို ထူထောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ မြန်မာ့ စီးပွားရေးက အာရှတိုက်မှာ ဒုတိယ အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေပါပြီ။ အစိုးရဟောင်းရဲ့ သမ္မတ ဖြစ်ခဲ့သူ ဦးသိန်းစိန်( ၂၀၁၁) ခုနှစ်တုံးက က စတင်ခဲ့တဲ့ ပြုပြင်ပြောင်လဲရေးဟာ အထက်ပါ စိတ်ပျက်စရာ အနေအထားကို ပြောင်းပြန်လှန် နိုင်ဖို့ အဓိက ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကျိုးပမ်းမှုတွေက လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အတော်ကောင်းမွန်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ဖြစ်တဲ့ (၆.၅%) အထိ တိုးတက်မှုကို ရခဲ့ပေမယ့်၊ ဒီလို တိုးတက်ခဲ့မှုဟာ ကနဦး အဆင့်မျှသာ ရှိနေသေးပြီး၊ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကတော့ အလှမ်းဝေး နေပါသေးတယ်။ မြန်မာ့ စီးပွားရေးဟာ ဆယ်ဆုနှစ်များစွာ ကတည်းက ရင်းနှီးမြုပ်နှံမှုတွေ ငတ်မွတ်နေခဲ့တာ ဖြစ်ပြီး၊ အခုထက်ထိ စီးပွားရေး အကျပ်အတည်း အတွင်းက ရုန်းမထွက် နိုင်သေးပါဘူး။ ပြည်တွင်းထုတ်ကုန် စုစုပေါင်း အပေါ် အခြေခံတဲ့ တဦးကျ (တနှစ်) ဝင်ငွေဟာ အလွန်နိမ့်ကျတဲ့ နှုန်းထား ဖြစ်တဲ့ ဒေါ်လာ (၁၂၀၀)လောက်သာ ဖြစ်ပါတယ်။ ဒီနှုန်းက အိမ်နီးချင်း ထိုင်း(ဒေါ်လာ ၆,၀၀၀) နိုင်ငံရဲ့ (၅)ပုံ(၁)သာရှိပြီး၊ အလွန်ကွာ ခြားနေတာကို တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံသား (၄)ပုံ(၁)ပုံက ဆင်းရဲတွင်းထဲမှာနစ်နေဆဲ ဖြစ်ပြီး၊ လျှပ်စစ်ဓါတ်အားကို နိုင်ငံသား (၄)ပုံ(၁)ပုံ ကသာ ရရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အညံ့ဆုံးနှင့် အဆိုးဝါးဆုံး ကားလမ်း၊ ရထားလမ်းနှင့် သင်္ဘော ဆက် သွယ်ရေး ကွန်ယက် ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အထက်ပါ အနေအထားကနေ အနည်းအငယ်လေး တိုးတက် ကောင်းမွန်လာအောင် လုပ်ဖို့ ကိုက အလွန့်လွန် ခက်ခဲတဲ့ မဟာ အလုပ်ကြီး ဖြစ်တယ် ဆိုတာကို မြန်မာ နိုင်ငံသား အများစုကြီးက ကောင်း ကောင်း သိရှိ နား လည် ထားကြပါတယ်။ အဲဒါကြောင့်ပဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက သူ့အရင် အစိုးရက စတင်လုပ်ခဲ့တဲ့ အတိုင်း၊ ကျေး လက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အာရုံစိုက်ပြီး၊ လုပ်သွားပါလိမ့်မယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးသစ် ဖြစ်တဲ့ ဦးကျော်ဝင်းက နိုင်ငံရဲ့ လူဦးရေ (၇၀%)ဟာ ကျေးလက်တွေမှာ နေထိုင် ကြပါတယ်လို့ ပြောနေပါတယ်။ အဲဒီ သူတွေက ဆင်းရဲ ချို့တဲ့ကြပြီး၊ လုံလောက်တဲ့ ဝင်ငွေ ရရှိကြခြင်း မရှိကြပါဘူး။ အဲဒါကြောင့် သူတို့ဟာ အစိုးရသစ်ရဲ့ ပထမ ဦးစားပေး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရရဲ့ စီးပွားရေး ပေါ်လစီဟာ နိုင်ငံသားတွေရဲ့ ဝင်ငွေ ရရှိမှု ကွာဟ နေတာကို လျှော့ချဖို့နှင့် အခွန်မှ ရရှိတဲ့ ဝင်ငွေတွေ တိုးတက်အောင် လုပ်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ၊ မြန်မာနိုင်ငံက အကြီးအကျယ် လိုအပ်နေတဲ့ စာသင်ကျောင်းသစ်တွေနှင့် လမ်း အသစ်တွေ တည် ဆောက်ရာမှာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ် တဲ့။ အခုအခါ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာနေတဲ့ နိုင်ငံရပ်ခြားက၊ အထူးသဖြင့် ဂျပန် နိုင်ငံက၊ ရရှိနေတဲ့ ထောက်ပံ့ငွေတွေနှင့် ဖွံ့ဖြိုးရေး အကူအညီတွေ အများကြီးရှိ နေပြီး၊ အဲဒီ ငွေတွေနှင့် စီးပွားရေး အထူးဇုံ အသစ် ကြီးတွေ ဖေါ်ထုတ်ရာမှာ အကြီးအကျယ် သုံးစွဲနေပါတယ်။ အဲဒါတွေကို ဆက်လက် လုပ်ဆောင်သွားရမှာပါ။ ဒါပေမယ့် အခု အခါ ပြည်တွင်းထုတ်ကုန် စုစုပေါင်းရဲ့ ၅%သာ ရှိနေသေးတဲ့၊ မပြောပလောက်တဲ့ ဝင်ငွေ ဖြစ်တဲ့ အခွန်မှ ဝင်ငွေကို အကြီးအကျယ် တိုးတက်အောင် မလုပ်ပဲ၊ စီးပွားရေး အရ အောင်မြင်အောင် လုပ်နိုင်ဖို့ အလား အလာ အလွန် နည်းပါးကြောင်းကို အစိုးရသစ်က ကောင်းကောင်းကြီးသိနေပါတယ်။ ဦးကျော်ဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး အဖြစ်ခန့်အပ်ရာမှာ သူ့ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုထက် အဖွဲ့ချုပ် ရဲ့ စီးပွားရေးရာ ကော်မတီမှာ အချိန်ကြာမြင့်စွာ ကတည်းက ပါဝင်ခဲ့သူ ဖြစ်တဲ့ အတွက်၊ အဖွဲ့ချုပ် အပေါ် သစ္စာခံ မှု ကို အကြောင်းပြုပြီး ရွေးချယ်ခဲ့တာ ထင်ရှားလှပါတယ်။ ဒီအတောအတွင်း၊ ကုန်သွယ်ရေး ဝန်ကြီး အဖြစ်ခန့်အပ်ခံရသူ ဦးသန်းမြင့် ဟာလည်း အတွေ့အကြုံ မရှိသူ ဖြစ် နေပြန်ပါတယ်။ အဖွဲ့ချုပ်ဟာ အတွေ့အကြုံရင့်သန်ပြီး၊ မြန်မာနိုင်ငံ အကြောင်း အချိန်ကြာမြင့်စွာ ကတည်းက အနီးကပ် လေ့လာ အကဲခတ်နေသူ သြစတေးလျ နိုင်ငံက အဆင့်မြင့် ပညာရှင် ဖြစ်တဲ့ ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) တို့လို ပုဂ္ဂိုလ်မျိုးတွေ ဆီက အကြံဥာဏ်တွေ ရရှိနေခဲ့တာကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကက်ဘိနက်ဝန်ကြီးအဆင့် စီးပွားရေးရာ အဖွဲ့ဝင်တွေမှာ ပြင်ပ ပညာရှင်များကို အမှီလိုက်နိုင်ဖို့ အကျိတ် အနယ် ကြိုးစား ရဦးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ၊ ပိုပြီးသိသာ ထင်ရှားတဲ့ အချက်တခုက အစိုးရသစ်ရဲ့ စီးပွားရေးရာ ဦးစားပေး အစီအစဉ်တွေက တပ်မတော်နှင့် စောစီးစွာ ထိပ်တိုက်တွေ့ရေးတွေ ဆီကို ခေါ်ဆောင်သွား စရာရှိနေပါတယ်။ နောက်ပြီး၊ အရပ် သား အစိုးရသစ်နှင့် တပ်မတော်ကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီး တွေ အကြားမှာ ဖြစ်ပေါ် လာ နိုင်စရာရှိတဲ့ ဒီရုန်း ကန် တွန်းလှန်မှုတွေက ကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ သက်တမ်းကို ပိုင်းခြား သတ်မှတ် ပါလိမ့်မယ်။ ဆက်လက် ဖေါ်ပြပါမည်။ တင်ဝင်း (ဒီမို-မန်း) Study Group for Promoting Human Rights, Democracy and Pluralism in Burma (based in Japan). ၂၀၁၆ခုနှစ်၊ ဧပြီလ (၂၅)ရက်။

Tuesday 10 May 2016

CAN THE USPD SURVIVE ? The FRONTIER MYANMAR

ပြည်ခိုင်ဖြိုး ပါတီ ဆက်လက် ရပ်တည်နိုင်ပါ့မလား ? စစ်တပ်ကို နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို ဦးသိန်းစိန်က ချုပ်ကိုင် စုစည်းဖို့ လုပ်ဆောင်နေမှုတွေက လွန်ခဲ့ တဲ့ နှစ် ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနှိမ့်ခဲ့ရာမှ ပါတီ ပြန်လည် နုလံထူ နိုင်ရေး အလားအလာကို ပိုပြီး မှေးမှိန် စေပါတယ်။ ကောင်းကွက်တွေရော၊ အပြစ်အနာတွေပါ အများအပြား ရှိနေတဲ့ သမ္မတဟောင်း ဦးသိန်းစိန်က နိုင်ငံသူ၊ နိုင်ငံ သားတွေကို နှိုးကြား၊ တက်ကြွလာအောင်လုပ်နိုင်ခဲ့သူ ဖြစ်တယ်လို့ ဘယ်လိုနည်းနှင့်မှ ပြောဆိုသတ်မှတ်လို့ မရ နိုင်ပါဘူး။ သူက ဆိတ်ဆိတ်၊ငြိမ်ငြိမ်နှင့် သီးသီးသန့်သန့် တကိုယ်တည်း နေတတ်သူ ဖြစ်ပြီး၊ ဒေသတွင်းက နိုင်ငံရေး ခေါင်းဆောင် အများစုလို လူအများ အထင်ကြီးအောင် ကိုယ့်ကိုကိုယ် အမွှန်းတင်ပြီး၊ ထင်ပေါ်ကျော်ကြား လူ အထင်ကြီး ခံလိုသူလည်း မဟုတ်ပါဘူး။ သူ သမ္မတ ဖြစ်ခဲ့စဉ်က လစဉ် ရေဒီယို ကနေ အသံလွှင့် မိန်းခွန်းပြောတဲ့ အထဲမှာ၊ သူ့ အရင်က စစ်အစိုးရ လက်ထက်မှာ ထည်လဲ သုံးခဲ့တဲ့ “ညီညွတ်ကြဖို့၊ အချုပ်အခြာ အာဏာ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး စတဲ့ အဖန်တရာ အိုဟောင်းနေတဲ့ ပျင်းရိစရာ ကောင်းလှတဲ့ ဆောင်ပုဒ်တွေ ပြည့်လွှမ်းနေပါတယ်။ ပြည်ခိုင်ဖြိုး ပါတီ လိုပဲ၊ သက်ကြီးရွယ်အို သူတွေက အုပ်ချုပ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်(၆)ဦး ဟာ ဦးသိန်းစိန်နှင့် ရွယ်တူ (သို့) ပိုပြီး အသက်ကြီးတဲ့ သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်က ပိုပြီး လျှင်လျှင်မြန်မြန် အိုမင်း ရင့်ရော်သွား ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တနှစ်တည်းမှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့်၊ ဦးသိန်းစိန်မှာ နှလုံးနှင့် ပတ်သက်ပြီး ပြသာနာ ရှိနေတာကြေင့် နှလုံးခုန် ပုံမှန်အောင် ပြုလုပ်ပေး ရတဲ့ စက်တမျိုးကို ခန္ဓာကိုယ် အတွင်း ထည့်သွင်း ထားရပါတယ်။ ဦးသိန်းစိန်ဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရဲ့ အဆင့်မြင့် ခေါင်းဆောင်ဟောင်း တဦးအနေနှင့်ရော၊ နိုင်ငံကို အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ စိတ်အားထက်သန်ခဲ့သူ တဦး ဖြစ်ပေမယ့်၊ လုပ်ဖို့ လိုသလောက်၊ လုပ်လို့ ရနိုင် သလောက် လုပ်ဖို့၊ ထင်ထင်ရှားရှား ပျက်ကွက်ခဲ့တဲ့ နိုင်ငံတော် အကြီးအကဲ ဟောင်း အဦး အဖြစ်ပါ ချန်ရစ်ခဲ့တဲ့ သူ့အမွေအနှစ်ရဲ့ ဝန်းရံထားမှုကို ခံနေရသူ တဦးဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ လက်ထောက်တွေလို၊ အားကောင်းမှုကို မပြနိုင်ခဲ့သလို၊ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုပါ လုံးဝ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။ သူဟာ လာမည့် (၂၀၂၀)ခုနှစ် ရွေးကောက်ပွဲတွေကျင်းပချိန်မှာ အသက်(၇၅)နှစ် ရှိလာမှာ ဖြစ်ပါတယ်။ သူ့ခေါင်းဆောင်မှု အောက်မှာ ပြည်ခိုင်ဖြိုးပါတီ ကို မရှုမလှ ရှုံးနိမ့်ခဲ့ရတဲ့ အဖြစ်ရောက်ခဲ့ အပြီးမှာ၊ လူအများ အပြားက သူ့ခေတ် ကုန်သွားပြီးလို့ မှတ်ယူ သဘောထားနေကြပါတယ်။ သို့တိုင်အောင် ဦးသိန်းစိန်ဟာ သူ့ပါတီ လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက ရှုံးနှိမ့် ဖရို့မရဲ ဖြစ်ခဲ့အပြီး၊ ကျန်ရစ်ခဲ့တဲ့ လက်ကျန် အစိတ်အပိုင်းမှာ သူ့ ကိုယ်သူ၊ ပါတီရဲ့ အငြင်းပွားဖွယ် မရှိတဲ့ ခေါင်းဆောင်အဖြစ် နေရာယူ နေပြန် ပါတယ်။ လွန်ခဲ့တဲ့ အပတ် မေမြို့က ဘုန်းတော်ကြီးကျောင်းတခုမှာ ရက်အနည်းငယ်ကြာ၊ ရဟန်းဘောင် ဝင်ခဲ့အပြီးမှာ၊ သမ္မတဟောင်းဟာ သူ့ရဲ့ပါတီကို ပြန်လည်စုစည်းပြီး၊ လာမည့် ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရှိရအောင် လမ်းခင်းခြင်း ဖြစ်တယ်လို့ ထင်မှတ်ရတဲ့ ခြေလှမ်း အဖြစ်၊ လူမှုအခြေပြု အဖွဲ့အစည်းတခုကို ထူထောင်ဖို့ ပြင် ဆင် နေတယ်လို့ ကြားသိခဲ့ရပါ တယ်။ နောက် ရက်အနည်းငယ် အကြာမှာတော့၊ လွန်ခဲ့တဲ့ (၈)လ (သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ လူသိများတဲ့)က အပြီး မသတ်ခဲ့ရသေးတဲ့ အလုပ်တခုကို အပြီးသတ်တဲ့ အနေနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဟောင်း သူရဦးရွှေမန်းနှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အဖွဲ့ (သို့) လွှတ်တော်ရေးရာ ကော်မတီ တွေမှာ ရာထူးတွေ ခန့်အပ်ခြင်းခံခဲ့ရတဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် (၁၆)ဦးကို ပါတီက ထုတ်ပယ်ပစ်ခဲ့ ပါတယ်။ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် မှာ ဆွေးနွေးခွင့်ပြုခဲ့ခြင်းနှင့် သူ့ရဲ့ လက်ထောက်များက တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးတွေကို ရွေး ကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အဖြစ် ရွေးချယ်ခံရရေးကို တားဆီး ပိတ်ပင်ခဲ့တာကြောင့် လွန်ခဲ့တဲ့ သြဂုတ်လ (သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ လူသိများတဲ့) သူရဦးရွှေမန်းနှင့် ပါတီခေါင်းဆောင် အများအပြားကို ရားထူးမှ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်က အဆိုပါ ထိပ်တန်း ပါတီဝင်များကို ထုတ်ပယ်မှုကို အတည်ပြုလိုက်ပြီ ဖြစ်တဲ့ အတွက်၊ အခုအခါ ဦးသိန်းစိန်က ပါတီကို အကြွင်းမဲ့ ချုပ်ကိုင် ထားနိုင်ပြီ ဖြစ်ပါတယ်။ သူ့ကို နိုင်ငံ ပြုပြင်ပြောင်းလဲရေးကို စတင်ဦးဆောင် ပြုလုပ်ခဲ့သူလို့ သဘောထားသူ တချို့ရဲ့ အားပေး ထောက် ခံမှုတွေ ရှိခဲ့ပေမယ့်၊ သူဟာ ထင်ရှားတဲ့ လူကြိုက်များတဲ့ ပြည်သူ့ ခေါင်းဆောင် အဖြစ် ဘယ်တုန်းကမှ မရောက် ခဲ့ပါဘူး။ သူရဦးရွှေမန်းနှင့် ဆန့်ကျင် အားပြိုင်မှုတွေ မြင့်တက်လာတာနှင့်အမျှ၊ သူဟာ ပြည်ခိုင်ဖြိုး ပါတီတွင်း မှာတောင် ထောက်ခံမှုတွေ အတော်ကြီး ဆုံးရှုံးသွားခဲ့ရပါတယ်။ သူဟာ အတုအယောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) လူထုဆန္ဒခံယူပွဲနှင့် (၂၀၁၀) အတုအယောင် ရွေး ကောက်ပွဲတွေ အပြီးမှာ၊ ယခင် အာဏာရှင်ဟောင်းရဲ့ အရိုက်အရာကို ဆက်ခံတဲ့၊ ယခင် အာဏာရှင်ဟောင်း ရဲ့ အမိန့်အရ နိုင်ငံတော် အကြီးအကဲ ရာထူးကို ရယူခဲ့တဲ့ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စစ်မှန်တဲ့ စမ်းသပ် စစ်ဆေးပွဲတွေဖြစ်ခဲ့တဲ့ (၂၀၁၂)နှင့် (၂၀၁၅) ရွေးကောက်ပွဲ တွေမှာ အရှုံးကြီးရှုံး ခဲ့ရတဲ့ ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ အခုအခါမှာ အရင်ကလို၊ မိမိရဲ့ ဘဏ္ဍာရေး အနေအထားကို ထောက်မ ဖို့ နိုင်ငံတော် ဘဏ္ဍာ အပေါ် အားကိုးအားထား မပြုနိုင်တော့ပါဘူး။ တကယ်လို့ လွန်ခဲ့တဲ့နှစ် မေလက ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်တွေရဲ့ ကြေညာချက်ပါ အတိုင်း သူတို့ပါတီ က စီးပွားရေး လုပ်ငန်း တွေကို ပိုင်ဆိုင်ခြင်း မရှိတော့ဘူး ဆိုရင်၊ လာမည့်ရွေးကောက်ပွဲတွေ အတွက် ရံပုံငွေ တွေ ရရှိဖို့ ပါတီက ခက်ခက် ခဲခဲ ကျိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ ယခင်က သူတို့ကို ရက်ရက်ရောရော ငွေကြေးတွေ ပုံအောပြီး ထောက်ပံ့ပေးခဲ့ကြတဲ့ စီးပွားရေးခေါင်းဆောင်တွေ ကလည်း နိုင်ငံရေး အခင်းအကျင်း အသစ်မှာ သိတ်ပြီး ရက်ရောမဲ့ အလားအလာ မရှိပါဘူး။ အထူးသဖြင့်၊ အမေ ရိကန်တွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စါရင်းကနေ ပယ်ဖျက်ခြင်း ခံရအောင် ကာလာကာ နောက်ကွယ်ကနေ အကြီး အကျယ် ကျိုးပမ်း အားထုတ်နေကြတဲ့ သူတွေက ပေးချင် ကမ်းချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ချမ်းသာကြွယ်တဲ့ ပါတီ ခေါင်းဆောင် တချို့ရဲ့ ပိုင်ဆိုင်မှုတွေနှင့် ပါတီလှုပ်ရှားမှုတွေ လုပ်ဖို့ လုံလောက်တဲ့ ထောက်ပံ့မှုတွေ ပြုနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်ခိုင်ဖြိုး ပါတီအဖို့ ပါတီ ပြန်လည် ရှင်သန် အားကောင်းလာရေး အတွက် တကယ်လက်တွေ့ကျပြီး၊ တခုတည်း သော လုပ်ရမယ့် လုပ်ငန်း ဖြစ်တဲ့ တတ်နိုင်လောက် တပ်မတော်နှင့် ခပ်ကင်းကင်း နေရမဲ့ အချိန်အခါ မျိုး မှာ၊ တပ်မတော်က စီမံကြီးကြပ်နေတဲ့ နိုင်ငံပိုင် လုပ်ငန်းကြီးများကသာ ပါတီကို တကယ်ထိရောက်တဲ့ ထောက်ပံ့ မှုတွေ ပေးနိုင်တဲ့ အဖွဲ့အစည်း အဖြစ်ကျန်နေတော့တာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ မိမိကိုယ်ကို ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပင်စင်ရယူရေးအတွက် ထူထောင် ထားတဲ့ စီမံချက် တရပ်လောက် ထက် များစွာကျော်လွန်ပြီး၊ အာဏာ ပြန်လည် ရယူဖို့ မျှော်မှန်းထားတဲ့ နိုင်ငံရေးပါတီ တခု အနေနှင့် ယူဆတယ်ဆိုရင်၊ အခုအချိန်အခါမှာ အဲဒီ ရည်မှန်းချက်ကို ပေါက်မြောက်ဖို့ မလွယ်ပါဘူး။ အကျင့်ဟောင်း၊ နည်းလမ်းဟောင်းတွေကို ဖက်တွဲထားပြီး၊ မျိုးဆက်သစ် တွေ အတွက် သွေးသစ်လောင်း ထားတဲ့ အပြောင်းအလဲမျိုးကို ပြောင်းလဲဖို့ ငြင်းဆန်တဲ့ မည်သည့် အဖွဲ့အစည်းမဆို၊ နှောင့်နှေးမှုနှင့် ခေတ်နောက်ပြန်ဆွဲ မှု တွေကိုသာ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ရယူခဲ့တဲ့ အောင်မြင်မှုတွေဟာ လူအများအပြားက အသိအမှတ်ပြုလက်ခံဖို့ နှင့် ချီးမွမ်း ထောပ နာပြုဖို့ အဆင် သင့် ဖြစ်နေတာထက် အများကြီးပိုပါတယ်။ အဲ၊ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းစိန်ရဲ့ ဆန္ဒတွေကို တိုးပြီး လိုက်လျော ပေးနေသလောက်၊ သူက ပါတီရဲ့ ဥက္ကဌ အဖြစ် ကြာကြာ နေရာယူထားသလောက်၊ ပြည်ခိုင်ဖြိုးပါတီ ဆက်လက်ပြီး ရပ်တည်နိုင်ဖို့ အရေးက ဖြစ်နိုင်ခြေ အလားအလာ နည်းနေမှာ ဖြစ်ပါတယ်။ ဆီလျှော်အောင် အကျဉ်းချုပ် မြန်မာမှုပြုသည်။ တင်ဝင်း (ဒီမို-မန်း) Study Group for Promoting Human Rights, Democracy and Pluralism in Burma (based in Japan). ၂၀၁၆ခုနှစ်၊ မေလ (၈)ရက်။ Freethinkers are those who are willing to use their minds without prejudice and without fearing to understand things that clash with their own customs, privileges, or beliefs. This state of mind is not common, but it is essential for right thinking, where it is absent, discussion is apt to become worse than useless.